ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဌာနေကိုယ်စားလှယ် (ယာယီ)နှင့်တွေ့ဆုံခြင်း

‘‘အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမှုကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ကူးပြောင်းမှုနဲ့ တည်ငြိမ်မှုတွေမှာ ရှေ့ဆက်တိုးတက်လျက်ရှိတယ်ဆိုတာ သက်သေပြနေပါတယ်’’
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဌာနေကိုယ်စားလှယ် Knut Ostby (ဓာတ်ပုံ − နစ်ကီ)

မြန်မာနိုင်ငံသည် ၁၉၄၈ တွင် ကမ္ဘာ့ကုလသမဂ္ဂသို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။ ကုလ၏ပထမ ဆုံးရုံးကို မြန်မာနိုင်ငံ၌ ၁၉၅၇ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင်စစ် အစိုးရလက်ထက်၌ အကူအညီ ပေးမှုများလျှော့ချခဲ့ပြီး ၂၀၁၂ ကစ၍ အကူအညီများကို အကန့် အသတ်ဖြင့် ပြန်ပေးခဲ့သည်။ ပိတ် ဆို့မှုများဖယ်ရှားပြီးနောက် ကုလ သမဂ္ဂလက်အောက်ခံ အေဂျင်စီ များ ပိုမိုဝင်ရောက်လာပြီး အကူ အညီများ အရှိန်မြှင့်ပေးခဲ့သည်။ လက်ရှိတွင် ကုလသမဂ္ဂလက် အောက်ခံအေဂျင်စီ ၁၆ ခုက ပြည် တွင်းနှင့် နိုင်ငံတကာဝန်ထမ်း ၂,၄၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ၌ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး၊ လူသားချင်းစာနာ မှုဆိုင်ရာ အကူအညီများထောက် ပံ့ခြင်း၊ ကလေးသူငယ်ဆိုင်ရာကာ ကွယ်ဆေးထိုးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းနှင့် အများပြည်သူ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်ပံ့ပိုးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နေသည်။ ထို့အပြင် ကုလအဖွဲ့က မြန်မာနိုင်ငံတွင် စီးပွားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စသည့်  ကဏ္ဍများတွင် လည်း ပံ့ပိုးဆောင်ရွက်နေသည်။ ကုလလက်အောက်ခံ အေ ဂျင်စီ ၁၆ ခုမှာ UNAIDS၊ WFP၊ UNHCR၊ UNOPS၊ UNDP၊ WH0၊ UNODC၊ UNESO၊ UNI-CEF၊ ILO၊ IOM၊ FAO၊ UNFPA၊ UNHABITAT၊ UNOCHA နှင့် UNWOMEN စသည်တို့ဖြစ်သည်။

ကုလအဖွဲ့က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေမှုအခြေအနေ များ၊ ရခိုင်ပြည်နယ်အရေး၊ ငြိမ်း ချမ်းရေး၊ စီးပွားရေး စသည့်ကဏ္ဍ များနှင့် မြန်မာနိုင်ငံအပေါ် မူဝါဒ များကို သိရှိနိုင်ရန် 7Day News က ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ဌာနေကိုယ်စားလှယ် (ယာယီ) ခနုသ်အာစဘီ (Knut Ostby) အား ရန်ကုန်မြို့ရှိ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ရုံးတွင် သီးသန့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကချင်နဲ့ ရှမ်းမြောက်က IDP (စစ် ဘေးဒုက္ခသည်)တွေကို အကူအ ညီပေးနေတဲ့ အခြေအနေကို ရှင်း ပြပေးပါ။

အဲဒီနေရာတွေမှာ ရှိတဲ့ IDP တွေဆီကို ကျွန်တော်တို့ ၂၀၁၆ နှစ်လယ်ပိုင်းအထိပဲ သွားရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက စပြီး အစိုးရရဲ့ထိန်းချုပ်မှုအောက် မှာ မရှိတဲ့ နေရာတွေကို အသက် ကယ်အထောက်အပံ့တွေပေးဖို့ သွားရောက်ခွင့်မပြုတော့ပါဘူး။ UN ကနေ အရပ်သားတွေကို လူ သားချင်းစာနာထောက်ထားမှုအ ကူအညီတွေ ပေးအပ်ရာမှာ တား မြစ်ခံရတယ်ဆိုတာ အင်မတန် ဖြစ်ခဲတဲ့ အခြေအနေပါ။ အဲဒီအ တွက် ကျွန်တော် အတော်လေး စိုး ရိမ်ပူပန်မိပါတယ်။

အဲဒီနေရာတွေကို သွား ရောက်ခွင့်ရတဲ့ ပြည်တွင်း NGOတချို့တော့ ရှိပါတယ်။ ကျွန်တော် တို့နဲ့ အလှူရှင်တွေက အဲဒီအဖွဲ့ တွေကို ထောက်ပံ့ပေးနေပါတယ်။ အဲဒီနေရာတွေကို ကျွန်တော်တို့ သွားရောက်ခွင့်မရတဲ့အတွက် အဲဒီက IDP တွေအနေနဲ့ အကူအညီ အထောက်အပံ့တွေ လုံလုံလောက်လောက် မရကြမှာကို ကျွန်တော် စိတ်ပူမိပါတယ်။ အဲဒီနေရာတွေ ကို သွားရောက်ကူညီခွင့်ရဖို့အ တွက် အခွင့်အရေးရတာနဲ့ ကျွန် တော်တို့ ညှိနှိုင်းဆွေးနွေးဖို့ ကြိုး စားသွားမှာပါ။

အခုလက်ရှိ ကချင်ပြည်နယ် မှာ ကျွန်တော်တို့လုပ်ကိုင်ခွင့်ရှိတဲ့၊ အစိုးရဲ့ထိန်းချုပ်မှုအောက်မှာ ရှိ တဲ့နေရာတွေက IDP စခန်းပေါင်း  ၁၀၀ မှာ နေထိုင်နေတဲ့ လူပေါင်း ၄၆,၀၀၀ ကို ကျွန်တော်တို့ကူညီ ထောက်ပံ့ပေးနေပါတယ်။

လူကြီးမင်းအနေနဲ့ တပ်မတော်နဲ့ ကော တွေ့ဆုံဖြစ်ပါသလား။

ကျွန်တော်တို့ဟာ ဗဟိုအဆင့် မှာကော၊ ကျွန်တော်တို့ရဲ့လုပ်ငန်း တွေဆောင်ရွက်နေတဲ့ ဒေသတွေ မှာရော တပ်မတော်နဲ့ ပုံမှန်အ ဆက်အသွယ်ရှိပါတယ်။ ဖွံ့ဖြိုးမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ လူ့အခွင့်အ ရေး အစရှိတဲ့ ကိစ္စရပ်တွေနဲ့ပတ် သက်ပြီး ကျွန်တော်တို့တွေ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပါတယ်။ တ ချို့နေရာတွေမှာ သွားရောက်ကူ ညီပံ့ပိုးခွင့်ကိစ္စကိုလည်း ကျွန်တော်တို့ဆွေးနွေးပါတယ်။ အကူအညီ လိုအပ်နေသူတွေဆီကို ပိုမိုသွား ရောက်ခွင့်ရရေးအတွက် လမ်းဖွင့် နိုင်မယ့် မည်သည့်ဆွေးနွေးမှုမျိုး ကိုမဆို ကျွန်တော်တို့ကြိုဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ အစိုးရလက်ထက်မှာ UN ရဲ့ အကူအညီတွေ တိုးလာပါသလား။ ဒါမှမဟုတ် လျော့သွားပါသလား။ လာမယ့်နှစ်တွေမှာကော ဘယ်လို အပြောင်းအလဲတွေ ရှိနိုင်ပါသလဲ။ ကျွန်တော်တို့တွေမှာ နိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အ ခါ ချမှတ်ထားတဲ့ အခြေခံစည်းမျဉ်း တွေနဲ့အညီ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမယ်ဆိုတဲ့ မူဝါဒရှိပါတယ်။ ကျွန်တော်တို့တွေဟာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ဒီမိုကရေစီကူးပြောင်းမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ၂၀၁၂ ခုနှစ်ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ရဲ့အကူအညီအထောက်အပံ့တွေ အများကြီးတိုးလာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ဆောင်သမျှအရာတိုင်းဟာ နိုင်ငံတကာမူတွေ၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီရမှာဖြစ်ပါတယ်။ အဲဒီ နိုင်ငံတကာ မူတွေ၊ စံတွေကို သတ်မှတ်တဲ့နေရာမှာ မြန်မာနိုင်ငံ ဟာလည်း ကုလသမဂ္ဂရဲ့အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ပါဝင်လုပ် ဆောင်နေတာဖြစ်ပါတယ်။ ဒီမူ တွေဟာ မြန်မာနိုင်ငံနဲ့ ဘာမှ မသက်ဆိုင်တဲ့ ပြင်ပက လာတဲ့ သတ်မှတ်ချက်တွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ UN ရဲ့ အစိတ်အ ပိုင်းတစ်ခုဖြစ်သလို UN ကလည်း မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းတစ် ရပ်ပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ တစ်တွေ တူညီစွာ ထားရှိတဲ့ တန်ဖိုးတွေနဲ့ မကိုက်ညီတာ တစ်စုံတစ်ရာ ရှိလာတဲ့အခါ ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ ဝေဖန် ထောက်ပြမှုတွေ ပြုပါတယ်။ ဖြေ ရှင်းနိုင်မယ့်နည်းလမ်းတွေ ရဖို့ကို လည်း ကျွန်တော်တို့ အမြဲတမ်း ကူညီပေးနေပါတယ်။ ကျွန်တော် တို့ရဲ့ ပြင်းပြတဲ့ဆန္ဒက နိုင်ငံ့ခေါင်း ဆောင်တွေ၊ နိုင်ငံအာဏာပိုင်တွေ ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံကို ရှေ့ဆက်တိုးတက်ဖွံ့ဖြိုးအောင် ကူညီပေးဖို့ပါပဲ။ အဲဒီအတွက် ကျွန်တော်တို့တတ်နိုင်တဲ့ အကူအ ညီတွေကို ပေးနေတာပါ။ တစ်ခါ တစ်ရံမှာ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်တာတွေ တွေ့ရင် ကျွန် တော်တို့က ဝေဖန်ထောက်ပြပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့အမြဲ ဦးတည်လုပ်ဆောင်တာက ဖြေ ရှင်းနိုင်မယ့်နည်းလမ်းတွေကို အ ကြံပေးဖို့၊ ကူညီပေးဖို့ပါပဲ။

ပြည်သူတွေရဲ့ဘဝတိုးတက် ဖို့ အထောက်အကူပြုချင်တာက ကျွန်တော်တို့ရဲ့အဓိကစိတ်ဆန္ဒ ပါ။ ကျွန်တော်တို့ဟာ ခိုင်မာအား ကောင်းတဲ့၊ ရိုးသားပွင့်လင်းတဲ့ မိတ်ဖက်ပြုပူးပေါင်းမှုမျိုးကို လို လားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ UN အဖွဲ့အ စည်းတွေမှာ ဝန်ထမ်းပေါင်း ဘယ်လောက် အလုပ်လုပ်နေတယ်ဆို တာ ပြောပြပေးနိုင်ပါသလား။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရဲ့ဝန်ထမ်းပေါင်း ၂,၄၀၀ လောက် ရှိပါတယ်။ အဲဒီထဲက အများစုဖြစ် တဲ့ ၂,၀၀၀ လောက်က မြန်မာဝန် ထမ်းတွေပါ။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့အ ထဲက ဘယ်စီမံချက်ကို အားရကျေနပ်ပါသလဲ။

ကျွန်တော်တို့မှာ စီမံချက်တွေ အများကြီးရှိပါတယ်။ အကြိုက်ဆုံး တစ်ခုကို ပြောပြပေးပါလို့ဆိုရင် ပြောဖို့ ခက်ခဲပါလိမ့်မယ်။ မကြာသေးခင်က ကျွန်တော် ကချင်ပြည်နယ်က WFP ရဲ့စာသင်ကျောင်း တွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နေ့စဉ် မူလတန်းကျောင်းတွေက မိန်းကလေး၊ ယောက်ျားလေးပေါင်း ၄၀,၀၀၀ ကို ကျောင်းပညာတွေ ပိုပြီး ကောင်းကောင်းမွန်မွန်သင် ယူနိုင်ဖို့အတွက် အာဟာရရှိတဲ့ နေ့လယ်နေ့ခင်း အဆာပြေစား စရာ မုန့်ပဲသရေစာတွေကို ကျွေး မွေးနေပါတယ်။ WFP က ဘီစ ကွတ်မုန့်တွေကို ပညာရေးဝန်ကြီး ဌာနကို ထောက်ပံ့ပေးပြီး ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို ပြန်လည် ဝေငှပေးတာဖြစ်ပါ တယ်။ လက်ရှိမှာ ကျွန်တော်တို့ဟာ ကချင်ပြည်နယ်မှာ ရှိတဲ့ မူလတန်း ကျောင်းသား၊ ကျောင်းသူအားလုံး ရဲ့ ၇၅ ရာခိုင်နှုန်းကို ကျွေးမွေးနိုင် နေပြီဖြစ်ပါတယ်။

နောက်ထပ်ဥပမာတစ်ခုကို ထပ်ပေးရမယ်ဆိုရင် မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ ရန်ကုန် မှာရှိတဲ့ တရားဥပဒေစိုးမိုးရေးစင် တာတွေပဲ ဖြစ်ပါတယ်။ အဲဒီစင် တာတွေကနေ ဥပဒေနဲ့ပတ်သက် တဲ့ အသိပညာဗဟုသုတတွေကို မြှင့်တင်ပေးနေပါတယ်။ အထူးသ ဖြင့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ရွာလူ ထု ခေါင်းဆောင်တွေအတွက် ဆောင်ရွက်ပေးနေတာပါ။ ဥပဒေ ဆိုတာ လူတွေကို အပြစ်ပေးဖို့ တစ်ခုတည်းအတွက် ရှိနေတာမ ဟုတ်ဘူးဆိုတာကို ဒီစင်တာတွေ ကနေ သင်ကြားပေးပါတယ်။ ဥပဒေဆိုတာ လူတွေကို ကူညီဖို့၊ လူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အ တွက်လည်းဖြစ်ပါတယ်။ ပြည်သူ တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ဒီအချက်ကို သိရှိဖို့ အလွန်ပဲ အရေးကြီးပါတယ်။ မှန်ပါတယ်။ ဒီနိုင်ငံ မှာ ပြင်ဆင်ပြောင်းလဲရမယ့် ဥပဒေတချို့ ရှိနေပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဥပဒေတွေလည်းရှိ ပါတယ်။

အဲဒါပြီးတော့ Financial Inclusion လို့ခေါ်တဲ့ ငွေရေးကြေး ရေးအရ အားလုံးပါဝင်နိုင်မှုပါ။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေ၊ ဘဏ်ငွေစာရင်းတွေ၊ ချေးငွေတွေ စတာတွေကို လက်လှမ်းမီအသုံး ပြုနိုင်တဲ့လူဟာ နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လူတွေကို တရားဝင်စီးပွားရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်နိုင်အောင် ကူညီ ပေးတဲ့ အစီအစဉ်တွေ ကျွန်တော် တို့မှာရှိပါတယ်။ အဲဒီအစီအစဉ် ကနေ လူပေါင်း ၂ ဒသမ ၁ သန်း ကို ဝန်ဆောင်ခဲ့ပေးပါတယ်။

စီမံချက်တွေအများကြီးရှိတဲ့ အတွက် အနှစ်သက်ဆုံးတစ်ခုကို ရွေးပြောဖို့ ခက်ပါတယ်။ ကျွန် တော်တို့တွေ ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေဟာဆိုရင် အလွန် အင်မတန်အရေးကြီးပြီး ကျွန်တော်အရမ်းစိတ်ဝင်စားတဲ့ လုပ်ငန်းတွေ ပါ။ ကျွန်တော်တို့ဆီမှာ လွှတ်တော်နဲ့ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲ  ရေးတွေမှာ ပံ့ပိုးလုပ်ဆောင်နေတဲ့ အစီအစဉ်တစ်ခုလည်းရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ် သက်တဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်း တွေအပေါ်မှာလည်း ကျွန်တော် တကယ်ပဲ စိတ်အားထက်သန်ပါ တယ်။ သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးက ကျွန်တော်တို့ကို ဖိတ် ခေါ်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အကူအညီတွေကို  ဒီထက်မက ပေးသွားနိုင်တဲ့အ တွက် အခုထက် ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ကူညီပေးချင်ပါတယ်။

UN အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် ကူညီပေးတာတွေ ရှိပါသလား။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခုထက်ပိုပြီး ပါဝင်ဆောင်ရွက် ပေးချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိပါတယ်။ ၂၀၁၆ ခုနှစ်က စပြီး UNDP အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အရေးကြီးတဲ့ နည်း ပညာဆိုင်ရာ၊ ငွေကြေးနဲ့ အဖွဲ့အ စည်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေး နေပါတယ်။ ဒီထက်ပိုပြီး ကျွန် တော်တို့လုပ်ပေးနိုင်တာတွေ ရှိပါ သေးတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျွန်တော်တို့ ကို ဖိတ်ခေါ်မှုပေါ်မှာ မူတည်ပါတယ်။ UN ရဲ့အထူးကိုယ်စားလှယ်ရှိစဉ်တုန်းကတော့ UN အနေနဲ့ အခုထက်ပိုပြီး ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်သူတွေကို ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ကမ်းလှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ပြီး အရွေ့တစ်ခု ရှိနေစေဖို့အတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီး တဲ့နေရာမှာ အထောက်အကူပြု နိုင်တဲ့ ကျွမ်းကျင်မှုတွေကို ဒီနိုင်ငံ အတွက် ကျွန်တော်တို့ ယူဆောင် ပေးလိုပါတယ်။

စီမံကိန်းအသစ်တွေလုပ်ဖို့ အစီ အစဉ်ရှိပါသလား။

အခုဆိုရင် ကျွန်တော်တို့ဟာ အစိုးရရဲ့ ဒုက္ခသည်တွေကို ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီပေးဖို့ ဆွေးနွေးနေပါ တယ်။ အဲဒီဆွေးနွေးမှုတွေကနေ ဒုက္ခသည်တွေရဲ့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာ ရှိစွာနဲ့ မူလနေရပ်တွေကို ပြန်လာ ပြီး ရေရှည်နေထိုင်နိုင်မှုတွေ ဖြစ် လာလိမ့်မယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်။ ကျွန်တော်တို့မှာ ရခိုင်ပြည်နယ်အတွက် ဂျပန်နဲ့ ရော အစိုးရနဲ့ပါ သဘောတူညီ ချက်ရထားပြီးဖြစ်တဲ့ စီမံချက်အ သစ်တစ်ခုရှိပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ နောက်ထပ်ဆောင်ရွက်မယ့် လူသားချင်း စာနာထောက်ထားမှုအ ကူအညီပေးရေးဆိုင်ရာ စီမံချက်တွေအတွက် အဆိုပြုလွှာအသစ် တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီပေး ရေး လေးနှစ်စာမူဘောင်တစ်ခုအ တွက် အဆိုပြုလွှာတစ်ခုကိုလည်း အပြီးသတ် ပြုစုပြီးတာ မကြာသေး ပါဘူး။

ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုတွေအတွက် ဖြေရှင်းနိုင် မယ့် နည်းလမ်းတွေ ထပ်မံဖော် ထုတ် အကောင်အထည်ဖော်နိုင် ရေး ကူညီပေးသွားဖို့ အဆင်သင့် ရှိနေပါတယ်။

စီးပွားရေးနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးရေးတွေနဲ့ ပတ်သက်ပြီး လူကြီး မင်းရဲ့အမြင်ဘယ်လိုရှိပါသလဲ။

အခုလက်ရှိ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် သိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအ တွက် ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ တခြားနယ်ပယ်အများအပြားမှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ ဟာ ရခိုင်အရေးကိစ္စကြောင့် နှေး ကွေးသွားတာ မှန်ပေမယ့်လည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ တိုး တက်မှုတွေ ပြန်ပြီး အရှိန်အဟုန် မြင့်လာဖို့အတွက် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ကျွန် တော်တို့အနေနဲ့လည်း ဒီနိုင်ငံကို ပံ့ပိုးကူညီပေးဖို့ အသင့်ပါပဲ။ နိုင်ငံ ရဲ့မဟာဗျူဟာကျတဲ့ တည်နေရာ အနေအထား၊ သဘာဝသယံဇာတပေါ​ကြွယ်ဝမှု၊ စိုက်ပျိုးဖြစ်ထွန်းတဲ့ မြေနဲ့ ပညာရည်အဆင့်အတန်း မြင့်မားတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ရှိတာကြောင့် နိုင်ငံရဲ့အလားအ လာဟာ အင်မတန် ကြီးမားပါ တယ်။ ကျွန်တော်တို့အနေနဲ့ အသွင်ကူးပြောင်းမှုသုံးခုနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စကို အာရုံစိုက်ပြီး ဆက် လက်ဆောင်ရွက်သွားဖို့ပဲ လိုအပ် ပါတယ်။

ဘာများဖြည့်စွက်ပြောချင်ပါသေး သလဲ။

ကျွန်တော့်အနေနဲ့ နိုင်ငံတော် သမ္မတအသစ်ကို ဂုဏ်ပြုစကား ပြောကြားလိုပါတယ်။ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမှုကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီကူးပြောင်းမှုနဲ့ တည်ငြိမ်မှုတွေမှာ ရှေ့ဆက်တိုး တက်လျက်ရှိတယ်ဆိုတာ သက် သေပြနေပါတယ်။

နောက်ထပ် ပြောချင်တာ တစ်ခုကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့အတူ လက်တွဲ ဆောင်ရွက်ဖို့အတွက် ဒီမှာ ရှိနေ ကြတာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကမ္ဘာတစ်ဝန်း လုံးက အကောင်းဆုံးကျင့်သုံးမှု၊ အတွေ့အကြုံတွေနဲ့ ပါဝင်ကူညီ ပေးသွားဖို့ ဖြစ်ပါတယ်။ ကျွမ်းကျင်မှုတွေ၊ ရန်ပုံငွေတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ ကျွန်တော်တို့ ကူညီပေးလိုပါ တယ်။ မြန်မာနိုင်ငံနဲ့ UN ဟာ နှစ်(၇၀) ကြာ သမိုင်းကြောင်း တစ်ခုကို အတူတကွ လျှောက် လှမ်းခဲ့ကြပြီး ကျွန်တော်တို့လုပ်ငန်း တွေရဲ့အဓိကမဏ္ဍိုင်တွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ လူ့အခွင့်အရေးတွေအတွက် တူညီတဲ့ ပန်းတိုင်တွေကိုလည်း ထားရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ရဲ့အကျိုးစီးပွားကို သယ်ပိုးပေးဖို့ က ကျွန်တော်တို့ရဲ့ နှလုံးသားထဲ က ဆန္ဒဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေနဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ ပြည့် နှစ်မှာ ဆင်းရဲမှုပုံစံမျိုးစုံ အဆုံး သတ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ပေးသွားဖို့ အသင့်ရှိနေတယ် ဆိုတာ ပြောချင်ပါတယ်။ 

More in Interview Section