သင်္ကြန်ကာလအတွင်း သေဆုံးသူ ၂၆ ဦး ရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

သင်္ကြန်အကျနေ့က မြောက်ဥက္ကလာဂုံးတံတား(လမ်းဝ)အောက်တွင် ပလက်ဖောင်းအားဝင်တိုက်မိပြီး ကားတစ်စီးတိမ်းမှောက်နေစဉ် ( ဓာတ်ပုံ − Myanmar Fire Services Department )

သင်္ကြန်ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ၂၆ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သင်္ကြန်နှင့်ပတ်သက်သည့် လူသတ်မှုနှင့် ယာဉ်မတော်တဆ မှုကြောင့် ကိုးဦး သေဆုံးခဲ့ပြီး သေမှုသေခင်းနှင့် သေဆုံးသူ ရှစ် ဦးရှိခဲ့ရာ စုစုပေါင်း ၂၆ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ  ၁၃၇ ဦးရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၌ သင်္ကြန်ပွဲတော်အတွင်း ယာဉ်မ တော်တဆမှုကြောင့် လူ ၁၁ ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ လေးရက်အတွင်း ရန်ကုန် တိုင်း၌ ယာဉ်မတော်တဆမှု ၃၈ မှုဖြစ်ပွားခဲ့ရာ ယာဉ်အချင်းချင်း ဖြစ်ပွားသည့် မတော်တဆမှု ၂၇ မှုရှိပြီး ဆိုင်ကယ်အချင်းချင်း ဖြစ်ပွားသည့် မတော်တဆမှု ကိုးမှုနှင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ဖြစ်ပွားသည့် မတော်တဆမှု နှစ်မှုရှိကြောင်း  ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။ 

ဧပြီ ၁၃ ရက် (သင်္ကြန်အကြို နေ့)က ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းအတိုင်း မောင်းနှင် လာသည့် ကင်တာအမျိုးအစား ယာဉ်တစ်စီး အရှိန်လွန်ကာ ရေ ကစားမဏ္ဍပ်ကို ၀င်တိုက်မိ၍ မဏ္ဍပ်အနီးရှိ မီးသတ်တပ်ဖွဲ့ဝင် ငါးဦးကိုပါ ၀င်တိုက်မိပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။

သို့သော် ရန်ကုန်တိုင်းရဲတပ် ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်တွင်မူ တိုင်းအတွင်း ယာဉ်မတော်တဆ မှုအပါအ၀င် သင်္ကြန်နှင့်ပတ်သက် သည့် အမှု ၆၅ မှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိကြောင်း ဆိုသည်။ 

ထို့ကြောင့် သင်္ကြန်ကာလ အမှုဖြစ်ပွားမှုနှင့် သေဆုံးမှုသည် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထက် များပြားနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။