မူအပြောင်းအလဲများကြား ရန်ကုန်သင်္ကြန်စည်မှာလား

၂၀၁၇ ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေကစားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

စီးပွားရေးမြို့တော် ရန်ကုန်သည် ဧပြီလဆန်းကစ၍ မြန်မာနှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်မှုများဖြင့် သက်ဝင်လှုပ်ရှားစပြုနေသည်။

လမ်းမအချို့တွင် ဆောက်လုပ်နေသည့် သင်္ကြန်မဏ္ဍပ်များက ရုပ်လုံးပေါ်စပြုလာပြီဖြစ်ပြီး ယင်းမြင်ကွင်းများကပင် သင်္ကြန်အတွက် ကြိုတင်၍ ရင်ခုန်စိတ် လှုပ်ရှားစေသည်။

ထို့အပြင် ယခုနှစ် သင်္ကြန် ရက်နီးလာသည်နှင့် ရန်ကုန်မြို့ခံများ စိတ်ဝင်တစားသိလိုသည့် မေးခွန်းက သူတို့တွင် ရှိနေသည်။ ၎င်းတို့ သိလိုသည်မှာ ‘ဒီနှစ် ရန်ကုန်သင်္ကြန် စည်ပါ့မလား’ ဟူ၍ ဖြစ်သည်။

 အစိုးရသစ်လက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ စီးပွား ဖြစ်သင်္ကြန်မဏ္ဍပ်များ ကန့်သတ် လိုက်ပြီးနောက် ရန်ကုန်သင်္ကြန် စည်ကားမှုသည် ၂ နှစ်ဆက်တိုက် ဝေဖန်ငြင်းခုံမှုများရှိခဲ့သည်။ ယခု နှစ်တွင်မူ ရန်ကုန်သင်္ကြန်၌ စီးပွားဖြစ်မဏ္ဍပ်များ ပြန်လည်ခွင့်ပြုပြီ ဖြစ်၍ ရန်ကုန်သင်္ကြန်ချစ်သူများ ကြား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ များ ဖြစ်ပေါ်လာမည်လားဆိုသည့် မျှော်လင့်ချက်များလည်း ပြန်လည်ရှင်သန်လာသည်။

‘‘အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာ သင်္ကြန်အခြေအနေလည်း မြင်ခဲ့ရပြီးပြီဖြစ်တာကြောင့် ဒီနှစ်မှာ ဘယ်လိုစီမံမယ်ဆိုတာ သိချင်တယ်။ အရင်ရန်ကုန်သင်္ကြန် ပြန်လိုချင်တယ်’’ဟု ဒဂုံတက္ကသိုလ်မှ တတိယနှစ်ကျောင်းသား ကိုမင်းခန့်က ၎င်း၏ ဆန္ဒကို ဖွင့်ဟပြောကြားသည်။

၎င်းတို့လို လူငယ်လူရွယ်များစွာသည် တစ်ချိန်က ရေကစားမဏ္ဍပ်များ ပြည့်သိပ်စွာ ဆောက်လုပ်ဆော့ကစားခဲ့သည့် ရန်ကုန်သင်္ကြန်ပုံရိပ်ကို ပြန်လည်မျှော်လင့် နေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်မှတ်များ ရောင်းချကာ ရေကစား စေသည့် မဏ္ဍပ်များကို ဆောက်လုပ်ခွင့်ရပ်ဆိုင်းခြင်းဖြင့် ၂၀၁၆ ကစ၍ ရန်ကုန်သင်္ကြန်ပွဲတော်ပုံရိပ်ကို ပြောင်းလဲခဲ့ခြင်းကြောင့်ဖြစ် သည်။

ဦးဖြိုးမင်းသိန်းက ရန်ကုန်သင်္ကြန်ကို စီးပွားရေးဆန်ဆန် ပြုလုပ်နေခြင်းမှ ယဉ်ကျေးမှုသဏ္ဌာန် ပိုမိုပါဝင်သော သင်္ကြန်ဖြစ်ပေါ်စေရန်ဟုဆိုကာ မဏ္ဍပ်ဆောက်လုပ်မှုများကို ကန့်သတ်ခြင်းဖြစ်သည်။

ထိုသို့ မူဝါဒပြောင်းလဲမှု၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်သင်္ကြန်သည် ယခင်နှစ်များကထက် စည်ကားမှု လျော့နည်းစေခဲ့ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်သင်္ကြန်မစည်ကား အောင် ပြုလုပ်သူအဖြစ် ဝေဖန်ခံ ခဲ့ရသည်။

ယခင်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၅ တွင် ရန်ကုန်၌ သင်္ကြန်မဏ္ဍပ် ၆၀ ခန့် ဆောက်လုပ်ရေ ကစားခဲ့ပြီး အစိုးရသစ်တာဝန်ယူသည့် ၂၀၁၆ တွင် မဏ္ဍပ် ၂၀ ခန့် နှင့် ၂၀၁၇ တွင် မဏ္ဍပ် ၃၀ ခန့်ဆောက်လုပ်ခဲ့ခြင်းကြောင့် သင်္ကြန်မဏ္ဍပ်ရေကစားမှု သိသာစွာ လျော့နည်းခဲ့သည်။

ထို့ကြောင့် ရန်ကုန်သင်္ကြန်အား ယခုနှစ်တွင် စည်ကားမှု လျော့နည်းမည်ကို သင်္ကြန်မတိုင်မီကတည်းက စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။


၂၀၁၇ ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေကြသူများ (ဓာတ်ပုံ − စိုင်းဇော်)

သို့သော် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုနှစ်သင်္ကြန်ကို ယခင်ကထက် ပိုမိုစည်ကား အောင် ပြုလုပ်မည်ဟု ထုတ်ဖော်ပြောကြားကာ စီးပွားဖြစ်မဏ္ဍပ်များ ၉၅ ခုအထိ ဆောက်ခွင့်ပြုမည်ဟု ရန်ကုန်သင်္ကြန်ချစ်သူများ ကို ပြန်လည်ဆွဲဆောင်ခဲ့သည်။

ထို့ကြောင့် ၂ နှစ်အကြာ စည်ကားမှု လျော့နည်းခဲ့သည့် ရန်ကုန်သင်္ကြန်မှာ ယခုနှစ်တွင် ပြန်လည် နိုးထလာနိုင်ဖွယ်ရှိသည်ဟု ယူဆသူများရှိလာသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ်များကို ကန့်သတ်ချက်များ ဖြေလျှော့၍ တိုးမြှင့်ခွင့်ပြုပေးရန် အပြင်မဏ္ဍပ်ဆောက်လုပ်နိုင်မည့် နေရာများကို ကြိုတင်သတ်မှတ် ရွေးချယ်ပေးခဲ့သည်။

တိုင်းဒေသကြီး အစိုးရသည် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့ကို မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုခဲ့ဘဲ အခြားလမ်းများတွင် ဆောက်လုပ်နိုင်မည့် မဏ္ဍပ်အရေအတွက်နှင့်တကွ ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော် လက်တွေ့တွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားမှုထင်သလောက် များပြားခြင်းမရှိဘဲ နောက်ဆုံးအချိန်အထိ ခွင့်ပြုချက်ရရှိခဲ့သည့် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၃၀ ကျော်သာရှိခဲ့သည်။

‘‘မဏ္ဍပ် ဆောက်လုပ်ဖို့ချထားပေးတဲ့နေရာတွေက ရေရဖို့နဲ့ အခြားအခက်အခဲတွေရှိတာ ကြောင့် အသိတချို့က ဒီနှစ်မှာ မဏ္ဍပ်မဆောက် ဖြစ်ကြဘူးလို့ကြားတယ်’’ဟု မဏ္ဍပ်ကန်ထရိုက် လုပ်ကိုင်ခဲ့ဖူးသူ ကိုထက်အောင် က ပြောသည်။

ကိုထက်အောင်အနေဖြင့် မဏ္ဍပ်ဆောက်လုပ်ခွင့် ၂ နှစ်တာ ရပ်နားထားခဲ့ခြင်းကြောင့် မဏ္ဍပ်ဆောက်လုပ်၍ ရေကစားရန် သွေး အေးသွား၍ ယခုနှစ်တွင် မဏ္ဍပ်မဆောက်ဖြစ်တော့ဟုဆိုသည်။


၂၀၁၇ ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာ ရေကစားနေကြသူများ (ဓာတ်ပုံ-စိုင်းဇော်)

သို့သော် ရန်ကုန်သင်္ကြန်အတွင်း ယခုနှစ်၌ ဒီဂျေတီးကွက်များ ဖြင့် ကခုန်ရင်း ရေကစားနိုင်မည့် EDM များက ပြင်ဆင်အားအ ကောင်းဆုံးအနေအထားတွင်ရှိနေသည်။ လူငယ်များကို အဓိကပစ် မှတ်ထားသည့် EDM များသည် မြန်မာနိုင်ငံတွင် စိမ့်ဝင်လာခဲ့သည်မှာ နှစ်အနည်းငယ်သာရှိသေး သော်လည်း အမာခံပရိသတ်များ အခိုင်အမာရရှိထားပြီးဖြစ်သည်။

‘‘ဒီနှစ်မှာ EDM တွေက အခါတိုင်းထက် ပိုများလာတယ်ဆိုပေမယ့် စီးပွားရေးအကျိုးအမြတ်ထက်ကို ကျွန်တော်တို့လို လူငယ် တွေ ပျော်ရွှင်မှုရရှိဖို့အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ’’ဟု အင်းလျားလမ်း၊ လှေလှော်အသင်းချုပ် ၏ ရေလယ်ကျွန်းပေါ်တွင် "Road to Yangon Festival (EDM 2018)" ပြုလုပ်ရန် စီစဉ်သူ ကိုဖြိုးခန့်က ပြောသည်။

ရန်ကုန် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ရရှိထားသူဦးရေ ၃၀ ကျော်တွင် EDM ပွဲပြုလုပ်မည့် အရေအတွက် ၁၀ ခုအထက်တွင် ရှိနေသည်ဟု မဏ္ဍပ်ကန်ထရိုက် အချို့က ဆိုသည်။

EDM ပွဲပြုလုပ်သူအများစုသည် အခြားရေကစားမဏ္ဍပ်များ နည်းတူ လမ်းမကြီးဘေးတွင် မဏ္ဍပ်များ ဆောက်လုပ်၍ ပြင်ဆင်ထားပြီး အချို့သည် ခြံဝင်းနှင့် သီးသန့်ခြံမြေအတွင်း မြေစိုက် ဖျော်ဖြေပွဲသဏ္ဌာန်ပြုလုပ်ရန် ပြင် ဆင်ထား၍ အမြင်သစ်များ တွေ့ရဖွယ်ရှိနေသည်။

ယင်း EDM မဏ္ဍပ်များတွင် ပါဝင်ရေကစားခွင့် ရိုးရိုးလက်မှတ် ဈေးနှုန်းသည် တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်း အထိရှိပြီး ဝန်ဆောင်မှု ပိုကောင်းသည့် VIP အထူးလက်မှတ်ဈေး နှုန်းများမှာ တစ်ရက်လျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲအထိရှိကာ နေရာနှင့် မဏ္ဍပ်အမျိုး အစားအလိုက် ဈေးနှုန်းကွာခြားကြောင်း ကန်ထရိုက်အချို့က ဆိုသည်။

ထို့အပြင် ယခင်နှစ်က ဆောက်လုပ်ခွင့်မပြုခဲ့သည့် မဏ္ဍပ်များကို ယခုနှစ်တွင် ပြန်လည် ဆောက်လုပ်ခွင့်ပြုမည်ဟု ဦးဖြိုး မင်းသိန်းက ပြောသော်လည်း စီး ပွားဖြစ်မဏ္ဍပ်များ အမှန်တကယ် ဆောက်လုပ်ခွင့် ရ၊ မရနှင့်ပတ် သက်၍ ရှင်းရှင်းလင်းလင်းမရှိပေ။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရက ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့ သည့် သင်္ကြန်မဏ္ဍပ်ဆောက်လုပ် သူများ လိုက်နာရမည့် စည်းကမ်း ချက်တွင် ယခင် ၂ နှစ်ကအတိုင်း စီးပွားရေးဆန်ဆန် လက်မှတ်များ ရောင်းချခြင်း မပြုရန်ဆိုသည့် အချက် ပြန်လည်ပါဝင်လာခြင်း ကြောင့်ဖြစ်သည်။

‘‘ကျွန်တော်တို့ နားလည် ထားတာကတော့ လက်မှတ်ကို မန်ဘာကတ်သဘောမျိုးရောင်း ခွင့်ပြုတယ်လို့ပဲ သိထားတာ။ စည်းကမ်းချက်ထဲမှာ ဒီအချက်ပြန်ပါ လာတဲ့အပေါ်တော့ နားမလည် ဘူး’’ဟု အမည်မဖော်လိုသူ မဏ္ဍပ် ကန်ထရိုက်တစ်ဦးက ပြောသည်။

ထိုသို့ သင်္ကြန်ပွဲတော် ကျင်းပရေးနှင့် မဏ္ဍပ်ဆောက်လုပ်ခွင့်ပြု သည့် လုပ်ငန်းစဉ်များနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယခင်နှစ်များကကဲ့သို့ ကြိုတင်သတင်းစာရှင်းလင်းပွဲမပြု ခဲ့ပေ။

ထို့ကြောင့် တိုင်းဒေသကြီး အစိုးရ၏ သင်္ကြန်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များလည်း သင်္ကြန်ရောက်ရန် ရက်ပိုင်းအလို အထိ သတင်းအချက်အလက်ရှုပ် ထွေးနေဆဲဖြစ်သည်။

သို့သော် လက်ရှိရရှိထား သည့် အချက်အလက်အချို့အရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မျှော် မှန်းထားသလောက် ရန်ကုန် သင်္ကြန်မဏ္ဍပ် ပြည့်မီနိုင်မည် မဟုတ်သည်မှာ သေချာသလောက်ရှိနေပြီဖြစ်သည်။

ထို့အပြင် ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းသည် ယခုနှစ် သင်္ကြန်ကို ယခင်နှစ်များကထက် ပိုမိုစည် ကားစေရန်ဟုဆိုကာ မြို့နယ်အလိုက် မဏ္ဍပ်များ ဆောက်လုပ်စေ သည်။ မြို့နယ်မဏ္ဍပ်များကို ဌာန ဆိုင်ရာများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဒီချုပ်ပါတီဝင်များ စုပေါင်း၍ မြို့နယ်အလိုက် မဏ္ဍပ် များ ဆောက်လုပ်ရန် ညွှန်ကြား ထားခြင်းဖြစ်သည်။


ယခုနှစ်တွင် စတင်ကျင်းပမည့် ရန်ကုန်လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေကြသူများ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

ထိုသို့ စီမံမှုသည် ရန်ကုန် သင်္ကြန် စည်ကားမှုအပေါ် မည်မျှ အထောက်အကူပြုမည်ကို မသိ နိုင်သော်လည်း မဏ္ဍပ်ဆောက် လုပ်ရန် ထောက်ပံ့ငွေရရှိခြင်းမရှိ ၍ လတ်တလောတွင် ဝေဖန်မှု အချို့ ထွက်ပေါ်လာသည်။

‘‘မဏ္ဍပ်တစ်ခုဆောက်မယ် ဆိုရင် သိန်း ၁၀၀ လောက်အထိ ကုန်ကျနိုင်တဲ့အတွက် ငွေကြေး အခက်အခဲရှိတဲ့ မြို့နယ်တွေအ တွက်ကတော့ အခက်အခဲဖြစ်စေ မှာ သေချာတယ်’’ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇေယျက ပြော သည်။

ထို့အပြင် ရန်ကုန်သင်္ကြန်ပွဲ တော် ကျင်းပရေးနှင့်ပတ်သက်၍ မူဝါဒနှင့် ခံယူချက်တည်ငြိမ်မှုမရှိ သူအဖြစ် ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကို စောင့်ကြည့်လေ့လာသူ အချို့က ဝေဖန်သည်။

‘‘သူ့ (ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း)အနေနဲ့ ချမှတ်တဲ့ မူဝါဒတွေ က မပြတ်သားဘူး။ သင်္ကြန်ကိစ္စ ဆိုရင်လည်း အရင်က ပြောခဲ့တာ တွေနဲ့ အခုလုပ်တာတွေကလွဲနေ တာ အသိသာကြီး။ အစောကြီး ကတည်းက ဘာကြောင့် အခုလို မျိုးမစဉ်းစားခဲ့တာလဲ’’ဟု သင်္ကြန် ပွဲတော်ကျင်းပရေး မူဝါဒအပြောင်း အလဲနှင့်ပတ်သက်၍ ကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင် ဦးအေးခိုင်က မေးခွန်းထုတ်သည်။

ဦးဖြိုးမင်းသိန်းက ယခုနှစ် သင်္ကြန်ပွဲတော် စည်ကားရန် ကြိုး စားလုပ်ကိုင်မှုသည် ခရီးသွားလုပ် ငန်းတိုးမြှင့်ရန် ရည်ရွယ်မှုဖြစ် သည်ဟု ထုတ်ဖော်ပြောကြား သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအပေါ် နိုင်ငံ တကာ၏ ထင်မြင်နေသည့်အချက် များ လွဲမှားနေသည်ကို ပြသလို ခြင်းကြောင့်လည်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ဧပြီ ၃ ရက်က ပြုလုပ် သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ တော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ၎င်းက ပြော သည်။

ထိုသို့ ရန်ကုန်သင်္ကြန် စည် ကားစွာ ကျင်းပနိုင်ရေး ပြင်ဆင်မှု များတွင် မဏ္ဍပ်အရေအတွက်တိုး တက်လာရန် လုပ်ဆောင်မှုများ အပြင် လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးထည့်သွင်းကျင်းပရန် လည်း ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရက လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီး မြေပဒေသာကျွန်းနှင့် ကန်တော် မင်ပန်းခြံတို့တွင် ပြုလုပ်ရန် ပြင် ဆင်ထားခြင်းဖြစ်သည်။

‘‘ရန်ကုန်သင်္ကြန် ပိုမိုစည် ကားဖို့နဲ့ ယဉ်ကျေးမှုနဲ့အညီ ရေ ကစားနိုင်ဖို့ ရည်ရွယ်ပြီး ထည့် သွင်းကျင်းပတာ’’ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက လမ်းလျှောက်သင်္ကြန် ကို ထည့်သွင်းကျင်းပရခြင်းအပေါ် ရှင်းပြသည်။

ထို့ကြောင့် ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၏ မူဝါဒအပြောင်းအလဲ များဖြင့် ပြုလုပ်မည့် ယခုနှစ် သင်္ကြန်ပွဲသည် ဝေဖန်မှုများရှိ သကဲ့သို့ ယခင်နှစ်များကထက် သာလွန်သည့် ပြင်ဆင်မှုများကို တွေ့ရမည်ဖြစ်သည်။

‘‘အရင် ၂ နှစ်ထက်တော့ ပုံစံတစ်မျိုးနဲ့ ပိုစည်လာမယ်လို့တော့ ယူဆလို့ရတယ်ပေါ့။ လမ်း လျှောက်သင်္ကြန်တစ်ခုလည်း တိုးလာတော့ အမြင်အသစ်တွေလည်း ရလာနိုင်တယ်။ ဒါပေမဲ့ ဟိုအရင်က ရန်ကုန်သင်္ကြန်ပုံရိပ်အပြည့် အဝတော့ မရနိုင်သေးဘူး’’ဟု ပြည်လမ်းတွင် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသည့် ကန်ထရိုက်တစ်ဦးက ယခုနှစ် ရန်ကုန်သင်္ကြန် နှင့်ပတ်သက်၍ ခန့်မှန်းပြောကြား သည်။

ရန်ကုန် သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် အစိုးရ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့်သာ လုပ်ဆောင်ခြင်းမဟုတ်ဘဲ သင်္ကြန်နှင့် သက်ဆိုင်သူများ၏ သဘောထားကို မေးမြန်းပြီး ပြုလုပ်ပါက ပို၍ အကျိုးရှိနိုင်ကြောင်း စောင့်ကြည့်လေ့လာသူအချို့က အကြံပြုသည်။

‘‘အများသဘောဆန္ဒကို ရယူပြီးလုပ်မယ်ဆိုရင် ဝေဖန်စရာအ ကြောင်းပါခဲ့ရင်တော့ အစိုးရက သူ့သဘောနဲ့သူ လုပ်တာမဟုတ်ဘူးဆိုတဲ့ ဖြေစရာရှိနိုင်သလို ဒီမိုကရေစီနည်းနဲ့လည်း ညီတာပေါ့’’ ဟု အငြိမ်းစာအုပ်ချုပ်ရေးအရာရှိ ဦးအောင်သန်းက ဆိုသည်။

သို့သော် ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၏ မူဝါဒအပြောင်းအလဲ များဖြင့် တတိယအကြိမ် ကျင်းပခွင့်ရရှိမည့် ယခုနှစ် သင်္ကြန်ပွဲတော် သည် ရန်ကုန်သင်္ကြန်ချစ်သူများ ၏ စိုးရိမ်စိတ်ကို မည်မျှဖြေလျှော့၍ ကျေနပ်မှုပေးနိုင်မည်ကို မကြာမီရက်ပိုင်းအတွင်း အကဲဖြတ်နိုင် မည်ဖြစ်သည်။

‘‘မူဝါဒတွေလည်း ပြောင်းထားတယ်ဆိုတော့ ဒီနှစ်သင်္ကြန်အတွက်က ပိုရင်ခုန်တယ်။ ဘယ် လောက်စည်ကားအောင် လုပ်နိုင်မလဲဆိုတာ သိချင်လှပြီ’’ဟု နှစ်စဉ်သင်္ကြန်ကားဖြင့် ရေပက်ခံထွက်လေ့ရှိသူ ဒေါ်ပပထွန်းက သူ၏ ခံစားချက်ကို ဖွင့်ဟသည်။