‘‘ကျွန်တော်တို့မိသားစုတွေလည်း ဘဝပျက်သလို ဖြစ်သွားတာပေါ့’’

သမ္မတလွတ်ငြိမ်းဖြင့် လွတ်မြောက်လာသော အငြိမ်းစားဗိုလ်မှူးဝင်းနိုင်ကျော်နှင့်တွေ့ဆုံခြင်း
အငြိမ်းစားဗိုလ်မှူးဝင်းနိုင်ကျော် (ဓာတ်ပုံ - နစ်ကီ)

စစ်အစိုးရလက်ထက်တွင် အစိုးရ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြား သည်ဆိုကာ သေဒဏ်အပြင် ထောင်ဒဏ် နှစ် ၂၀ ကျခဲ့သည့် အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော် သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်က သာယာဝတီအကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက် ခဲ့သည်။ သူသည် ၂၀၁၀ မှ ပြန်လည် လွတ်မြောက်ချိန်အထိ ထောင်တွင်း၌ ရှစ်နှစ်နှင့် သုံးလ အကျဉ်းချခံရသည်။  ထိုသို့ ဖမ်းဆီးအကျဉ်းချခံရမှုနှင့် ပတ်သက်၍ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်ကျော်အား 7Day Daily သတင်းစာက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


စတင်ဖမ်းဆီးခံရစဉ်က အခြေအ နေနဲ့ ချမှတ်ခံရတဲ့ ပြစ်ဒဏ်တွေ ကို အရင်ဆုံးပြောပြပေးပါ။

၂၀၀၆ မတိုင်ခင်မှာ တပ်မ တော်ကနေ ကျွန်တော် အငြိမ်းစား ဖြစ်ခဲ့တယ်။ ပြီးတော့ နိုင်ငံခြားစီးပွားမှာ တာဝန်ထမ်းဆောင်တယ်။ အဲဒီကနေ နုတ်ထွက်ပြီးတော့ လူမှုစီးပွား ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပဋိပက္ခဖြေရှင်းတာတွေကို လုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်တယ်။ ရုံးခန်းတော့ မရှိပါဘူး။ အိမ်မှာပဲ ပုဂ္ဂလိကလုပ်တာပါ။ UMFCCI မှာ တရားဝင်အနေနဲ့ လုပ်တာပါ။ အဲဒီလိုလုပ်နေရင်းနဲ့ အင်္ဂလန် အစိုးရရဲ့ တရားဝင်ပညာတော်သင်အစီအစဉ်ပဲ။ အဲဒီမှာ။ ကျွန်တော်သွားပြီးတော့  ပဋိပက္ခဖြေ ရှင်းရေးသင်တန်း တက်တယ်။ ပဋိပက္ခ ဖြေရှင်းရေးပြီးတော့ နောက်တစ်ဆင့် ပဋိပက္ခကို ပြုပြင်ပြောင်းလဲအသုံးချမှုမဟာဘွဲ့အ တွက် သင်တန်းတက်ဖို့ ကျွန်တော်လျှောက်ထားခဲ့တယ်။ အဲဒါက ရွေးချယ်ခံရတော့ ကမ္ဘောဒီးယား ကို သွားတက်ဖို့ဖြစ်လာတယ်။ သွားတက်တယ်။ သွားတက်နေတဲ့အစီအစဉ်ကာလ ၂၀၀၉ မှာ ကျွန်တော်ပြန်လာတာ။ အဲဒီအချိန် မှာ အင်တာနက်မှာ နိုင်ငံတော် အကြီးအကဲတွေရဲ့ ပြည်ပခရီးစဉ် တွေနဲ့ပတ်သက်တဲ့ သတင်းတချို့ ပါလာတယ်။ အဲဒီပါလာတဲ့ သတင်းတွေက ကျွန်တော်နဲ့သက် ဆိုင်တယ်ဆိုတဲ့ ယူဆချက်ပေါ့။ အဲဒီယူဆချက်နဲ့ ကျွန်တော်ပြန် လာတဲ့အချိန်မှာ ဖမ်းလိုက်တာ။ ဖမ်းတဲ့နေရာက လေဆိပ်အဝင် အဝပဲ။ အကောက်ခွန်ကိုတောင် မရောက်သေးဘူး။ နိုင်ငံခြားငွေ တွေ့ရှိမှုနဲ့ဖမ်းတယ်။ သက်သေ လည်း မပါဘူး။ ကျွန်တော့်ကွန်ပျူ တာထဲမှာလည်း ဘာမှမရှိဘူး။ အဲဒီလိုဖမ်းပြီး နောက်တစ်နေ့မှာ ကျွန်တော့်ကို အမှုသုံးမှုဖွင့်တယ်။ အဖွဲ့အစည်းနှစ်ခုက ကျွန်တော့် ကို ဆက်တိုက်မေးမြန်းပြီးတော့ ၄၂ ရက်ကြာတဲ့အခါမှာ နောက် တစ်မှု ထပ်ဖွင့်တယ်။ စုစုပေါင်း လေးမှုပေါ့။ အရေးပေါ်စီမံမှုဥပ ဒေပုဒ်မ ၃ ရယ်၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးပုဒ်မ ၃၃(ခ) ရယ်၊ အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၆(၃) ရယ်၊ နိုင်ငံခြားငွေဥပ ဒေပုဒ်မ ၂၄(၁) နဲ့ စုစုပေါင်း လေးမှုပေါ့။ အဲဒီလေးမှုစလုံးက အမြင့် ဆုံးပြစ်ဒဏ်တွေချည်းပဲ စုစုပေါင်း သေဒဏ်နဲ့ ထောင်နှစ် ၂၀ ချလိုက် တယ်။  

ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ အ ပေါ်မှာကော ဘယ်လိုခံစားခဲ့ရ လဲ။

ဖမ်းခံရတယ်။ အဲဒီလို နှစ် ရှည်ထောင်ဒဏ်တွေရော သေ ဒဏ်ပါ ချမှတ်ခံရတယ်ဆိုတော့ ပြင်းထန်လွန်းတာပေါ့။ အဲဒီလို ဖြစ်တဲ့အတွက် ပထမဆုံးအချက် က ကျွန်တော့်အဖေ ကျွန်တော့် စိတ်နဲ့ ဆုံးသွားတယ်။ ကျွန်တော့် အမေဆိုလည်း အများကြီး စိတ် ထိခိုက်ရတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း ဘဝပျက်သ လို ဖြစ်သွားတာပေါ့။ တကယ် တော့ နိုင်ငံတော်ရဲ့လျှို့ဝှက်ချက် ဆိုတာ ဘာလဲ။ ကျယ်ပြန့်တဲ့အ သုံးအနှုန်းကြီးဖြစ်နေတယ်။ ကျွန် တော့်ကွန်ပျူတာထဲမှာ ပါတယ် ဆိုရင် သူတို့က ဖွင့်ရမယ်။ သက် သေပါရမယ်။ အခု သက်သေမပါ ဘူး။ ဖွင့်ပြီးတော့ စစ်ဆေးတာ လည်း မရှိဘူး။ ဒါပေမဲ့ တရားဝင် တိုင်တန်းလွှာမှာကျတော့ ဖြစ်စဉ် က ကွဲလွဲနေတယ်။ အဲဒီလိုကွဲလွဲ နေတာကို အဆင့်ဆင့် ဘယ်လို တင်ပြခဲ့သလဲ၊ အပေါ်ဆုံးက နိုင်ငံ တော်အကြီးအကဲဘယ်လိုသိလဲ။ အဲဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော် ပြောချင်တာက ကျွန်တော်ဖြစ်ပေါ်ခံစားခဲ့ရတဲ့ဟာသည် ထင်မြင် ယူဆချက်တွေပါတယ်။ ကျွန်တော် နိုင်ငံတော်ကို ဆန့်ကျင်ခဲ့တာမရှိဘူး။ မတရားအသင်းနဲ့ ဆက်သွယ်ခဲ့တာမရှိဘူး။ ကျွန်တော့်ကို အဲဒီပုဒ်မတွေလည်း မပါဘူး။ ဒါကြောင့် လျှို့ဝှက်ချက်ဆိုတာ ဘာတွေလဲ၊ အဲဒီလျှို့ဝှက်ချက်တွေ ဘယ်လိုပေါက်ကြားခဲ့ လဲ၊ အဲဒီလို ပေါက်ကြားခဲ့လို့ ဘာတွေဖြစ်ခဲ့လဲ၊ ကျွန်တော် တရားခွင်မှာလည်း တရားသူကြီးကို မေးတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကိုစစ်တဲ့ တရားခွင်က ထောင်တွင်းတရားရုံး ဖြစ်နေတယ်။ ဖြစ်တော့ သူတို့ကို တာဝန်ပေးလိုက်တာပေါ့ဗျာ။ ကျွန်တော့်အမှုသည် ဒီလိုဒီလို တည်ဆောက်ထား တယ်၊ ဒီလိုဒီလို စစ်မယ်ဆိုတဲ့ တရားရုံးကို တာဝန်ယူတဲ့အဖွဲ့ အစည်းတစ်ခု ရှိတာကိုး။ ကျွန်တော့်ကို စစ်ကြောတာ ၄၂ ရက် စစ်ကြောတယ်။ အချုပ်သားဘဝနဲ့ ရက်ပေါင်း ၁၅၀ ကျော်လောက်နေရတယ်။ ပြီးမှအမိန့်ချတာ။ အမှုစစ်ရက်က တရားရုံးနားရက်နဲ့ ဘာနဲ့ဆို အမှုစစ်ရက် ၅၈ ရက်ပဲ ရှိတယ်။ အချိန်တိုအတွင်းမှာ ကျွန်တော့်ကို အမိန့်ချလိုက်တာ။ ကျွန်တော့်ဘက်က ရပ်တည်ပေးမယ့် သူလည်း ဘယ်သူမှမရှိဘူး။ အဲဒီကာလအခြေအနေကို ကျွန်တော် ဖြတ်သန်းခဲ့ရတာပေါ့။

ကိုယ်တိုင်ကျူးလွန်ခဲ့ခြင်း မရှိတဲ့ ပြစ်မှုတွေအတွက် စွပ်စွဲခံခဲ့ရ တယ်လို့ ဆိုလိုချင်တာလား။

ဒါပေါ့။ သူတို့စွဲထားတဲ့ ပုဒ်မ တွေ ကျွန်တော် မကျူးလွန်ခဲ့ဘူး လေ။

ဒါဆို ဘာကြောင့် ဖမ်းဆီးခံခဲ့ရ တယ်လို့ သုံးသပ်မိလဲခင်ဗျ။

ကျွန်တော့်ကိစ္စ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကမ္ဘာမှာလည်းဖြစ် တယ်။ အင်တာနက်မှာတွေ့မှာ ပေါ့။ ဝီကီလိခ်တို့၊ အက်ဒွပ်စနိုးဒန် တို့ ကိစ္စတွေပေါ်လာတာ။ သူတို့ အဆင့်မြင့် ကွန်ပျူတာနည်းပညာတွေသုံးပြီး ဖော်ထုတ်တဲ့ဟာသည် ဘယ်လိုခြေရာခံမလဲ၊တော်တော်ကို အဆင့်မြင့်တဲ့သူက ပြန်ခြေရာခံမှရတာလေ။ အဖွဲ့အစည်းမှာသော်လည်းကောင်း၊ အစိုးရသော်လည်းကောင်း ဒီဟာတွေကို ခြေရာခံတဲ့သူတွေရှိ တယ်။ အဲဒီတော့ ကျွန်တော်တို့ဆီက နိုင်ငံတော်အကြီးအကဲတွေရဲ့ မှတ်တမ်းဟောင်းတွေက တစ်နေရာ ရောက်သွားတယ်ဆိုရင် ကွန်ပျူတာထဲက ရောက်တာ လား၊ ဘယ်လိုရောက်နေလဲဆိုတာ နည်းပညာသက်သေခံချက်ကတော့ ရှိကိုရှိရမယ်လေ။ မဖော်ထုတ်နိုင်ဘူးဆိုရင် ဒါနဲ့နီးစပ် တဲ့လူကတော့ ကျိန်းသေပေါက် တရားခံရှိပေးရမှာလေ။ ကျွန်တော်ထင်တာတော့ အဲဒီပုံစံမျိုး ဖြစ်သွားတယ် ထင်တာပဲ။

အမှုဆင်ပြီး ဖမ်းဆီးခံရတယ်လို့ ဆိုလိုချင်တာလား။

အဲဒီလိုတော့ ကျွန်တော် မဝေဖန်လိုပါဘူး။ ကျွန်တော့်လုပ်ကိုင်ဆောင်ရွက်မှု အားနည်းချက်တွေလည်း ရှိနိုင်တယ်။ အားနည်းချက်ဆိုတာက ကျွန်တော်က တိုင်းရင်းသားဒေသတွေမှာ သွား ပြီးတော့ လုပ်ကိုင်ဆောင်ရွက်တာ ကိုး။ ပတ်သက်ဆက်ဆံမှုတော့ မရှိတော့မရှိဘူး။ ဒါပေမဲ့ ယှက် နွှယ်မှုရှိနေတာကိုး။ ဒါကို ကျွန် တော်က တမင်တကာ ဆင်တယ် လို့တော့ မဆိုလိုဘူး။ အကြောင်း တရားတွေက ဖန်လာတာကိုး။ ကျွန်တော်က စေတနာနဲ့ ဆောင် ရွက်တာကို သူများအမြင်မှာ ဒါက တခြားစေတနာနဲ့ ဆောင်ရွက်တယ်လို့ မြင်ရင် မြင်နိုင်တယ်လေ။ နားလည်မှုလွဲတယ်ပေါ့။ အဲဒီလိုတော့ ကျွန်တော် သုံးသပ်တယ်။ ကျွန်တော် အင်္ဂလန်မှာ ပဋိပက္ခဖြေရှင်းရေး သွားတက်တယ်ဆိုလည်း တိတိကျကျမသိ တဲ့ လူကတော့ ဘာသွားတက်လဲ မသိနိုင်ဘူးလေ။ သဘောတစ်မျိုး ဖြစ်သွားနိုင်တာပေါ့။

လူတွေကတော့ နျူကလီးယား ကိစ္စတို့၊ မြောက်ကိုရီးယားကိစ္စတို့ နဲ့ တွဲပြီးသိထားကြတာ။ အဲဒါတွေနဲ့ပတ်သက်ပြီး သိထားတာ တွေများရှိလား။

မရှိပါဘူး။ အဲဒါတွေနဲ့ပတ် သက်ရင် ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကိုယ်နဲ့မသက်ဆိုင်တာဆိုရင် ကျွန်တော်တို့က လုပ်ခွင့်မရှိဘူး။ ပတ်သက်ခွင့်မရှိဘူး။ ပတ်သက်ခွင့်ဆိုတာ ကိုယ့်ဆီမှာလည်း ထားခွင့်မရှိဘူး။ ပြောဆိုဆွေးနွေးခွင့်လည်း မရှိဘူး။ ဒါလျှို့ဝှက်ချက်လေ။ အဲဒီတော့ စောစောက လျှို့ဝှက်ဥပဒေအကြောင်း ပြန်ပြောရင် ကျွန်တော့်ကို စွဲထားတဲ့ ပုဒ်မက လက်ဝယ်မှာ ရှိတာလေ။ ကျွန်တော့် လက်ဝယ်မှာမှမရှိတာ။ ဘယ်အချက်လို့ ပြောမှန်းလည်း မသိဘူး။ သို့သော် စောစောက ဆရာ ခေါင်းစဉ်တပ်ထားတဲ့ကိစ္စအားလုံးက ကျွန်တော်နဲ့လည်း မပတ်သက်ဘူး။ ကျွန်တော့်မှာလည်း မရှိဘူး။ သို့သော် အင်တာနက်မှာတော့ ရှိနေတယ်။ ဘလော့ဂါတွေဆီမှာ ရှိနေတယ်။ ကျွန်တော်နဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ကွန်ပျူတာထဲမှာ ရှိရမယ်ဗျာ။ ဒါမှမဟုတ် ဘလော့ဂါတွေဆီမှာ ကျွန်တော့်အကောင့်ဖြစ်ဖြစ် ကျွန်တော်နဲ့ ပတ်သက်မှုရှိရမယ်လေ။

အခု သမ္မတလွတ်ငြိမ်းချမ်းသာမှု နဲ့ လွတ်လာတဲ့အပေါ် ဘယ်လို ခံစားရပါသလဲ။

 လွတ်သွားတဲ့အပေါ်မှာ တော့ အတိုင်းမသိ ဝမ်းမြောက်မှုက ရှိတာပေါ့။ သို့သော် တစ်ဖက်က ဘာခံစားမှုရှိလဲဆိုတော့ အထဲမှာ ကျန်ခဲ့တဲ့လူတွေထဲက လွတ်သင့်တဲ့သူတွေ ရှိတာပေါ့ဗျာ။ အားလုံးကို မဆိုလိုပါဘူး။ အကျဉ်းသားတိုင်းက ခိုးဆိုးလုနှိုက် တွေ မဟုတ်ပါဘူး။

အတူ ဖမ်းဆီးခံရတဲ့ အမှုတွဲတွေ ကကော လက်ရှိ အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ။

၂၀၁၃ မှာ လက်ကျန်နိုင်ငံ ရေးအကျဉ်းသားကော်မတီကနေ တစ်ယောက် လွှတ်လိုက်တယ်။ ကျွန်တော်တို့ အမှုတွဲသုံးယောက် ရှိတယ်။ နောက်တစ်ယောက်က သမ္မတကြီးဦးထင်ကျော် တာဝန်ယူခဲ့အခါ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးတဲ့အခါမှာ တစ်ယောက်လွတ်သွားတယ်။ ကျွန်တော်က နောက်ဆုံးပေါ့။ ပြောရမယ်ဆိုရင် သမ္မတတစ်ယောက် ဆီမှာ ကျွန်တော်တို့အမှုတွဲက တစ်ယောက်ဆီ လွတ်သွားသလို ဖြစ်သွားတယ်။

အတွင်းရေးမှူး-၂ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ PA လို့လည်း လူသိများ တော့ အဲဒီတုန်းက တာဝန်ထမ်း ဆောင်ခဲ့ပုံကိုလည်း အကျဉ်းချုပ် လေး ပြောပြပါဦး။

PA တော့ မဟုတ်ဘူး။ ကျွန် တော်က ဦးစီးအရာရှိ ဒုတိယတန်း ပါ။ ဗိုလ်ချုပ်ကြီးက တကယ့်ကို စိတ်စေတနာ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးတင် မဟုတ်ပါဘူး။ ကျွန်တော်က နိုင်ငံတော်အကြီး အကဲတွေနဲ့ အတူတကွ လက်ပွန်း တတီးနေခဲ့တာပါ။ စိတ်ဆိုးစိတ် ယုတ်မာရှိတဲ့ အကြီးအကဲဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော့်အကြီးအကဲကို ဂုဏ်တင်ပြောတာ မဟုတ်ဘူး။ အမှန်အတိုင်းပဲ ကျွန်တော်ပြောတာ။ မျက်နှာကြီးငယ်တော့ မရွေးဘူး။ တင်ပြချက်ရှိတယ်ဆိုရင် အဲဒီအပေါ် ချက်ချင်းအရေးယူဆောင်ရွက်တယ်။ ကျွန်တော် က ဘာကြောင့်ပြောနိုင်လဲဆို တော့ ကျွန်တော်တင်ပြခွင့်ရတဲ့ တချို့အချက်တွေရှိတယ်။

ဒုဗိုလ်ချုပ်ကြီးတင်ဦး ကွယ်လွန် တဲ့အချိန်မှာကော ဘယ်မှာရှိနေ လဲ၊ ဘယ်လိုခံစားခဲ့ရလဲခင်ဗျ။

ကျွန်တော့်ဖခင်လို ဖြစ်နေ တော့ ကျွန်တော်လည်း တော် တော်ခံစားရတယ်။ ဒုဗိုလ်ချုပ်ကြီးရဲ့ အစီအစဉ်နဲ့ပဲ နယ်နိမိတ်တိုင်းတာရေးမှာပါသွားတယ်။ နှစ်နိုင်ငံအချုပ်အခြာအာဏာကို သူ့ဘက်လည်းမပါအောင်၊ ကိုယ့်လက်လည်းမပါအောင် ညှိရတာလေ။ ကျွန်တော်က အဲဒီဘက်ကို ရောက်နေတယ်။ အဲဒီလိုသွားနေတဲ့အတွက်  သူဖြစ်စဉ်အသေးစိတ် ကို ကျွန်တော် မသိလိုက်ရဘူး။

ရှေ့ဆက်ပြီး ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။ နိုင်ငံရေးမှာ ပါဝင်ဖို့ကော ရှိလာဦးမလား။

ကျွန်တော်ဌာနဆိုင်ရာ တာ ၀န်ထမ်းဆောင်ခဲ့တော့ နိုင်ငံရေး  ကဏ္ဍတော့မရှိခဲ့ဘူး။ ပါတီနိုင်ငံ ရေးတို့ဘာတို့ ဆိုတာတွေကို အ စကတည်းကလည်း မလုပ်ဘူး။ စိတ်မ၀င်စားဘူးတော့ မဟုတ် ဘူး။ နိုင်ငံသားတစ်ယောက်အနေ နဲ့ အပြင်မှာရှိရင် မဲပေးရမယ်။ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ ဒီလောက်ထိကတော့ စိတ်ဝင် စားမှုးရှိရမယ်။ နိုင်ငံသားတာဝန် ကတော့ရှိတယ်။ သို့သော် ကိုယ် တိုင်လုပ်ဖို့ကတော့ ကျွန်တော် လုပ်ခဲ့တဲ့၊ လေ့လာခဲ့တာတွေက လူမှုစီးပွားရေးနဲ့ ပဋိပက္ခဖြေရှင်း ရေး ၀န်ဆောင်မှုပေါ့ဗျာ။ ကျွန်တော်က ၀န်ဆောင်ပေးခဲ့တာဆို တော့ ဆက်လုပ်ရမယ်ဆိုရင် ဒါ ကိုပဲ ကျွန်တော် ဆက်လုပ်မယ်။ ဆက်လုပ်ဖို့ မလိုတော့ဘူးဆို လည်း ကျွန်တော် တရားဓမ္မပဲ လုပ်တော့မယ်။

ကျေးဇူးတင်ပါတယ်။

More in Interview Section