လိဒ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်မည်

လိဒ်ယူနိုက်တက်အသင်းကစားသမားများ

အင်္ဂလန်ချန်ပီယံရှစ် ကလပ်လိဒ်ယူနိုက်တက်အသင်းသည် မေလတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

AYA Bank Tour 2018 အဖြစ် ဧရာဝတီဘဏ်၏ စီစဉ်မှု ဖြင့် ခြေစမ်းပွဲများလာရောက်ယှဉ် ပြိုင်မည့် လိဒ်ယူနိုက်တက်အသင်း သည် ရန်ကုန်နှင့်မန္တလေးမြို့တွင် ခြေစမ်းပွဲနှစ်ပွဲ  ယှဉ်ပြိုင်မည်ဖြစ်သည်။ လိဒ်ယူနိုက်တက်အသင်းသည် မေလ ၉ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌  မြန်မာလိဂ်ညွန့်ပေါင်းအသင်း (MNL ALL Stars) မေလ ၁၁ ရက်တွင် မန္တလေးမြို့  မန္တလာသီရိကွင်း၌  မြန်မာ့လက်ရွေးစင်အသင်းနှင့်  ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် လိဒ်ယူနိုက်တက်အသင်း၌ လက်ရှိအင်္ဂလန်ချန်ပီယံရှစ်တွင် ပါဝင်ကစားနေသည့်  အဓိက ကစားသမားများ  ပါဝင်မည်ဖြစ် ကြောင်း အဖွဲ့ချုပ်က  သတင်း ထုတ်ပြန်သည်။

၂၄ သင်း ပါဝင်ယှဉ်ပြိုင်နေသည့် အင်္ဂလန်ချန်ပီယံရှစ် ၂၀၁၈ ရာသီတွင် လိဒ်ယူနိုက်တက်အသင်းသည် လက်ရှိအချိန်ထိ ပွဲစဉ် ၄၃ ပွဲ ကစားပြီး ရမှတ် ၅၄ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၄) ၌ ရပ်တည်နေသည်။

လိဒ်ယူနိုက်တက်အသင်း သည် လက်ကျန်ပွဲစဉ်များအဖြစ် ဧပြီ ၂၁ ရက်တွင် ဘန်စလေ၊ ဧပြီ ၂၈ ရက်တွင် နောဝစ်ခ်ျစီးတီး၊ မေလ ၆ ရက်တွင် QPR အသင်းတို့နှင့် ပွဲစဉ်များကစားအပြီး မေလ ၇ ရက်၌ မန်ချက်စတာမြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့  ထွက်ခွာမည်ဖြစ်သည်။

လိဒ်ယူနိုက်တက်အသင်း ပိုင်ရှင်သည် ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့သို့ လာရောက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်  တွေ့ဆုံခဲ့ပြီး မြန်မာ့ဘောလုံးလောကတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ ယခုခြေစမ်းပွဲ လာရောက်ကစားခြင်းသည် ယင်းသဘော တူညီချက်မှုများအနက်မှ တစ်ခုဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသို့ လာရောက် ကစားမည့် လိဒ်ယူနိုက်တက်အ သင်းပွဲစဉ်များအတွက် ကွင်းဝင် ကြေးကို ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ကျပ်  သတ်မှတ်ထား  ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန် သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် လိဒ်ယူနိုက်တက်အ သင်းနှင့် ခြေစမ်းမည့် မြန်မာလိဂ် ညွန့်ပေါင်းအသင်း၊ မြန်မာ့လက် ရွေးစင်အသင်းတို့၌ ပါဝင်မည့် ကစားသမားများ၊ ကိုင်တွယ်မည့် နည်းပြများကို ထုတ်ပြန်ခြင်းမရှိ သေးပေ။