ကြင်နာတယ်ဆိုတာ သင်ပေးလို့ရသလား

မိမိရင်သွေးများ မူကြို ကျောင်း စတက်ပြီ၊ အိမ်ကနေပြီး အပြင်ကမ္ဘာကို စတင်ထိတွေ့ပြီဆိုသည်နှင့် မိဘများ အပူကြီးပူကြသည့် အတွေးတစ်ခုရှိသည်။ ကျောင်းမှာ မိမိကလေးကို တခြားကလေးများက အနိုင်ကျင့်ကြမလား၊ အားကြီး သော ကလေးများ၏ နှိပ်စက်မှုကို ခံနေရမလားဆိုသည့် အတွေးပဲဖြစ်၏။ ပူမည်ဆိုလည်း ပူစရာပင်။ ကလေးငယ်အချင်းချင်းပင် မဆိုထားနှင့် အထက်တန်းကျောင်းအရွယ် ကလေးများမှာပင် အချင်းချင်း အနိုင်ကျင့်ခြင်း၊ ခွန်အားကြီး သည့်  ကလေးက အငယ်များကို ဗိုလ်ကျခြင်းများ ရှိကြသည်။ သည်အချက်များကို ကာကွယ်ရန် မိဘအများစုက ‘‘ဘယ်သူလာလုပ်လုပ် ဆရာမကို ချက်ချင်းတိုင်နော်’’ဟု မိမိရင်သွေးများကို မှာကြားလေ့ ရှိသည်။

တချို့ခပ်သည်းသည်း မိဘ များကမူ ‘‘ဟေ့ ... ဘယ်သူလာလုပ်လုပ် မခံနဲ့နော်၊ ငိုမလာနဲ့နော်၊ ပြန်သာချ၊ ကြားလား၊ ကျန်တာအကုန် အဖေရှင်းမယ်’’ဟု အိမ်ကတည်းက သည်ပြဿနာ ဖြေရှင်း နည်းကို သင်ပေးထားကြသည်။

တကယ်လက်တွေ့မှာလည်း  ကလေးများက ကျောင်းမှာ တခြားကလေးများနှင့်ကြုံတိုင်း အဆိုပါ နည်းနှစ်နည်းကို သုံးပြီး ဖြေရှင်း ကြသည်။ ထိုသို့ဖြေရှင်းရာမှာ အ ကြမ်းဖက်မှုကို အကြမ်းဖက်မှုနှင့် တုံ့ပြန်တတ်သော ကလေးသည် ကြီးပြင်းလာသည့်အခါ စိတ်ထား လည်း ကြမ်းတမ်းလာပြီး လူမှုရေး အဆင်မပြေသူ ဖြစ်လာတတ် သည်။

ထိုသူမျိုးမှာ အများနှင့် ပြေလည်အောင် ညှိနှိုင်းလိုသည့် စိတ် မရှိသည့်အတွက် စုပေါင်းလုပ်ရ သည့် အသင်းအဖွဲ့အလုပ်များမှာ လည်း အဆင်မပြေတတ်။ အ ပေါင်းအသင်းနည်းပြီး အထီးကျန် ဖြစ်သူ ဖြစ်လာသည်ဟု ကလေး စိတ်ပညာရှင်များက ဆိုသည်။

ထို့ကြောင့် ကလေးများကို အသက်ကြီးလာသည့်အခါ တစ် ဖက်သား၏ ခံစားမှုကို နားလည် ခံစားတတ်အောင်၊ မည်သူနှင့်မဆို ညှိနှိုင်းလုပ်ကိုင်တတ်စေအောင်၊ လူမှုဝန်းကျင်မှာ စိတ်ထားကောင်းသူများ ဖြစ်လာစေရန် အမေရိကန်နှင့် အနောက်နိုင်ငံများက ကလေးများကို ကြင်နာခြင်း သင်ခန်းစာများ စတင်သင်ပေးနေပြီ ဖြစ် သည်။

‘‘ကဲ ... ကိုယ့်ရင်ထဲကို ကိုယ်ဝင်ကြည့်ပြီး ဘယ်လိုခံစားနေရသလဲ ဆရာမကို ပြောပြကြပါဦး’’ဟု နယူးယောက်မြို့ ကွင်းန်အရပ်က ဆရာမတစ်ဦးက သူ၏ မူကြို ကျောင်းသားကလေးများကို မေး နေကြခြင်းဖြစ်၏။

‘‘ပျော်တယ်’’ဟု ကလေးမလေးတစ်ယောက်က ဖြေသည်။ ‘‘နေမကောင်းဘူး’’ဟု ယောက်ျား လေးတစ်ယောက်က ပြန်ပြော၏။ နောက်ထပ် မိန်းကလေးတစ် ယောက်ကမူ ရှက်သည်ဆိုသည့် အမူအရာမျိုး လုပ်ပြ၏။

အဆိုပါ လေ့ကျင့်ခန်းသည် ကြင်နာခြင်း သင်ခန်းစာထဲက သင်ရိုးတစ်ခု ဖြစ်သည်။ သည်သင်ရိုးကို အမေရိကန်နိုင်ငံရှိ ၀င်ကွန် ဆင်တက္ကသိုလ်က ရေးဆွဲထား ခြင်းဖြစ်၏။ အဆိုပါသင်ရိုးတွင် ကစားနည်းများ၊ သီချင်းများနှင့် မူကြိုကလေးများကို သူတို့၏ စိတ်ခံစားမှုကို အလေးထားမိလာ အောင် လုပ်ပေးထားသည်။

‘‘ကျွန်မတို့ရဲ့ ကမ္ဘာကြီးက ကြောက်စရာနေရာကြီး တစ်ခုပါ။  ကျွန်မတို့ရဲ့ ပြင်ပလောကမှာ ဖြစ် နေတာတွေကို ကျွန်မတို့ အမြဲ တမ်း ထိန်းချုပ်မထားနိုင်ဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ပြင်ပလောက ပယောဂတွေကို တုံ့ပြန်ရာမှာ ထိန်းချုပ်တတ်စေဖို့ ကျွန်မတို့ သင်ပေးနေတာပါ’’ဟု ဆရာမဒင်နီယယ်လ်က ရှင်းပြသည်။

မူကြိုကျောင်းတွေမှာ ကြင် နာခြင်းသင်ခန်းစာများကို ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး မိတ်ဆက်သင်ကြားပေးခဲ့သည်။ ကမ္ဘာတစ်ဝန်းက ကျောင်းဆရာ၊ မိဘနှင့် တခြားပညာရေးပံ့ပိုးသူများက အ ဆိုပါ သင်ခန်းစာများ သင်ကြားပေးရန် သဘောတူလက်မှတ်ရေး ထိုးထားကြ၏။ ကြင်နာခြင်း သင်ခန်းစာသည် ကလေးများကို စိတ်ဖိစီးမှုများနည်းစေပြီး တခြားသူများနှင့် မသင့်မမြတ်ဖြစ်ခြင်းကို လျှော့ချပေးနိုင်သည်ဟု နယူးယောက်မြို့ ဂျက်ဆင်ဟိုက်ကျောင်းက ကျောင်းအုပ်ဆရာမ ကယ်ရင်အဲလစ်က ဆိုသည်။

 ‘‘ကိုယ်က သူများတွေကို မကြင်နာတတ်ဘူးဆိုရင် အဲဒါက တကယ်တော့ ကိုယ်ကိုယ်တိုင် ဖြစ်နေတာ၊ ကိုယ့်စိတ်ထဲမှာ စိတ် အခံမကောင်းလို့ ဖြစ်နေတာ။ ကလေးတွေအနေနဲ့ ဒါလေးကို သတိရှိနေမယ်ဆိုရင် အချင်းချင်း မသင့်မြတ်တာတွေ ရှိတော့မှာ မဟုတ်ဘူး’’ ငယ်ငယ်ကတည်းကနေ သူ တစ်ပါးကို ကြင်နာသနားတတ်ရန် သင်ကြားပေးခံရသော ကလေး များသည် တစ်ကိုယ်ကောင်းဆန် မှု နည်းပါးသည်။ အရာရာကို သူ တစ်ပါးနှင့် မျှဝေရယူလိုစိတ်ရှိ သည်။ ထို့အပြင် အဆိုပါ ကလေး များသည် အာရုံစူးစိုက်အား ကောင်းသည်။ သူတို့၏ ပညာရှင် ဆိုင်ရာ စွမ်းဆောင်မှုမှာလည်း တိုးတက်လာစေသည်ဟု စိတ်ပညာရှင် ဒေါက်တာလီဇာဖလုခ် ဦးဆောင်သည့် သုတေသနအရ သိရ၏။

တချို့ကလည်း ကလေးတွေ ကို ကြင်နာတတ်အောင် သင်ပေး ရာမှာ ဆရာများထက် မိဘများက ပိုကောင်းသည်ဟု ငြင်းခုံကြ သည်။ သို့သော်လည်း ကျောင်း စာသင်ခန်းကိုလာသည့် ကလေး သည် စိတ်ပူပန်၊ ဒေါသထွက်၊ ကြောက်ရွံ့နေပါက သူတို့အနေ ဖြင့် ကျောင်းစာကိုကောင်းကောင်း အာရုံမစိုက်နိုင်ဟု ဒေါက်တာ ဖလုခ်က ထောက်ပြ၏။

 ‘သူငယ်ချင်းတွေ ဆရာတွေနဲ့ ဆက်ဆံရေးအဆင်ပြေတဲ့ ကလေးက ကျောင်းမှာလည်း စာ သင်ရပိုကောင်းတယ်’

ထို့ပြင် ကြင်နာတတ်သော ကလေးများသည် သူတို့ကြီးပြင်း လာသောအခါမှာလည်း ကောင်း မွန်သော ဘ၀ကိုပိုင်ဆိုင်ကြသည်။ ကြင်နာတတ်အောင် သင်ပေးခြင်း ခံရသော ကလေးများကို တောက် လျှောက်လိုက်ပြီး ဆန်းစစ်ကြည့် ရာ သူတို့သည် အတန်းကြီးလာ သည့်အခါ သဘောကောင်း သော၊ ကူညီတတ်သော၊ ခင်မင် တတ်သောသူများ ဖြစ်လာကြ သည်ကို တွေ့ရ၏။ သင်္ချင်္ာနှင့် ဖတ်စာမှာ ပိုတော်သကဲ့သို့ တခြားသူများနှင့်လည်း ပေါင်းသင်းဆက် ဆံရေး အဆင်ပြေကြသည်ဟု ၂၀၁၅ ခုနှစ်က သုတေသနတစ်စောင်မှ ဖော်ပြထားသည်။

 ကလေးများကို ကြင်နာ အောင် သင်ကြားပေးသည့် ကြင်နာခြင်း သင်ခန်းစာများသည် ကလေးများ၏ စိတ်အခြေအနေနှင့် ကိုက်အောင် ရေးဆွဲထားခြင်းဖြစ်သည်။ သို့သော်လည်း အထူးအဆန်းကြီးများ မဟုတ်၊ သူတစ်ပါးကို နားလည်စိတ်၊ စာနာထောက်ထား စိတ်ထားရှိလာအောင် သင်ကြား ပေးခြင်းသာ ဖြစ်သည်။ ထိုအထဲ တွင် အောက်ပါသင်ကြားနည်း များ ပါဝင်သည်။

(၁) နှလုံးသားဖြင့် သူတစ်ပါးကို စာနာနားလည်အောင် ခံစားစေ ခြင်း

(၂) ကြင်နာခြင်းနှင့်ဆိုင်သော အ တုယူဖွယ်ပုံပြင် ဇာတ်လမ်းများကို ဖတ်ပြခြင်း

(၃) ကလေးများ၏ တစ်နေ့တာ မှာ မည်သည့် ကောင်းမှုပြုခဲ့သ လဲမေးမြန်းခြင်း (ဥပမာ - အဘိုး ကို မျက်နှာသစ်သုတ်ပ၀ါ ရှာပေးခြင်း၊ အမေ့ကို အခန်းတံခါးဖွင့်ပေးခြင်း၊ ကစားစရာ အရုပ်မရှိသော သူငယ်ချင်းကို ကစားစရာပေးခြင်း)

(၄) သူတစ်ပါးကို ကူညီပေးလိုက် ရသည့်အခါ မည်သို့ကြည်နူးရ သည်ကို ပြန်လည်ပြောပြခိုင်းခြင်း

(၅) သူတစ်ပါးနှင့် စားစရာမျှဝေ စားရန်၊ ကစားစရာမျှဝေကစား စေရန်၊ အလှူအတန်း လုပ်ရသည်ကို သဘောကျလာအောင် လေ့ ကျင့်ပေးခြင်း

(၆) ဒေါသဖြင့် အကြမ်းဖက်ခြင်း ဆူပူခြင်းဖြင့် ကိုယ်လိုချင်သော ရလဒ်မရသည်ကို နားလည်သ ဘောပေါက်အောင် ရှင်းပြခြင်း

(၇) ညှိနှိုင်းဖြေရှင်းတတ်ရန် သင် ကြားပေးခြင်း

(၈) သူတစ်ပါးက ကိုယ့်ကို ကူညီ သောအခါ ကျေးဇူးတင်ကြောင်း ပြောတတ်ရန်။ သူတစ်ပါး မတော်တဆ ထိခိုက်နစ်နာမှု လုပ်မိပါလျှင် တောင်းပန်တတ်စေရန် သင်ကြားပေးခြင်း

(၉) အရာရာကို အပြုသဘော ဆောင်တတ်၊ မြင်တတ်လာ အောင် လေ့ကျင့်ပေးခြင်း

(၁၀) အပြောအဆို ချိုသာယဉ် ကျေးအောင် လေ့ကျင့်ပေးခြင်း

သို့သော်လည်း ကြင်နာတတ်လာအောင် ကလေးများကို သင်ပေးရာမှာ အရေးကြီးဆုံးအချက် တစ်ခုရှိသည်။ ကလေးများကို ကြင်နာအောင် သင်ကြားပေးသူ ဆရာ (သို့မဟုတ်) မိဘကိုယ်တိုင် က ကြင်နာတတ်ဖို့လည်း လို သည်။ မကြင်နာတတ်သေးပါက ကြင်နာတတ်အောင် အရင်လေ့ ကျင့်သင်ယူရမည်။ သို့မှသာ ကလေးတွေအတွက် စံနမူနာ ကောင်း ဖြစ်ပေမည်။

ကိုးကား-Kindness Curriculum