အာလာဒင်ရဲ့ဒီဂျေအိပ်မက်

နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းတွင်းသင်္ကြန်ပွဲတော်တွင် ဒီဂျေအာလာဒင် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - Aladin Facebook)

တစ်လောလေးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက် ရေပန်းစားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ အများကြီးကျောင်းဝတ်စုံ ထဘီ၊ ပုဆိုးတွေနဲ့ ကျောင်းတွင်းသင်္ကြန် ဆင်နွှဲရင်း မြူးကြွတဲ့သံစဉ်တွေနဲ့အတူ ကခုန်နေတဲ့ ရုပ်သံမှတ်တမ်းလေးပါ။ အဲဒီရုပ်သံမှတ်တမ်းထဲမှာ စင်အောက်က ကျောင်းသား၊ ကျောင်းသူတွေ အားလုံးခုန်ပေါက် ကခုန်လာအောင် အမိုက်စားသံစဉ်တွေ ဖွင့်ပေးရင်း ကိုယ်တိုင်လည်း စည်းချက်နဲ့အညီ ကခုန်နေခဲ့တဲ့ ပိန်ပိန်သွယ်သွယ် လူရည်သန့် ဒီဂျေသမားလေးတစ်ယောက်ကို အတော်များများ သတိထားမိခဲ့ပါ တယ်။

အဲဒီ ဒီဂျေသမားလေးကိုယ်တိုင် စင်အောက်က ကျောင်းသား တွေလိုပဲ လုံချည်အပြာ၊ စတစ် ကော်လံအဖြူ ၀တ်ဆင်ထားပြီး ပွဲတော်နဲ့လိုက်ဖက်မယ့် သံစဉ်တွေ အချိုးညီညီ ပေါင်းစပ်ကာ တင်ဆက်ပေးခဲ့တာပါ။ အဲဒီရုပ်သံ မှတ်တမ်းလေးဟာ ကြည့်ရှုသူ (1.1 M) တစ်သန်းကျော်ပြီး ပြည်တွင်းသာမက အိမ်နီးချင်း ထိုင်း နိုင်ငံအထိ လူသိများခဲ့ပါတယ်။

ဒီဂျေသမားလေး နာမည်က အာလာဒင်လို့ ခေါ်ပါတယ်။ နာမည်ရင်းက ခပ်ဆန်းဆန်း တိုက်စစ်မှူးလို့ အမည်ရပြီး ဘောလုံးအားကစားသမား တစ်ဦးလည်းဖြစ်တဲ့ ဖခင်ပေးတဲ့အမည်ပါ။ အာလာဒင်က မန္တလေးမြို့ စိန်ပန်းရပ်မှာ နေပါတယ်။ အသက်(၂၄)နှစ်ရှိပြီး နည်းပညာတက္ကသိုလ်(မန္တလေး)က Mechanical Power စတုတ္ထနှစ် ကျောင်းသားပါ။ လူကြည့်များခဲ့တဲ့ ဗီဒီယိုမှတ်တမ်း လေးဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက် နှာဖြစ်တဲ့ Aladin ဆိုတဲ့ စာမျက် နှာလေးကနေတင်ခဲ့တာပါ။ အာလာဒင်က Disc Jokey လို့ခေါ်တဲ့ DJ ပညာရပ်ကို စနစ်တကျ သင်ကြားတတ်မြောက်ခွင့်ရခဲ့တာ မဟုတ်ပါဘူး။ ဒါဆို အာလာဒင်တစ်ယောက် ဘယ်လိုကနေ ဒီ လမ်းကြောင်းပေါ် စတင်ရောက် လာခဲ့တာလဲ။

အာလာဒင် ရှစ်တန်း၊ ကိုးတန်းလောက်မှာ သီချင်းတွေကို နားထောင်တတ်လာတယ်။ အထူးသဖြင့် စန္ဒရားသံတွေ၊ တယောသံ သံစဉ်သက်သက်ချည်းဆိုသူ သိပ်သဘောကျတယ်။ နောက်ပြီး ဘောလုံးသီချင်းတွေဆိုလည်း ကြိုက်တယ်။ သီချင်းတွေကနေ စိတ်ခွန်အားတက်ကြွသလိုမျိုး ဖြစ်လာတာကို သူခိုက်လာတယ်။  ကိုးတန်းနှစ်မှာ အဆောင်မှာနေရင်း ဂစ်တာနည်းနည်းပါးပါး တီးတတ်လာတယ်။ ကိုယ်ပိုင်ဂစ်တာဝယ်ဖို့ ပိုက်ဆံစုတယ်။ ၀ယ်ဖို့မန္တလေးမြို့ထဲထွက်တော့ လိုင်စင်မပါတာနဲ့ ယာဉ်ထိန်းရဲအဖမ်းခံရတာ ဂစ်တာဖိုးက ဒဏ်ကြေးအဖြစ် အသွင်ကူးပြောင်းသွားတယ်။ အိမ်ကနေ မိဘပိုက်ဆံတိုလျှိုပြီး ဂစ်တာတစ်လက်ရအောင် ၀ယ်တယ်။ ဂစ်တာလေးတစ်လက်ဟာ သူ့အိမ်ကို ပထမဆုံးရောက်ရှိလာတဲ့ တူရိယာပစ္စည်းလေးပါ။

၂၀၁၁ မှာ ဆယ်တန်းအောင် ပြီးတော့ လူငယ်သဘာဝဂစ်တာ လေးခေါက်လိုက် သီချင်းလေး နားထောင်လိုက်နဲ့ သာယာနေတုန်း တစ်ရက် သူရက်ပ်သီချင်းတစ်ပုဒ်နားထောင်ရင်း ဂျေမီရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုကြားလိုက်ရတယ်။ Fruity Loops တဲ့၊Fruity Loops ဆိုတာ မြူးဇစ်ဖန်တီးတဲ့ ဆော့ဖ်ဝဲလေးတစ်ခုတဲ့။ မြူးဇစ်တွေ နားထောင်ရာက  ကိုယ်တိုင်ဖန်တီးဖို့ စိတ်ဝင်စား လာတဲ့ အာလာဒင် အဲဒီ Fruity Loops ဆိုတာကို ဆိုင်တွေမှာ သွားရှာတယ်။ ဒီလိုနဲ့ သူ့ဆီ အဲဒီ FruityLoops ဆော့ဖ်ဝဲ ဒီဗီဒီခွေ ရောက်ရှိလာတယ်။

ဆော့ဖ်ဝဲခွေရောက်လာတာ က ဟုတ်ပါပြီ။ ဆော့ဖ်ဝဲခွေဆိုတာ ဒီဗီဒီစက်နဲ့ ဖွင့်လို့ရတာမဟုတ်။ ကွန်ပျူတာထဲထည့်ပြီး ဖန်တီးရမယ့် အဲဒီအခွေနဲ့ ကွန်ပျူတာမရှိတဲ့ အာလာဒင် ဘယ်လိုရှေ့စခန်း ဆက်ရမလဲ။ အာလာဒင် ကြံပါ တယ်။ စိန်ပန်းထဲမှာပဲ ဖွင့်ထား တဲ့ ကွန်ပျူတာနက်ဂိမ်းဆိုင်ကို သွားပါတယ်။ စက်တစ်လုံးကို ယူ ပါတယ်။ သူထိုင်တဲ့ဆိုင်က စည်း စနစ်ကြီးပါတယ်။ မန်မိုရီစတစ်ထိုးတာတောင် မကြိုက်ပါဘူး။ အာလာဒင် ပုန်းလျှိုးကွယ်လျှိုး စက်ကိုဖွင့်ပြီး ဆော့ဖ်ဝဲခွေ ထည့် ပါတယ်။


ဒီဂျေအာလာဒင် (ဓာတ်ပုံ-ညီညီဇော်)

ခွေသာ ထည့်လိုက်တယ်။ ဘာဆက်လုပ်ရမှန်း မသိဘူး။ ဆော့ဖ်ဝဲကို စက်ထဲ ဘယ်လို Install လုပ်ရမလဲမသိဘူး။ ဟိုကလစ်ခေါက်၊ ဒီကလစ်ခေါက် လျှောက်လုပ်ကြည့်ပြီးမှ အိုကေသွားတယ်။ Fruity Loops ဆော့ဖ်ဝဲ ကွန်ပျူတာထဲ ရောက်သွားတယ်။ နားကြပ်တပ်ပြီး စမ်းလုပ်ကြည့်တယ်။ အိုး ... မိုက်လှချည်လား။ ဒီဆော့ဖ်ဝဲလေးနဲ့ တီးဝိုင်းထဲက သံစဉ်တွေလို ထွက်လာတာ သူ သဘောကျသွားတယ်။ သူပြန်ဖို့လုပ်တယ်။ ဆော့ဖ်ဝဲလေးက  ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ရှိနေတယ်။ သူစိတ်မချဘူး။ တော်ကြာ ဆိုင်ရှင်က ဖျက်လိုက်ရင် နောက်ပြန်လုပ်နေရမယ်။ ဒါနဲ့ ကွန်ပျူတာထဲက တစ်နေရာမှာ အဲဒီဆော့ဖ်ဝဲလေးကို ဖွက်ထားခဲ့ တယ်။

နောက်ရက်တွေမှာ အာလာဒင်တစ်ယောက် ဂိမ်းဆိုင်မှာ တစ်နေကုန်နေတယ်။ ဂိမ်းဆော့တာ တော့ မဟုတ်ဘူး။ ကွန်ပျူထဲထည့်ထားတဲ့ ဆော့ဖ်ဝဲလေးနဲ့ သံစဉ်တွေ ဖန်တီးကြည့်တာပါ။ ဆော့ဖ်ဝဲခွေပဲရှိတာမို့ ဒီဆော့ဖ်ဝဲ ဘယ် လိုသုံးရမလဲ၊ ဘယ်လိုတီးခတ်ရ မလဲ သူမသိပါဘူး။ ဒါနဲ့ ဂူးဂဲလ်မှာခေါက်ကြည့်၊ ယူကျုဘ်မှာ ရှာကြည့်တယ်။ တွေ့ပါပြီ။ Fruity Loops အသုံးပြုနည်းများ။ ဂူးဂဲလ်က ရှာလို့ရတာတွေ ကြိုးစားဖတ် တယ်။ ယူကျုဘ်က ဗီဒီယိုဖိုင်တွေ ကြည့်တယ်။  အဲဒီပြဿနာ စတော့တယ်။ အဲဒီအချိန်က အင်တာနက်လိုင်းက အခုလောက် မ ကောင်းသေးဘူး။ သူယူကျုဘ်ဗီဒီယိုတွေ ဖွင့်လိုက်တာနဲ့ တခြားစက်တွေ လိုင်းကျကုန်တယ်။ သူ့ကြောင့်ဆိုတာသိတော့ ဂိမ်းဆော့နေတဲ့ သူငယ်ချင်းတွေက ဆဲကြတယ်။‘‘မင်းမလာခဲ့ပါနဲ့ကွာ’’ လို့လူငယ်တွေပီပီ ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ အာလာဒင်ကတော့ မျက်နှာပြောင်ပြောင်ပဲ ဂိမ်းဆိုင် အသွားအလာ မပျက်ဘဲ ကွန်ပျူတာတစ်လုံးယူ နားကြပ်ကြီးတပ်ကာ သီချင်းတွေ လျှောက်လုပ် ကြည့်နေတယ်။

လျှောက်သာလုပ်နေတာ သီချင်းတစ်ပုဒ်မှ ဖြစ်ဖြစ်မြောက် မြောက် ထွက်မလာနိုင်သေးဘူး။ ဒီလိုနဲ့ ဆယ်တန်းအောင်ပြီး အမှတ်မီတဲ့ နည်းပညာတက္ကသိုလ် (မန္တလေး)ကို မိခင်အလိုကျ တက်ခဲ့ရတယ်။ စိတ်ကတော့ မပါဘူး။ ဖြစ်နိုင်ရင် မြူးဇစ်တွေပဲ ကလိချင် နေတာ။

အဲဒီလို သံစဉ်တွေကြား ပျော်မွေ့ချင်တဲ့ အာလာဒင်တစ် ယောက် သူ့အတွက် အခွင့်အလမ်းတစ်ခု ရောက်လာပါတယ်။ အဲဒါ ကတော့ သူတို့ကျောင်းရဲ့ တခြား ဘာသာရပ်တစ်ခုက မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဒီဂျေလုပ်ရ ဖို့ပါပဲ။ ကျောင်းသား၊ ကျောင်းသူ တွေ လုပ်ကြတာဆိုတော့ သိတဲ့အတိုင်း ဘတ်ဂျက်အခြေအနေက ဒီဂျေသမား ငှားလောက်အောင် မခိုင်ကြဘူး။ ဒါနဲ့ သူလုပ်ပေးမယ် ပြောတော့ သူငယ်ချင်းတွေက ဖြစ်ပါ့မလား ပြောကြတယ်။ သူက ဖြစ်တယ်၊ ရအောင် လုပ်ပေးမယ်လို့ အာမခံတယ်။ သူငယ်ချင်းတွေကလည်း ပိုက်ဆံမှ မပေးရတာ လုပ်ပါစေဆိုပြီး ခွင့်ပြုခဲ့တယ်။

အာလာဒင်က ဒီဂျေသမားသာဆိုတာ ပထမဆုံးပွဲမှာ ဒီဂျေစက် မကိုင်နိုင်သေးပါဘူး။ ဒီဂျေဆော့ဖ်ဝဲထည့်ထားတဲ့ မိခင်ပေးထားတဲ့ လက်ပ်တော့နဲ့အတူ မောက်စ်တစ်လုံးနဲ့ ဒီဂျေလုပ်ရတာပါ။ သူငယ်ချင်းတွေကလည်း လုပ်မယ့်လုပ် စင်ပေါ်ကလုပ်ဆို ပြီး စင်ပေါ်တင်ပေးတယ်။ ပထမဆုံးပွဲ စိတ်လှုပ်ရှားခဲ့တယ်။ ဒါပေမဲ့ အဆင်ပြေတယ်။ ပွဲရဲ့ ရေချိန်အနိမ့်အမြင့်ပေါ် မူတည်ပြီး အားကစားဆုပေးရင် အားကစားသံစဉ်၊ ဆုကြေညာရင် စိတ်လှုပ်ရှားတဲ့သံစဉ် စတဲ့ လိုက်ဖက်တဲ့ မြူး ဇစ်တွေ တင်ဆက်နိုင်ခဲ့တယ်။

ပထမဆုံးပွဲပြီးတော့ သူတို့ဘာသာရပ် Mechanical Power က မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဒီဂျေထပ်လုပ်ပေးဖြစ်တယ်။ သူငယ်ချင်းတွေ သူဖွင့်ပေးတဲ့ သံစဉ်တွေနဲ့အတူ ကခုန်ပျော်မြူးနေတာ မြင်ရတာ သိပ်သဘောကျတယ်။ သူငယ်ချင်းတွေ ကခုန်နေသလို သူလည်း စင်ပေါ်ကနေ ကခုန်ခဲ့တယ်။

ကျောင်းမောင်မယ်သစ်လွင် ကြိုဆိုပွဲကနေ ကြိုးကြားကြိုးကြား တခြားကျောင်းပွဲလေးတွေ၊ ကုမ္ပဏီပွဲလေးတွေ တီးလာရတယ်။ သိပ်အများကြီးတော့ မဟုတ်ဘူး။ ပြောက်တောက်ပြောက်တောက် ပဲ။ အနုပညာကြေးမေးရင် သူ မပြောချင်ဘူး။ အဓိက သူက တီးချင်တာ။ ကျောင်းပွဲတွေဆို မပေး လည်း ရတယ်ဆိုပေမယ့် ပေး တော့လည်း အားနာနာနဲ့ ယူခဲ့ပါတယ်။ ကုမ္ပဏီပွဲတွေဆိုလည်း ဈေးနည်းနည်းလေးသာ ယူခဲ့တယ်။ အဓိက သူသံစဉ်တွေကို တီးဖို့ပဲ။ တစ်နှစ်လောက်အကြာမှာ တစ်ပတ်ရစ် တစ်သိန်းကျော်တန် ဒီဂျေစက်ကလေး ၀ယ်ခဲ့တယ်။


ဒီဂျေအာလာဒင် ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - Aladin Facebook)

၂၀၁၅ သင်္ကြန်ရောက်တော့ ဒီဂျေသမားလေး ပိုးထလာပြီ။ သင်္ကြန်အစစ်ကို တီးချင်လာပြီ။ လူထောင်ချီများပြီး စည်ကားလှ တဲ့ မန်းသင်္ကြန်မှာ သူဖျော်ဖြေချင် ပြီ။ ဒါပေမဲ့ သူ့ဆီ ဘယ်မဏ္ဍပ်မှ လာမချိတ်။ သင်္ကြန်ရောက်ခါနီး လေ စိတ်တွေထိန်းမရလေ။ ဒါနဲ့ နောက်ဆုံးချမယ်ကွာဆိုပြီး ကျုံး ဘေးက ဆောက်လက်စ မဏ္ဍပ်တွေဆီသွားပြီး အစ်ကိုတို့ မဏ္ဍပ် ဒီဂျေလိုလား လိုက်မေးတယ်။ ကိုယ်တိုင်လို့တော့ မပြောဘူး။ ကျွန်တော့်သူငယ်ချင်း ဒီဂျေသမား ရှိတယ်။ ပိုက်ဆံပေးစရာ မလိုပါ ဘူး လိုက်ပြောကြည့်တယ်။ အ ဆင်မပြေပါဘူး။ သင်္ကြန်ရောက် ပေမယ့် သူ့ဆန္ဒမပြည့်ဝရဘူး။

၂၀၁၆ သင်္ကြန်ရောက်တော့ သူလိုက်ပြောသေးတယ်။ မဏ္ဍပ်မရခဲ့ပြန်ပါဘူး။ ဒါပေမဲ့ အာလာဒင် စိတ်ထဲမှာ ဘယ်လိုမှမနေခဲ့ပါဘူး။ နောက်ပြီး သူတစ်ခုပြန်တွေးတယ်။ ဟုတ်ပြီ၊ ငါမဏ္ဍပ်တွေပေါ်မှာ ဖျော်ဖြေချင်တာ ဟုတ်ပါပြီ။ တက်ရလောက်အောင် အရည်အ ချင်းတွေ ငါ့မှာရှိပြီလား။ ငါသာ အရည်အချင်းရှိတယ်ဆို ငါလိုက်စပ်စရာမလိုဘဲ ငါ့ဆီရောက်လာမှာပဲလို့ သူပြန်တွေးတယ်။ အဲဒီလိုတွေးပြီး အိမ်မှာ ဒီဂျေစက်၊ ကွန်ပျူတာနဲ့ မြူးဇစ်တွေ ဆက်ပြီးဖန်တီးတယ်။ အင်တာနက်က နေ သီချင်းတွေဒေါင်းတယ်။ သူသဘောကျတဲ့ ပြည်တွင်း၊ ပြည်ပဒီဂျေသမားတွေရဲ့ လက်ရာတွေ နားထောင်တယ်။ တစ်လ၊ တစ်လအင်တာနက်သုံးလွန်းလို့ ဖုန်းဘီလ်တွေ တဝေါဝေါကုန်တယ်။ အမေက ကွန်ပျူတာတစ်လုံး ထပ်ဖန် တီးပေးတယ်။

၂၀၁၇ ရောက်တော့ တက္ကသိုလ်တွေမှာ ကျောင်းသင်္ကြန် လေးတွေ စလုပ်လာတယ်။ သူတို့ ကျောင်းလည်း အပါအ၀င်ပေါ့။ အဲဒီမှာ သူတို့ကျောင်းသင်္ကြန်မှာ ထုံးစံအတိုင်း ဒီဂျေလုပ်ရင်း ဖေ့စ်ဘွတ်ခ်ပေါ်တင်တော့ လူနည်း နည်းသိလာတယ်။ တခြားကျောင်းတွေကပါ သူတို့ ကျောင်းသင်္ကြန် မှာ ဒီဂျေလုပ်ပေးဖို့ လာငှားကြ တယ်။ တကယ့်သင်္ကြန်အစစ် ရောက်ပြန်တော့ အာလာဒင်လေး မဏ္ဍပ်မရပြန်ပါဘူး။ တစ်ချိန်တော့ ငါလည်း တက်ရမယ်လို့တော့ သူ ယုံကြည်ခဲ့တယ်။

အဲဒီလိုနဲ့ ၂၀၁၈ ဖေဖော်ဝါရီမှာ သူ့ကို မန္တလေးရှိ နာမည်ကြီးတဲ့ ဘားတစ်ခုက ဒီဂျေကမ်းလှမ်း လာတယ်။ သူသွားတွေ့တယ်။ အဲဒီမှာ ဆိုင်တာဝန်ခံက သူတို့ဆိုင်က ဒီဂျေစက်ကို ပြတယ်။ ဒီ စက်ကိုကိုင်ဖို့ အဆင်ပြေမလား ပေါ့။ သူကြည့်တော့ CDJ ဆိုတဲ့ဒီဂျေစက်။ အိမ်က တစ်သိန်းကျော်တန် စက်မျိုးမဟုတ်ဘူး။ သိန်းရာ ချီလောက်တန်တဲ့ ဒီဂျေစက်။ ‘‘ကျွန်တော် ကိုင်တော့ မကိုင်ဖူးဘူး အစ်ကို။ ဒါပေမဲ့ အဆင်ပြေမှာပါ’’ဟု အာလာဒင် ယုံယုံကြည် ကြည်ပဲ ပြောခဲ့တယ်။ သူ ဒီစက်ကို မကိုင်ဖူးပေမယ့် ယူကျုဘ်ကနေ ကျူတိုရီရယ်သင်ခန်းစာ ဗီဒီယို တွေ ကြည့်ထားတယ်။ အဆင်ပြေမယ်လို့ ယုံကြည်တယ်။


ဓာတ်ပုံ - Aladin Facebook

စမ်းဖွင့်ပြဖို့ပြောတော့ စက်ဆီသွားတယ်။ မနက်ပိုင်းမို့ ဧည့်သည်တွေ မရှိသေးဘူး။ ဒါပေမဲ့ လူအများကြီးရှေ့မှာ ဖျော်ဖြေနေသလို စိတ်သွင်းလိုက်တယ်။ နေ့စဉ်လေ့လာထားတဲ့ အလွတ်ရနေတဲ့ ယူကျုဘ်က သင်ခန်းစာတွေ၊ ဗီဒီယိုတွေအတိုင်း လုပ်လိုက်တယ်။ အခန်းထဲမှာ မြူးကြွတဲ့ ငြိမ့်ညောင်းတဲ့ စည်းချက်ညီတဲ့ ဂီတသံစဉ်တွေ ထွက်ပေါ်လာတယ်။ ခန္ဓာကိုယ်လည်း သံစဉ်တွေနဲ့အတူ လှုပ်ရှားနေတယ်။ မင်းမသုံးဖူးဘူးဆိုတာ ဟုတ်ရဲ့လားလို့ ဆိုင်တာဝန်ခံက ပြန်မေးတယ်။ နောက်ရက်မှာတော့ ဆိုင်က သူ့ကို တစ်ပတ်တစ်ရက် တစ်လလေးရက်နဲ့ သင့်တင့်တဲ့ ငွေကြေးနဲ့အတူ စာချုပ်ခဲ့တယ်။ သူ့ဘ၀မှာ ၀ါသနာပါတဲ့ ဒီအလုပ်ကနေ ပိုက်ဆံဝင်တော့မယ်ဆိုတော့ လူငယ်ပီပီ ပျော်ခဲ့တယ်။

ငွေရချင်လို့ လုပ်တာမဟုတ် ပေမယ့် ကိုယ်လုပ်ချင်လို့လုပ်တဲ့ အလုပ်က ကိုယ်အသက်မွေးဖို့ ငွေရလာတာမို့ အံ့သြ၀မ်းသာပျော်ခဲ့တာပါ။ အာလာဒင်ရဲ့ ဒီဂျေတွေကို သဘောကျကျတာက ရတဲ့အချိန်၊ တီးတဲ့အချိန်မှာ အားလုံးလိုက် ပါ စီးမျောနိုင်အောင် သူတီးနိုင်တယ်။ ပြီးတော့ သူကိုယ်တိုင် မြူးကြွ ခုန်ပေါက်နေလေ့ရှိတယ်။ အောက်က ပရိသတ်ထက်ကို သူက ကဲတယ်လို့ ပြောကြတယ်။

အာလာဒင်ရဲ့ အပျော်တွေက အဲဒီလောက်နဲ့ မရပ်တန့်ခဲ့ပါ ဘူး။ ပြီးခဲ့တဲ့မတ်လက သူတို့ကျောင်းမှာ သင်္ကြန်လုပ်ပါတယ်။ သူ့ထုံးစံအတိုင်း မြူးဇစ်တွေ အလန်းစားနဲ့ တင်ဆက်ခဲ့တယ်။ သူတင်မကဘူး နောက်မျိုးဆက် ညီငယ်လေးတွေနဲ့အတူ တင်ဆက်ခဲ့ကြတယ်။ အဲဒီမှာ သူ့ဗီဒီယိုဖိုင်ကို သူ့ရဲ့ Aladin ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက တင်လိုက်တာ ညတွင်းချင်း ဝေမျှတာတွေ၊ ထင်မြင်ချက်ပေးတာတွေ ပလူပျံကုန် တယ်။ မူလက Like ရာဂဏန်းလောက်သာရှိတဲ့ သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာ သောင်းဂဏန်းထိ Like တွေ တက်လာတယ်။ သူ့ဗီဒီယိုဖိုင်ကတော့ ကြည့်ရှုသူ သန်းချီတဲ့အထိ ဖြစ်သွားတယ်။

ဒါပေမဲ့ အာလာဒင် စိတ်ထဲ ဘယ်လိုမှမနေပါဘူး။ ဘာလို့လဲ။ လူကြည့်များတဲ့ ဗီဒီယိုဖိုင်က သူ့ ကြောင့် သက်သက်လူကြည့်များတာလို့ သူက မခံယူခဲ့တာပါ။ ရုပ်သံထဲမှာ ကျောင်းသား၊ ကျောင်းသူတွေ အများကြီးပျော်ရွှင်နေကြ တယ်။ နောက်ပြီး ပုဆိုးတွေနဲ့ ထူးထူးခြားခြား ကခုန်နေကြတာလည်း ပါတယ်။ ဒါတွေကြောင့်သာ သူ့ဗီဒီယိုဖိုင်လူကြည့်များတာလို့ သူက ယူဆတယ်။ သူဖြစ်ချင်တာကတော့ သူဖန်တီးတဲ့ သီချင်းသံစဉ်တစ်ခုခုကို ခုလိုပဲ လူတွေအများကြီး သန်းချီကြည့်တာမျိုး လိုချင်တာပါ။ အဲဒါကြောင့် သူဆက်ကြိုးစားဖို့ အများကြီးလို သေးတယ်။ ခုမှလမ်းကြောင်းပေါ် စလုံးရေစ ရောက်တာလို့ သူလက်ခံထားတယ်။ ဒါအောင်မြင်မှု မဟုတ်သေးဘူး၊ ဘာဆိုဘာမှ မဟုတ်သေးဘူးတဲ့။ သူ ဒီဂျေအ ဖြစ် ဆက်လုပ်ချင်သေးတယ်။ ဒါပေမဲ့ အခု အသက်(၂၄)နှစ်ရှိပြီမို့ နောက်ကျတယ် ခံစားနေရတယ်လို့ ဆိုတယ်။ ကျောင်းပြီးရင် အင်ဂျင်နီယာမလုပ်ဘဲ ဒီလိုင်းကိုသာ ဆက်လျှောက်မှာဖြစ်ပြီး မြူးဇစ် တွေ ဖန်တီးမယ်လို့ သူ့အိပ်မက်ကို ရင်ဖွင့်ပါတယ်။

အာလာဒင်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာ၊ မလာ စောင့်ကြည့်ရမှာပါ။ အဲ..အရေးကြီးတာ တွေ ပြောပြဖို့ ကျန်ပါသေးတယ်။ အခုဆိုရင် အာလာဒင်ဟာ  ဒီဂျေနဲ့ပတ်သက်ပြီး စီစဉ်သူတချို့ရဲ့ အသိအမှတ်ပြုမှုတချို့ ရလာပြီး သူကိုယ်တိုင် တီးခတ်ဖန်တီးထားတဲ့ ဒီဂျေသံစဉ်သီချင်း အသစ်သုံးပုဒ်ကို နာမည်ကျော် iTune မှာ ၀ယ်ယူနားဆင်လို့ ရနေပါပြီ။ နောက်ထပ် သတင်းပါးစရာလေးတစ်ခု ရှိပါသေးတယ်။

အဲဒါကတော့ သင်္ကြန်မဏ္ဍပ် တွေမှာ ဖျော်ဖြေချင်လွန်းလို့ မဏ္ဍပ်တစ်ခုဝင်၊ တစ်ခုထွက် ကိုယ်တိုင် မရှက်၊ မကြောက်သွားပြောခဲ့တဲ့ ဒီဂျေသမားလေး အာလာဒင်၊ မကြာခင်ရက်ပိုင်းအတွင်း ရောက်တော့မယ် ၂၀၁၈ သင်္ကြန်မှာ မန်းသင်္ကြန်မဏ္ဍပ်တွေပေါ်မှာ ဖျော်ဖြေခွင့်ရပါပြီ။ မဏ္ဍပ်ကြီးသုံးခုနဲ့ ပွဲနှစ်ခု ပေါင်းငါးခု လက်ခံထားရပါလေပြီ။ အင်တာနက်ကို အကျိုးရှိရှိသုံးစွဲခဲ့တဲ့ ဆိုရှယ်လူမှုကွန်ရက်တွေကို ကောင်းကောင်းကြီး အသုံးချနိုင်တဲ့ ဒီဂျေသမား လေး အာလာဒင်ရဲ့ သံစဉ်တွေ မန်းသင်္ကြန်မှာ ဘယ်လောက်အ ထိ လွင့်ပျံလာမလဲ။ ကျွန်တော်တို့ နားစွင့်ထားကြရအောင်ပါ။     ။