စဥ့်ကူးမြို့အနီး ဗဟိုပြုသော ငလျင်ကြောင့် အလယ်ပိုင်းရှိ မြို့ခုနစ်မြို့ထက်မနည်း မြေလွှာလှုပ်ခတ်ခဲ့

 စဥ့်ကူးမြို့အနီး ဗဟိုပြု ၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် အလယ်ပိုင်း ဒေသမှ မြို့ခုနစ်မြို့ထက်မနည်း တွင် သိသာသောမြေလွှာလှုပ်ရှား မှုဖြစ်ပွား၍ ဒေသခံများ စိုးရိမ် ထိတ်လန့်ခဲ့ရသည်။ 


အဆိုပါငလျင်သည် မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့အနီး ဧပြီ ၈ ရက် သန်းခေါင်ယံ အလွန် ဧပြီ ၉ ရက်သို့ ဝင်ခါစချိန် တွင် လှုပ်ခတ်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းမှ မုံရွာ၊ မန္တလေး၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်နှင့် မိုးမိတ်မြို့တို့ တွင် သိသိသာသာ လှုပ်ခတ်ပြီး လူအများအိပ်မောကျချိန် လှုပ် ခတ်ခဲ့သော ယင်းငလျင်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရ သည်။ 

ငလျင် ဗဟိုချက်ဖြစ်သော စဥ့်ကူးမြို့တွင် အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည်။ 

‘‘အပေါ်ကို မြောက်တက် သွားအောင်လှုပ်တာဗျ။ အရမ်း ကြီးတော့ မကြာဘူး။ သုံးစက္ကန့်လောက်ပဲ။ ဝုန်းဆိုတဲ့အသံကြီး ရောပါတယ်’’ဟု စဥ့်ကူးမြို့ လက်ပံလှရွာနေသက်ခိုင်ကပြောသည်။

လက်ပံလှရွာသည် စဥ့်ကူး မြို့၏အရှေ့ဘက် ၅ မိုင်ခန့်အကွာ တွင် ရှိ၍ ငလျင်ဗဟိုချက်နှင့်နီး သည်။ ငလျင်သည် စဥ့်ကူးမြို့၏ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာကို ဗဟိုပြု၍ မြေအနက်၅ ကီလိုမီတာတွင် လှုပ်ခတ်ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

မြေအနက် ၅ ကီလိုမီတာ တွင် လှုပ်သော ဇောက်တိမ်ငလျင် ဖြစ်၍ မြေလွှာလှုပ်ရှားမှုပြင်းထန် ခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာ ရှင်များက ပြောသည်။ 

‘‘စစ်ကိုင်းပြတ်ရွေ့လှုပ်သွား တာ’’ဟု ဘူမိဗေဒပညာရှင် ဒေါ်လှလှအောင်က ဆိုသည်။ 

စစ်ကိုင်းပြတ်ရွေ့သည် မန္တ လေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့ကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၆ ဒသမ ၈ အဆင့်ဖြင့် ၂၀၁၂ က လှုပ်ခတ်ခဲ့ဖူးပြီး ယင်း ငလျင်ကြောင့် စဥ့်ကူးမြို့တွင် နေအိမ်အဆောက်အအုံများထိ ခိုက်ပျက်စီးခဲ့ဖူးသည်။ 

ယမန်နေ့ (ဧပြီ ၉ ရက်)က လှုပ်ခတ်သော ငလျင်သည် မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ ၂၀၁၈ အတွင်း (၅၆)ကြိမ်မြောက်လှုပ်ခတ်သော ငလျင်ဖြစ်သည်။ ငလျင်ကြောင့် ထိခိုက်မှုသတင်း မရသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧပြီ ၉ ရက် ညနေက ပြောသည်။