ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် တနိုင်းဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို ဧပြီ ဒုတိယပတ်ကတွေ့ရစဉ် (ဓာတ်ပုံ − Kachin News Group)

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)တို့အကြား တနိုင်းဒေသတွင် သင်္ကြန်ကာလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုများရှိပြီး ကချင်ပြည်နယ်မှ ဒေသခံ ၂,၀၀၀ ကျော်ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသတွင်း ကူညီရေး အဖွဲ့ တာဝန်ရှိသူအချို့က ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ အောင်လောဒ့်၊ ဆွတ်ရိန်ယန်နှင့် ဆွတ်ရာ ကျေးရွာတို့တွင် ဧပြီ ၁၁ ရက်ကစ၍ ဖြစ် ပွားခဲ့သော တိုက်ပွဲများကြောင့် အသက် (၂၂)နှစ်အရွယ် အရပ်သားတစ်ဦးသေဆုံးပြီး အခြားအမျိုးသားတစ်ဦးဒဏ်ရာ ရရှိကာ လူဦးရေ ၂,၀၀၀ ခန့်တိမ်းရှောင် နေရ၍ အမြန်ဆုံးကူညီကယ်ထုတ်ပေး ရန် တနိုင်းအခြေစိုက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံစစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီက ကချင်ပြည်နယ် အစိုးရထံ အကူအညီတောင်းခံစာပို့ထားသည်။

ဒေသခံများထွက်ပြေးတိမ်း ရှောင်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး အမိုးအကာ လုံလောက်မှု မရှိသည့် အနေအထားတွင် နေထိုင်ရေး၊ စားသောက်ရေးအခက်အခဲများစွာ ကြုံနေရသည်ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးနော်တောင်က ပြောသည်။

‘‘သက်ကြီးရွယ်အိုတွေ ပါ တယ်။ ကလေးသူငယ်တွေ ပါ တယ်၊ အမျိုးသမီးကိုယ်ဝန်ဆောင်တွေပါတယ်ဆိုတော့ သူတို့နေရာတစ်နေရာမှာ အတည်တကျနေဖို့လည်း အဆင်မပြေဘူး။ တိုက်ပွဲတွေ လက်နက်သံတွေပေါ်မူတည်ပြီး ရွှေ့ပြောင်းသွားလာနေရတာဆိုတော့ ဖျားတဲ့နာတဲ့လူတွေလည်း တစ်နေ့ပြီး တစ်နေ့ရှိတယ်လို့သူ တို့ငိုရှိုက်သံတွေနဲ့ ဖုန်းဆက်လာတာတွေရှိတယ်’’ဟု ဦးနော်တောင်က ဆိုသည်။

ဧပြီ ၁၃ ရက်ကလည်း ဖား ကန့်မြို့နယ် ဒွမ်ဘုံးခကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးကျည်ကြောင့် ရွာသားတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးဒဏ် ရာရရှိခဲ့သည်ဟု ဒေသခံ ကိုဂျွန်က ပြောသည်။ ထို့အပြင် ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့်လည်း ကြောက်ရွံ့၍ ကျေးရွာကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ ကြောင်း ၎င်းက ဆိုသည်။

တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲကြောင့် ထိခိုက်မှုရှိသော ဒေသများတွင် တနိုင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ မိုးမောက်နှင့် မိုး ကောင်းမြို့နယ်များ၊ လိုင်ဇာဒေသလည်း ပါဝင်ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNOCHA-Myanmar) က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများသည် ကျေးရွာ များ၊ နေရပ်စွန့်ခွာတိမ်းရှောင်သူစခန်းများ အနီးတွင် ဖြစ်ပွား ကြောင်း အစီရင်ခံမှုများရှိနေပြီး အရပ်သားများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှု၊ နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ ရှိနေကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသော အစီရင်ခံစာများအရ သိရသည် ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ဖားကန့်နှင့် တနိုင်းဒေသရှိ စစ်ဘေးဒုက္ခသည်များ ကယ်ထုတ်နိုင်ရန် တပ်မတော်တာဝန်ရှိသူများနှင့် ဒေသခံဘာသာရေးအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းနိုင်ရေးဆောင်ရွက်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

‘‘ကိုယ်တို့ကြားကနေ ၀င် လုပ်ပေးနေတယ်။ ဖားကန့်ဘက် မှာရှိတဲ့လူတွေ ရွှေ့ထုတ်ဖို့ရယ် နောက်တစ်ခါတနိုင်းဘက်က လူ တွေရွှေ့ထုတ်ဖို့ရယ်’’ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်း ထန်လာပါက နိုင်ငံရေးဆွေးနွေး  ရာတွင် အခက်ကြုံလာနိုင်၍ ထိန်း ထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ကချင်ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ က တိုက်တွန်းသည်။

‘‘လက်နက်ကိုင်ချင်း တိုက် တာ တိုက်ပွဲဖြစ်တဲ့နေရာမှာရှိ တဲ့ ဒေသခံတိုင်းရင်းသားလူထုကို တော့ နည်းနည်းတော့ ဂရုစိုက် သင့်တယ်’’ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် KIA တို့သည် ၂၀၁၁ ဇွန်လကစတင်၍ တစ်ကျော့ ပြန်တိုက်ပွဲများစတင်ခဲ့ရာ ခုနစ်နှစ်ခန့်ကြာသည်အထိ တိုက်ပွဲများရပ်တန့်နိုင်ခြင်း  မရှိသေးဘဲ  မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။

 တိုက်ပွဲများကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ အပါအ၀င် အရပ်သား ထိခိုက်မှုအများအပြားရှိခဲ့ပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းခန့်ဒုက္ခသည် စခန်းများတွင် စားဝတ်နေရေးခက်ခဲစွာနေထိုင်နေ ရဆဲ ဖြစ်သည်။