ကမာရွတ်တွင် မြေကိစ္စအငြင်းပွားရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၍ ရဲတပ်ဖွဲ့ လုံခြုံရေးယူခဲ့ရ

မြေကိစ္စ အငြင်းပွားမှုဖြစ်ပွားနေသော ဓမ္မာရုံ (ဓာတ်ပုံ − ကျော်ဇင်သန်း)

ကမာရွတ်မြို့နယ် စံရိပ် ငြိမ်(၁)ရပ်ကွက်တွင် မြေကိစ္စ အငြင်းပွားရာမှ ရပ်ကွက်နေပြည် သူများ ရုန်းရင်းဆန်ခတ်ဖြစ်၍ ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် လုံခြုံရေး ယူခဲ့သည်။ 

ဧပြီ ၁၉ ရက်နေ့လယ် ၁ နာရီခွဲခန့်က စံရိပ်ငြိမ် (၁)ရပ်ကွက် မအူပင်လမ်းရှိ ပုညဝုဍ္ဎုနဓမ္မာရုံနှင့် ဓမ္မာရုံအနောက်ဘက်ရှိ ခြံပိုင်ရှင် တို့ မြေကိစ္စအငြင်းပွား၍ ရပ်ကွက် နေ ပြည်သူအချို့ ရုန်းရင်းဆန် ခတ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင် ၅၈ ဦး လုံခြုံရေးယူခဲ့ရကာ ၂ နာရီခန့်တွင် လူစုကွဲခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

အဆိုပါဓမ္မာရုံနှင့် ဓမ္မာရုံအ နောက်ဘက်ရှိ ခြံပိုင်ရှင်တို့ မြေ ပိုင်ဆိုင်မှုအငြင်းပွားမှုဖြစ်ပြီး မြေပိုင်ဆိုင်မှုဥပဒေများဖြင့် အပြန်အ လှန်တရားစွဲဆိုထားကာ ၂၀၁၅ မှ ယနေ့အထိ ကမာရွတ်တရားရုံး တွင် တရားရင်ဆိုင်နေဆဲ ဖြစ် သည်။ အငြင်းပွားနေသော မြေသည် ၈၂×၂၅ ပေအကျယ်ရှိပြီး အဆိုပါမြေပေါ်တွင် ဆိုင်ခန်းသုံးခုနှင့် ဓမ္မာရုံတို့ ပါဝင်နေသည်။ 

လက်ရှိတွင် ခြံပိုင်ရှင်က မြေ တိုင်းရိုက်ပြီး အထက်ပါမြေကွက် တွင် ပါဝင်နေသည့် ဓမ္မာရုံနှင့် ဆိုင်ခန်းများကို ဖြိုဖျက်ခိုင်းသဖြင့် ရပ်ကွက်နေပြည်သူများက မကျေ မနပ်ဖြစ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း အဆိုပါဓမ္မာရုံ အတွင်းရေးမှူး ဒေါ်ခင်ခင်ချိုက ပြောသည်။ 

‘‘ထိခိုက်တာ၊ အကြမ်းဖက် တာတော့ မရှိပါဘူး။ လုံခြုံရေး တွေ ရောက်လာတော့ လူတွေ လည်း ထိန်းပြီး ပြီးသွားပါတယ်။ မြေတိုင်းရိုက်ဖို့ တရားရုံးအမိန့် အပြင် ရုန်းရင်းဆန်ခတ်လုပ်ရင် ဖမ်းမိန့်ပါ ပါလာတော့ အခုတော့ ဘာမှ မလုပ်ဘူး။ နောက်မှ ဥပဒေအတိုင်း ပြန်ရင်ဆိုင်မယ်’’ဟု ၎င်း က ပြောသည်။ 

လတ်တလောတွင် ပဋိပက္ခ ပြေလည်စေရန် ဓမ္မာရုံကို အဆိုပါမြေပေါ်မှ ဖျက်ကာ ခြံပိုင်ရှင်က ၂၅×၁၂ ပေအကျယ်ရှိ ဓမ္မာရုံကို အငြင်းပွားနေသည့် မြေကွက် ပြင်ပ၌ ပြန်လည်တည်ဆောက် မည်ဖြစ်သော်လည်း တရားရင် ဆိုင်မှုများကို ဆက်လက်ပြုလုပ် မည်ဖြစ်ကြောင်း ဒေါ်ခင် ခင်ချိုက ပြောသည်။ 

အဆိုပါဓမ္မာရုံနှင့် ခြံသည် ပိုင် ဆိုင်မှုအငြင်းပွား၍ ၂၀၁၇ က သုံးကြိမ် အချင်းများဖူးသည်ဟု ရပ်ကွက်နေပြည်သူများက ပြော သည်။