ဓာတုလက်နက် အသုံးပြုခဲ့ရိုး မှန်ပါက ဆီးရီးယားကို စစ်ရေးအရ တုံ့ပြန်မည်ဟု ထရမ့်ခြိမ်းခြောက်

အရပ်သားများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည် ဆိုပါက ဆီးရီးယား အစိုးရကို စစ်ရေးအရ တုံ့ပြန် အရေးယူမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားခဲ့သည်။

ဒမတ်စကက်မြို့တော် အစွန်ရှိ သူပုန်များ ထိန်းချုပ်ထားရာ အရှေ့ဂူတား ဒေသမှ ဒူးမားအရပ်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန် ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆရသော အခြေအနေ တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူများက ဓာတုဓာတ်ငွေ့ အဆိပ်သင့်သည့် လက္ခဏာများ ခံစားရပြီး ကလေးများ အပါအဝင် လူပေါင်းထောင်ချီ သေဆုံးကြောင်း ပြောကြားခဲ့သည်။ သို့သော် ဒူးမားတွင် ဖြစ်ပွားနေသည့် အခြေအနေ အရပ်ရပ်ကို တိကျစွာ ဆန်းစစ် အတည်ပြုရန် အခက်အခဲများ ရှိနေဆဲ ဖြစ်သည်။

ထရမ့်ကမူ ယင်းကိစ္စ အမှန်တကယ် ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန်တွင် ရှင်းလင်း တိကျသည့် အထောက်အထား တစ်စုံတစ်ရာ ရထားပြီဟု ဆိုသည်။ ၎င်းသည် ဆီးရီးယား ပဋိပက္ခနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မာခရွန်နှင့်လည်း ဆွေးနွေးခဲ့ပြီး ပြင်းထန် တိကျစွာ တုံ့ပြန်မှုမျိုး ရှိလာနိုင်ကြောင်း သတင်းထောက်များကို အသိပေးခဲ့သည်။

“စစ်ရေးအရ ကျွန်တော်တို့မှာ ရွေးချယ်စရာ အများကြီး ရှိတယ်။ ဘယ်လို ဆုံးဖြတ်ဖြစ်မလဲ ဆိုတာကိုတော့ အမြန်ဆုံး အတည်ပြုပေးမှာပါ”ဟု ထရမ့်က ဆိုသည်။ ထရမ့်သည် အစောပိုင်းကလည်း သားရဲတိရစ္ဆာန်သဖွယ် ရက်စက် ကြမ်းကြုတ်လှသည့် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်ကို ထောက်ပံ့ပေးနေသည့် ရုရှားနှင့် အီရန် အစိုးရများကို ဝေဖန် ရှုတ်ချခဲ့သေးသည်။

အာဆတ်သည် အရပ်သားများကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း ယခင်ကလည်း စွပ်စွဲမှုများ တွေ့ကြုံခဲ့ရဖူးသည်။ သို့သော် ရုရှားရော၊ ဆီးရီးယားကပါ ဓာတုလက်နက် အသုံးပြုမှုနှင့် ပတ်သက်၍ အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ထိုအတောအတွင်း အမေရိကန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် နစ်ကီဟာလေက မကောင်းဆိုးရွား အာဆတ်ကို ထောက်ခံနေခြင်းဖြင့် ရုရှား၏ လက်တွင် ဆီးရီးယား ကလေးငယ်များ၏ သွေးများ စွန်းပေနေပြီဟု ဝေဖန် ပြောကြားခဲ့သည်။ ထို့အပြင် ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြုမှုနှင့် ပတ်သက်သည့် စုံစမ်းမှု အသစ်များ ပြုလုပ်နိုင်ရေးအတွက် ကုလသမဂ္ဂတွင် အဆိုတင် တောင်းဆိုသွားမည်ဟု ဟာလေက ဆိုသည်။ ရုရှားဘက်ကမူ ထိုအဆိုပြုမှုသည် လက်ခံနိုင်စရာ မဟုတ်သည့် သတ်မှတ်ချက်များ ပါဝင်နေခြင်းကြောင့် ၎င်းတို့ ထောက်ခံမည် မဟုတ်ဟု တုံ့ပြန်ထားသည်။

Ref: Reuters

More in World News Section