ဆံရစ်ဝိုင်းဆယ်လ်ဖီ၊ တောသင်္ကြန်ညဈေးနှင့် ပွဲဆက်ခံဦးမည့်မန်းသင်္ကြန်

ယခုနှစ်သင်္ကြန်ပွဲတော်ဆင်နွှဲရန် မန္တလေးကျုံးဘေးတစ်လျှောက်ပြင်ဆင်နေစဉ်

သင်္ကြန်ဟု  ဆိုလိုက်ပါက မန္တလေးသည် ဦးဆောင်သူနေရာတွင်အမြဲရှိသည်။ ဆရာမြို့မငြိမ်း၏ သီချင်းများနှင့် သင်္ကြန်မိုးရုပ်ရှင်ကားတို့က အလွယ်တကူပြနိုင်သော ဥပမာများဖြစ်သည်။ ယမန်နှစ်က ကျုံးတောင်ဘက်ခြမ်းတွင် လမ်းလျှောက်သင်္ကြန် စတင် ကျင်းပခဲ့ရာ အောင်မြင်မှုရရှိ ပြန်သည်။

ယခု ၂၀၁၈ တွင်ကျရောက်မည့် သင်္ကြန်ပွဲတော်၌ လမ်း လျှောက်သင်္ကြန်ကို ရိုးရာယဉ် ကျေးမှု အငွေ့အသက်များ ထည့်သွင်းမည့်အပြင် မန္တလေးသို့ လာရောက်လည်ပတ်မည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်ရန် အစီအစဉ်များစွာ ထည့်သွင်းထားပြီး ပိုမိုကောင်းမွန်သည့်ပုံစံဖြင့် လူအများစု ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ဆိုသည်။

မန္တလေးချစ်သူများ ဂုဏ်ယူစွာ ဓာတ်ပုံရိုက်ရန် ကြိုတင်စီစဉ်ထားပြီး ကျေနပ်နှစ်သက်ကြမှာ သေချာကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က အာမခံထား သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့်ယခုနှစ် လမ်းလျှောက်သင်္ကြန်သည် ရိုးရာယဉ်ကျေးမှုပွဲတော်အနေဖြင့်သာမကဘဲ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးမည့် ပွဲတော်တစ်ခုအနေဖြင့်ပါ ဖြစ်လာမည်ဟု ၎င်းတို့က ယုံကြည်ထားသည်။

ထို့ကြောင့် သင်္ကြန်ကာလအတွင်း မန္တလေးသို့ သွားရောက်လည်ပတ်လိုသည့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် မကြာမီကျင်းပမည့် မန္တလေးလမ်းလျှောက် သင်္ကြန်ပွဲတော်၏ ထူးခြားချက်များနှင့် ကျင်းပမည့်အစီအဉ်များကို 7Day News ဂျာနယ်ကစာဖတ်သူများသိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

လမ်းလျှောက်သင်္ကြန်

မန္တလေးသင်္ကြန်အထင်ကရ ကျုံးတောင်ဘက်ခြမ်းကို ရောင်စုံထီးများဖြင့် အောင်ပွဲခံခဲ့သည့် လမ်းလျှောက်သင်္ကြန်သည် ယခု နှစ်တွင် ဆံရစ်ဝိုင်းများနှင့် ပွဲထွက် လာမည်ဖြစ်သည်။

 လမ်းလျှောက်သင်္ကြန်တွင် တစ်မူထူးခြားစေရန် ပုံမှန်ဖျော်ဖြေ ရေးအစီအစဉ်များအပြင် ရိုးရာဓလေ့ထုံးတမ်းများကို လေ့လာမှတ်တမ်းတင်နိုင်ရန်မန္တလေးတိုင်းအတွင်းရှိ ဆံရစ်ဝိုင်းလေးများဖြင့် နေထိုင်သော ကျေးရွာများမှ ကလေးငယ်များကို ခေါ်ယူကာ လေ့ကျင့်ပေးမည်ဖြစ်ပြီး လူအများ ပါဝင်ဆင်နွှဲနိုင်မည့် ပြိုင်ပွဲငယ် လေးများကိုလည်း ထည့်သွင်းပေး ထားသည်။

  လမ်းလျှောက်သင်္ကြန်ပွဲ တော်အတွင်း ဆံရစ်ဝိုင်းကလေး ၁၀ ဦးခန့်ကို လေ့ကျင့်ပေးထား ကာ ၎င်းတို့နှင့်အတူ ဓာတ်ပုံတွဲ ရိုက်နိုင်မည့် Selfie ဘုတ်သုံးခုလည်း ထားရှိပေးထားသည်။

‘‘ဆံရစ်ဝိုင်းထားတဲ့ကိစ္စက ယဉ်ကျေးမှုတစ်ခုကို ထိန်းသိမ်း တဲ့အပြင် ခရီးသွားဧည့်သည်တွေ အတွက် အမှတ်တရ တစ်ခုကိုလည်း ဖြစ်စေတဲ့အတွက် ကောင်းတဲ့အချက်ပါပဲ။ တကယ်တော့ မန္တလေးရဲ့ အမှတ်တံဆိပ်ကို လူ သိများလာဖို့အတွက် သူတို့ကို မော်ဒယ်အနေနဲ့ ခေါ်ထားပေးတဲ့ သဘောပါပဲ’’ဟု မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်း (မန္တ လေးဇုန်) ဥက္ကဋ္ဌဦးမျိုးရီက ပြော ကြားသည်။

ရေကစားမဏ္ဍပ်ကြီးများ၊ ရေပက်ခံကားများနှင့် ပြည့်ကျပ် နေသည့် ကျုံးတောင်ဘက်ခြမ်းကို ရေကစားမဏ္ဍပ်ကြီးများ လုံးဝချမပေးခြင်း၊ ယာဉ်ဝင်ရောက်မှုများ လုံးဝကန့်သတ်ခဲ့ခြင်းများဖြင့် လမ်းလျှောက်သင်္ကြန်ကို ဖော် ဆောင်ခဲ့ခြင်းဖြစ်သည်။


ဆောက်လုပ်နေသော မဏ္ဍပ်တစ်ခုကိုတွေ့ရစဉ်

‘‘ကားတွေမရှိ၊ ရန်တွေမဖြစ်ရင် ပိုပြီးကောင်းမယ်ဆိုပြီး လမ်း လျှောက်သင်္ကြန်ကို လုပ်တဲ့အချိန်မှာ မြို့နေလူထုက ကြိုက်နှစ်သက်ခဲ့ကြတယ်။ ကျွန်တော်တို့သင်္ကြန်မှာ ကလေးသူငယ်၊ လူကြီးတွေ၊ မသန်စွမ်းတွေ ပါဝင်ပျော်ရွှင်နိုင်ခဲ့ ပါတယ်’’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

မန္တလေးမြို့က စတင်ခဲ့သည့် လမ်းလျှောက်သင်္ကြန်ကို ယခုနှစ် တွင် ရန်ကုန်၊ နေပြည်တော်နှင့် မြစ်ကြီးနား စသည့်မြို့အချို့တွင် ကျင်းပမည် ဖြစ်သောကြောင့် စတင်ပြုလုပ်သည့် မန္တလေးသား များအတွက် ဂုဏ်ယူစရာဖြစ် ကြောင်း ဦးရဲမြတ်သူက ပြော ကြားသည်။

 လမ်းလျှောက်သင်္ကြန်ကို မန္တလေး၏ အနှစ်သာရပေါ်လွင် စေရန်၊ သင်္ကြန်၏ အနှစ်သာရ ပေါ်လွင်စေရန်နှင့် မြို့သူမြို့သား များ ပျော်ရွှင်စွာ၊ စိတ်ချမ်းသာစွာ၊ ညီညွတ်စွာ ရေကစားနိုင်ရန် ရည် ရွယ်ကျင်းပခြင်းဖြစ်ကြောင်း အစီ အစဉ်ရေးဆွဲသည့် အဖွဲ့အစည်း Professional Marketer Association (PMA)မှ ဦးဆောင် သူ ဦးမြင့်ဇော်က ပြောသည်။

‘‘သင်္ကြန်မှာ ရေစိုရမယ်။ စတုဒိသာတွေကျွေးမယ်။ စား မယ်။ ဖျော်ဖြေရေးပါရမယ်။ ပျော် ရမယ်ဆိုတဲ့ အချက်တွေအပေါ် အခြေခံပြီး လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာ’’ဟု ဦးမြင့်ဇော်က ပြော သည်။ လမ်းလျှောက်သင်္ကြန်တွင် ချထားပေးသည့် မဏ္ဍပ်များကို အမြင့်ပေ အနည်းငယ်သာ တည် ဆောက်ရန် ကန့်သတ်ထားပြီး ယခုနှစ်တွင် အလျားပေ ၃၀၊ ပေ ၂၀၊ ၁၀ ပေဟူ၍ သုံးမျိုးခွဲခြား သတ်မှတ် ချထားပေးသည်။

ကျုံးတောင်ဘက်ခြမ်း ၇၈ လမ်းမှ ၆၉ လမ်းအတွင်း လမ်း လျှောက်သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၈၅ ခုချထားပေးရန် ရည်ရွယ်ထား ပြီး လက်ရှိအချိန်ထိ လာရောက် လျှောက်ထားသည့် မဏ္ဍပ်အရေ အတွက် ၆၀ ခန့်ရှိကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက လမ်း လျှောက်သင်္ကြန်ရှိ ရေကစား မဏ္ဍပ်များအတွက် အလျားပေ ၃၀ မဏ္ဍပ်တစ်ခုကို ကျပ် ၁၀ သိန်း၊ ပေ ၂၀ မဏ္ဍပ်ကို ကျပ်ခုနစ် သိန်း၊ ၁၀ ပေမဏ္ဍပ်ကို ကျပ်  လေးသိန်း ကောက်ခံသည်။ လမ်း လျှောက်သင်္ကြန်တွင် လာရောက် လည်ပတ်သူများအတွက် စတုဒိ သာကျွေးမည့် မဏ္ဍပ်နှစ်ခု စီစဉ် ထားပြီး စတုဒိသာ လာရောက် ကျွေးမွေးမည့် အလှူရှင်အများ အပြားလည်း လက်ခံရရှိထား ကြောင်း ဦးကျော်ဇောအောင်က ပြောသည်။

ပြီးခဲ့သည့်နှစ် လမ်းလျှောက် သင်္ကြန် လမ်းလယ်ကျွန်းများတွင် ခေတ်အဆက်ဆက် မန္တလေး သင်္ကြန် ဖြတ်သန်းခဲ့သည့် ဓာတ်ပုံ မှတ်တမ်းများ ပြသခဲ့သော်လည်း လူစိတ်ဝင်စားမှု နည်းပါးခဲ့သည်။ ယခုနှစ် လမ်းလျှောက် သင်္ကြန် လမ်းလယ်ကျွန်းပေါ်တွင် မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းနှင့် ပူးပေါင်း ကျင်းပမည့် ‘ရေစိုခံကာတွန်းသင်္ကြန်’ အစီအစဉ်လည်းပါဝင်သည်။

ရေစိုခံကာတွန်းသင်္ကြန်တွင် အဓိကအားဖြင့် ဟာသကဲသည့် ကာတွန်းများ ပြသမည်ဖြစ်ပြီး ကာတွန်းဆရာ ၂၀၀ ကျော်က ကာတွန်းကား ၆၀၀ ကျော် ပေးပို့ထားသည်။ ပညာရှင်များက စိစစ်ရွေးချယ်ကာ ကာ တွန်းကား ၃၀၀ ပြသမည်ဖြစ်ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မြန်မာ့ရိုးရာ ပုသိမ်ထီးများ ဖြင့် အလှဆင်ထားသည့် လမ်း များ၊ သနပ်ခါးလိမ်းသည့် အစီ အစဉ်များ၊ လမ်းလျှောက်လှည့် လည်ရသော သင်္ကြန်အရသာတို့ ဖြင့် အောင်မြင်ခဲ့သည့် လမ်း လျှောက်သင်္ကြန်ကို မန္တလေးမြို့ သူ၊ မြို့သားများသာမက အနီး အနားမြို့များမှ လာရောက်လည် ပတ်သူ များပြားခဲ့သည်။

အောင်မြင်မှုများ ရရှိသကဲ့ သို့ ပြီးခဲ့သည့်နှစ်တွင် ယာဉ်ရပ် နားရန် အဆင်မပြေမှုများကဲ့သို့ အခက်အခဲများရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်ရန် ပြင်ဆင်ထားကြောင်း ဦးရဲ မြတ်သူက ပြောသည်။

ခရီးသွားမြှင့်တင်ရေးသင်္ကြန်

 လမ်းလျှောက်သက်ြန်၏ တစ်စိတ်တစ်ပိုင်းသော အစီအစဉ် တစ်ခုအနေဖြင့် ပါဝင်ပြီး ခရီးသွား ကဏ္ဍ မြှင့်တင်ရေးအတွက် အစီ အစဉ်များ အဓိကပါဝင်သည့် သင်္ကြန်ပွဲတော်ကို မန္တလေးကျုံး တောင်ဘက် ၆၉ လမ်းမှ ၆၆ လမ်းအတွင်း၌ ဟိုတယ်နှင့် ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန ကမန္တလေးတိုင်းအတွင်းရှိ ခရီး သွား လုပ်ငန်းအသင်းအဖွဲ့များဖြင့် ပူးပေါင်းကျင်းပမည်ဖြစ်သည်။

‘‘လမ်းလျှောက်သင်္ကြန် ဧရိ ယာကို ဒီနှစ်မှာ ပိုပြီးကောင်း အောင် သေချာလေးလုပ်သွားဖို့ စီစဉ်ထားတယ်။ မန္တလေးရဲ့ အမှတ်တံဆိပ်ကို ထင်ရှားပေါ်လွင် အောင် လုပ်မယ်။ ယဉ်ကျေးမှုကို လည်း ထိန်းရင်းနဲ့ ခရီးသွားကဏ္ဍ ကို တိုးတက်လာအောင် လုပ်မယ်’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန အထက် မြန်မာပြည်ရုံးခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ခရီးသွားကဏ္ဍ မြှင့်တင်ရေး သင်္ကြန်ကျင်းပမည့် ဧရိယာကို ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန် ကြားမှု ဦးစီးဌာနက ဦးစီး၍ မန္တလေးတိုင်းအတွင်းရှိ မြန်မာနိုင် ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ ဧည့် လမ်းညွှန်များအသင်းနှင့် မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် များအသင်းတို့မှ ၎င်းတို့၏ ကဏ္ဍ အလိုက် ခရီးသွားမြှင့်တင်မှု အစီ အစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ် များနှင့် မြန်မာ့ရိုးရာ အစား အသောက်များကို စတုဒိသာ ကျွေးမွေးမည်ဖြစ်သည်။

နိုင်ငံခြားသား ခရီးသွားဧည့် သည်များအတွက် လိုအပ်သည့် အကူအညီများနှင့် သတင်းအချက် အလက်များ ပေးနိုင်ရန် Infor-mation ကောင်တာများကို လမ်း လျှောက်သင်္ကြန်တွင် ပါဝင်မည့် ကမ္ဘာလှည့်ခရီးသွားမဏ္ဍပ် နေရာ ၌ တစ်ခု၊ အရှေ့ဘက်မုခ်နှင့် အနောက်ဘက်မုခ်တွင် တစ်ခုစီ ဖြင့် နေရာသုံးခုခွဲကာ ထားရှိပေး မည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာလှည့်ခရီး သွား လုံခြုံရေးရဲတပ်ဖွဲ့အနေဖြင့် မန္တလေး ကျုံးတောင်ဘက် လမ်း လျှောက်သင်္ကြန် ဧရိယာအတွင်း ၌ နိုင်ငံခြားခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက် သီးခြားနေ ရာတစ်ခုအဖြစ် တိုးချဲ့ကာ တာ ဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

 ‘‘လမ်းလျှောက်သင်္ကြန်မှာ နိုင်ငံခြားသားတွေအပြင် ပြည်သူ တွေအတွက်လည်း လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ လုပ်ငန်းဆောင် ရွက်တဲ့အခါမှာလည်း နယ်မြေခံ ရဲတွေဖြစ်တဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ခရိုင်ရဲတပ်ဖွဲ့တွေရဲ့ စီမံချက်နဲ့အညီ ပူးပေါင်းပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့ (မန္တလေး) မှ ဒုရဲမှူးလှမြင့်က ပြောသည်။

တောသင်္ကြန်ညဈေး

မန္တလေးသင်္ကြန်သို့ လာ ရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ညပိုင်းလည်ပတ်ရန် နေရာတစ်ခုကို ယခုနှစ်သင်္ကြန်ကာလတွင် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက အကောင် အထည် ဖော်မည်ဖြစ်သည်။ မန္တ လေးမြို့ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်း၊ လမ်း ၂၀ နှင့် ၂၅ လမ်းကြားတွင် ညပိုင်း ၇ နာရီမှ ၁၁ နာရီအတွင်း မန္တလေးဒေသထွက်အစား အသောက်၊ အမှတ်တရပစ္စည်း များ၊ တိုင်းရင်းသားရိုးရာအစား အသောက်များ စားသောက်ဝယ် ယူနိုင်မည့် ‘တောသင်္ကြန်ညဈေး’ ဟု အမည်ပေးထားသည့် ညဈေးတစ်ခုကို ဖွင့်လှစ်မည်ဖြစ်သည်။

‘‘မန္တလေးသင်္ကြန်က နီးစပ် ရာမြို့တွေက လာလည်ကြတဲ့သူ တွေရှိတယ်။ အရင်တုန်းကတော့ ညပိုင်းမှာ ဖျော်ဖြေမှုတွေရှိခဲ့ပြီး ခု နောက်ပိုင်းတော့ ညပိုင်းဖျော်ဖြေ မှုတွေ မရှိတော့ဘူးဖြစ်လာတယ်။ မန္တလေးက လူတွေအတွက်ကျ တော့ ရေပက်ပြီး ညကျ အိမ်ပြန်နားလို့ အဆင်ပြေပေမယ့်၊ နယ်က လာတဲ့သူတွေအတွက်ကျတော့ သွားစရာ၊ လည်ပတ်စရာ၊ စား သောက်ဖို့ အခက်အခဲရှိလာတယ်။ ဒါကြောင့်မို့ ညဈေးလေးတစ်ခု လုပ်ဖို့ စီစဉ်ခဲ့ပါတယ်’’ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

  တောသင်္ကြန်ညဈေးတွင် ၁၀ ပေပတ်လည်ဆိုင်ခန်း ၁၈၀ ကို ဦးရာလူစနစ်ဖြင့် လျှောက် ထားစေသည်။ ဆိုင်ခန်းနေရာ များအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကလျှပ်စစ်မီးနှင့် ဆိုင်ခန်းများအခမဲ့စီစဉ်ပေးခဲ့သည်။

တောသင်္ကြန်ညဈေးတွင် ရောင်းချမည့် အစားအသောက်များ၏ သန့်ရှင်းမှုနှင့် အာဟာရဖြစ်မှုတို့ကို မန္တလေးမြို့တော်စည်ပင် မှ သက်ဆိုင်ရာအဖွဲ့အစည်းများ နှင့် ပူးပေါင်းကာ အကြိုပညာပေး ခြင်း၊ လိုက်လံစစ်ဆေးခြင်း ပြု လုပ်မည်ဖြစ်ကြောင်း ဦးရဲမြတ်သူက ပြောသည်။

 တောသင်္ကြန်ညဈေးတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ရှေးခေတ် ရုပ်ရှင်ဇာတ်ကားများကို ပိတ်ကားထောင်ပြသခြင်း၊ ဆင်အက၊ ရုပ်ကြီးစင်ဖျော်ဖြေပွဲနှင့် ခြင်းအလှခတ်ခြင်းများ ပါဝင်မည်ဖြစ်သည်။ တောသင်္ကြန် ညဈေးနှင့်ကပ်လျက် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းတွင် တစ်နေကုန် ရောင်းချ မည့် အစားအသောက်တန်းကို လည်း ဖွင့်လှစ်မည်ဖြစ်သည်။


လမ်းလျှောက်သင်္ကြန်တွင် ပြသမည့် ကာတွန်းအချို့ (ဓာတ်ပုံ − မြန်မာနိုင်ငံကာတွန်းဆရာများအသင်း)

မြို့တော်မဟာသင်္ကြန်မဏ္ဍပ်

မြို့တော်ဝန်မဏ္ဍပ်ဟု မန္တလေးသူ၊ မန္တလေးသားအများစု ခေါ် ဝေါ်သည့် မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမဏ္ဍပ် ကို ၂၀၁၆ က စတင်ကာ မန္တလေး မြို့တော် မဟာသင်္ကြန်မဏ္ဍပ် အဖြစ် အမည်ပြောင်းလဲခဲ့သည်။

၂၀၁၇ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသစ်လက်ထက်တွင် မြို့တော်သင်္ကြန်မဏ္ဍပ်ကို ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။ ဘတ်ဂျက်အသုံးစရိတ် လျှော့ချခြင်း၊ ဖွင့်ပွဲယိမ်းကသည့် ကျောင်းသူ ဦးရေ လျှော့ချခြင်း၊ မြို့မိမြို့ဖများ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းသို့ ပြောင်းလဲကျင်းပခြင်း စသည် တို့ ပြောင်းလဲခဲ့သည်။

ယခုနှစ် မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်ဖွင့်လှစ်ခြင်းကို သင်္ကြန်အကြိုနေ့ နံနက် ၆ နာရီခွဲတွင် သံဃာတော် ၁၀၈ ပါးကို ဆွမ်းလောင်းလှူခြင်းဖြင့် စတင်မည်ဖြစ်သည်။

နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြို့မိ မြို့ဖများဖြစ်သည့် မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက် တာခင်မောင်လွင်၊ နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဆင့်စိုး၊ ပန်းချီဆရာ ဒေါက်တာကိုကိုကြီး၊ ကဗျာဆရာ တက္ကသိုလ်မောင်ထွန်း၊ မန္တလေးတိုင်း ဒေသကြီး အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်မည်ဖြစ်သည်။

ထို့နောက် မြို့တော်စည်ပင် ယိမ်းအဖွဲ့နှင့်အတူ ကျောင်းသူ ၅၀၀ က ယိမ်းအက ကပြဖျော်ဖြေမည်ဖြစ်သည်။

ပုဏ္ဏားတော်များက ခရုသင်းမှုတ်ကာ မင်္ဂလာအခါတော်ပေးမည်ဖြစ်ပြီး မန္တလေးမြို့မှ ယဉ် ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုးသည့် လူငယ်များက စုပေါင်းကာ ရတနာပုံခေတ်တွင် မြို့တွင်း လေးပြင်လေးရပ်သင်္ကြန်စာဖတ်သည့် အစီအစဉ်အတိုင်း မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ရှေ့တွင်သင်္ကြန်စာ ဖတ်ကြားမည်ဖြစ်သည်။

ထို့နောက် မန္တလေးမြို့၏ သင်္ကြန်ပုံရိပ်တစ်ခုဖြစ်သည့် မြို့မ ငွေငန်းအလှပြယာဉ်က ဦးဆောင်ကာ အလှပြကားများနှင့် သံချပ်အဖွဲ့များက ဝန်ကြီးချုပ်နှင့် မြို့ တော်ဝန်ကို ဂါရဝပြုမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီက အစီအစဉ်များ ထုတ်ပြန်ထားသည်။ မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖျော်ဖြေရေးအစီအစဉ်များတွင် မန္တလေးမြို့ သင်္ကြန်ပုံရိပ် မြို့မတူရိယာအဖွဲ့က ဖျော်ဖြေရန်ရှိသည်။

မြို့မတူရိယာအဖွဲ့အနေဖြင့် ယခင်နှစ်များနည်းတူ ငွေငန်း အလှပြယာဉ်ဖြင့် မြို့တွင်းလှည့် လည် ဖျော်ဖြေမြည်ဖြစ်သလို မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေရေးကို နှစ်ဖွဲ့ခွဲကာ ဖျော်ဖြေမည်ဖြစ်သည်။ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းအဖြစ် စိန်တင့်လွင်ဆိုင်းအဖွဲ့က ဖျော်ဖြေမည်ဖြစ်ပြီး ခေတ်ပေါ် တေးဂီဝိုင်းအနေဖြင့် Dream Lover အဖွဲ့က ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က အတည်ပြုသည်။

အဆိုရှင်များအနေဖြင့် ထွန်း အိန္ဒြာဗို၊ သျှီ၊ ရဲတိုက်၊ စိန်လင်း၊ အိမ့်ချစ်၊ ငဲငယ်လေး စသည့် အဆိုတော်များ ပါဝင်မည်ဖြစ်ပြီး မန္တလေးမြို့သို့ ရောက်ရှိနေသည့် အခြားသော အနုပညာရှင်များ ကလည်း ညပိုင်းတွင် လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း ဦးကျော် ဆန်းမြင့်က ဆက်လက်ပြောသည်။မြို့တော် မဟာသင်္ကြန်မဏ္ဍပတွင် မွန်းလွဲ ၃ နာရီ မှ ညနေ၆ နာရီ အတွင်း သံချပ်ပြိုင်ပွဲ ပါဝင်မည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် စာရင်း သွင်းထားသည့် သံချပ်အဖွဲ့ငါးဖွဲ့ သာ ရှိသေးသည်။

သင်္ကြန်ရေကစားမဏ္ဍပ်များ

ကျုံးပတ်လည် ရေကစားမဏ္ဍပ်များချထားပေးရန် ၂၆ နေရာကို လေလံစနစ်ဖြင့် ခွင့်ပြုခဲ့ ရာ မဏ္ဍပ် ၁၂ နေရာသာ လျှောက် ထားခဲ့သည်။

ယခင်က မဏ္ဍပ်နေရာများအတွက် မဲစနစ်ဖြင့် ချထားပေးရာမှ ပြီးခဲ့သည့်နှစ်က စတင်ကာ လေလံစနစ်ဖြင့် ခွင့်ပြုခဲ့ပြီး စည်ပင်သာယာရေးကော်မတီအတွက် ဘတ်ဂျက်အမြောက်အမြား ပိုမို ရရှိခဲ့ကြောင်း ကော်မတီဝင် ဦး ကျော်ဇောအောင်က ပြောသည်။

ယခုနှစ် ကျုံးအရှေ့ဘက် ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၂ ခု၊ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် သုံးခု စုစုပေါင်း ၁၅ ခုရှိမည်ဖြစ်သည်။

မဏ္ဍပ်လေလံကြေး ကျပ်သိန်း ၁,၃၀၀ ခန့်ရရှိခဲ့ကြောင်း ဦးကျော်ဇောအောင်က ဆိုသည်။ မြို့တွင်း ခွင့်ပြုထားသည့်ရေကစား မဏ္ဍပ် ၁၂ ခုရှိပြီး မန္တလေးကန် တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ်တစ်ခု ခွင့်ပြုထားကြောင်း ၎င်း ကဆက်လက်ပြောကြားသည်။

မိသားစုအလိုက် ရေစုပ်စက်များဖြင့် ရေကစားချင်သူများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွင် ကျပ် နှစ်သိန်းနှုန်းဖြင့် လာရောက် လျှောက်ထားနိုင်ပြီး ကျုံးအနောက်ဘက်လမ်း ၈၀၊ ၁၉ လမ်းမှ ၁၂ လမ်းအထိနှင့် ကျုံးမြောက်ဘက် ခြမ်းတို့တွင် ခွင့်ပြုမည်ဖြစ်သည်။