အိန္ဒိယတွင် ရထားတွဲများ ပြုတ်ထွက်ပြီး နောက်ပြန်လိမ့်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဝန်ထမ်းများကို အရေးယ

အိန္ဒိယတွင် ရထားတစ်စီးမှ ပြုတ်ထွက်လာသည့် တွဲဆိုင်းများ မိုင်နှင့်ချီ နောက်ပြန် ရွေ့ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှုများ စတင်နေပြီဟု သိရသည်။

အိန္ဒိယ အရှေ့ပိုင်း အော်ရစ်ဆာ ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ခုတ်မောင်းနေသည့် ရထားတစ်စီးမှာ တွဲဆိုင်း ၂၂ ခု ပြုတ်ထွက်သွားခဲ့သည်။ အဆိုပါ တွဲဆိုင်းများပေါ်တွင် လူပေါင်း ၁၀၀၀ ကျော်မျှ လိုက်ပါလာသည်။

ရထားတွဲများသည် သံလမ်းပေါ်တွင် နောက်ပြန် ရွေ့လျားသွားသည့်နောက် ခရီးသည် အများအပြား အထိတ်တလန့်ဖြင့် တုန်လှုပ် ကြောက်ရွံ့ခဲ့ကြသည်။ ယင်းရထားတွဲများသည် ၇ မိုင်မျှ အကွာထိ နောက်ပြန် ရွေ့ပြီးမှ ရပ်တန့်သွားခဲ့သည်။ နောက်ဖက်တွင် အခြားရထားတစ်စီး ကပ်မပါလာ၍သာ ဆိုးရွားသည့် မတော်တဆမှုမျိုး မကြုံခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ယခုအခါ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူ ၇ ဦးကို ရာထူးမှ ဆိုင်းငံ့ထားပြီး သီးခြား စုံစမ်း စစ်ဆေးမှုများ စတင်နေကြောင်း သိရသည်။ အဆိုပါ ရထားတွဲများသည် ဘူတာတစ်ခုရှေ့မှဖြတ်၍ နောက်ပြန် ရွေ့သွားပုံကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယို တစ်ခုမှာ အိန္ဒိယ လူမှုကွန်ရက် သုံးစွဲသူများကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

တလိမ့်လိမ့် နောက်ပြန်ရွေ့နေသည့် ရထားတွဲများပေါ်သို့ ရထားဌာန အမှုထမ်းများက ကျောက်တုံးများ ပစ်တင်ပြီး လေးလံသွားအောင် ပြုလုပ်လိုက်မှသာ ရပ်တန့်သွားခြင်း ဖြစ်သည်။ ယခုအခါ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူများကို စစ်ဆေးမှုများ စတင်နေပြီဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျေပီ မစ်ရှရာက AFPသို့ ပြောကြားခဲ့သည်။

“ဒီပေါ့လျော့မှုကြောင့် အရမ်း ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်သွားနိုင်တယ်လေ။ ကံကောင်းလွန်းလို့သာ အထိအခိုက် မရှိခဲ့တာပေါ့”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယတွင် ပြည်တွင်း သယ်ယူပို့ဆောင်ရေးအတွက် နေ့စဉ် ရထားပေါင်း ၉၀၀၀ မျှကို အသုံးပြုကာ ပြည်သူ ၂၂ သန်းကျော်ကို ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

Ref: AFP