ပါစတာကို မုန်းတယ်

ဒီမှာ ... ဟေ့လူ ကျုပ်ကို သိလား။ ကျုပ်ဆိုတဲ့ကျုပ်က ခင်ဗျားတို့လူသားတွေကို ဘယ် လောက်ဒုက္ခပေးနိုင်တယ် ဆိုတာ ကိုကော သိရဲ့လား။ မသိသေးရင် တော့ ပြောပြရသေးတာပေါ့ကွ။ အဟင်း ...။

သြော် ... ခက်တော့တာပဲ။ ဟိုကြည့်ဒီကြည့်နဲ့ ဘယ်နေရာ တွေ လျှောက်ကြည့်နေတာလဲ။ ခင်ဗျားတို့လို သာမန်မျက်စိလေး နဲ့ကြည့်လို့များ ကျုပ်ကိုတွေ့ရ မယ်အောက်မေ့နေသလား။ ကျုပ်ကိုကျုပ်တော့ သက်ရှိသတ္တဝါတွေထဲမှာ အသေးဆုံးလို့ ထင်တာပဲဗျ။ ဘယ်လောက်သေးလဲဆို ခင်ဗျားတို့ သာမန်မျက်စိမြင်ရတဲ့ အသေးဆုံးမြူမှုန်လေး ထက်အဆပေါင်းများစွာ ပိုပြီး သေးတယ်လေ။ အဆပေါင်း တစ်သိန်း အကြီးချဲ့ပြီးကြည့်နိုင်တဲ့ အဏုကြည့်မှန်ဘီလူးနဲ့ကြည့်မှ ကျုပ်တို့ကို မြင်ရမယ်တဲ့။ ကဲ ... ဘယ်လောက်သေးလဲ သိပြီလား။


ဟင်း ... ဟင်း ကိုယ်ခန္ဓာ သေးတယ်ဆိုပြီး ကျုပ်ကိုပမွှား ရယ်လို့ အထင်သေးဖို့တော့ မပြင် နဲ့နော်။ ကျုပ်ဘယ်သူလဲ ခင်ဗျား သိရင် ဖျားသွားမယ်။ ဟင်း ... ဘာထင်လဲ။ ဗိုင်းရပ်စ်ပိုးခင်ဗျ၊ ဗိုင်းရပ်စ်ပိုး။ ကျုပ်တို့ ဗိုင်းရပ်စ် တွေမှာ ဆွေမျိုးအများကြီးရှိ တယ်။ ကျောက်ရောဂါဗိုင်းရပ်စ်၊ တုပ်ကွေးဗိုင်းရပ်စ်၊ မျက်ခမ်းစပ် ဗိုင်းရပ်စ်၊ ဆုံဆို့နာဗိုင်းရပ်စ်တွေ ဟာ ကျုပ်တို့အမျိုးတွေပေါ့။ သူ တို့တွေက လူတွေကို ကျောက် ရောဂါ၊ တုပ်ကွေးရောဂါ၊ မျက် ခမ်းစပ်ရောဂါတွေနဲ့ တိုက်ခိုက်ပြီး ဒုက္ခပေးကြတယ်။ အဲ ... ကျုပ်တို့ ညီအစ်ကို တစ်စုကတော့ ခွေးရူး ဗိုင်းရပ်စ်ဗျ။ ခွေးတွေရူးတယ်ဆို တာ ကျုပ်တို့ကြောင့်၊ လူတွေ ခွေးရူးရောဂါဖြစ်တယ်ဆိုတာ လည်း ကျုပ်တို့ကြောင့်ဗျ။ ခင် ဗျားတို့လူသားတွေ အစာမျိုမရ၊ ရေမျိုမရဘဲ သွားရည်တများများ နဲ့ အကြောဆွဲပြီးသေအောင် ကျုပ်တို့လုပ်နိုင်တယ်။ ဘာမှတ် လို့လဲ။

သြော် ... အခုလက်ရှိအခြေ အနေမှာတော့ ကျုပ်တို့က ဒုက္ခ ပေးထားတာ ကိုအောင်နက်ပါ။ ကိုအောင်နက်ရဲ့ ပါးစပ်ထဲက တံ တွေးမြှုပ်ကလေးတွေ ကြားထဲမှာ ကျုပ်တို့ ညီအစ်ကိုတွေ ကကြခုန် ကြ ကျွမ်းထိုးကြနဲ့ တယ်ပြီးပျော် စရာကောင်းသဗျာ။ ကိုအောင် နက်ခမျာလည်း သံတုံးတွေ ကိုက် လိုကိုက်၊ သစ်တိုသစ်စတွေ ဝါး လိုဝါးနဲ့ အတော်ကို ဂနာမငြိမ်ဖြစ် နေပြီ။ ဒါပေမဲ့ သူမူပျက်တာ ဘယ်သူမှ မသိကြဘူးဗျ။ အေး လေ မသိဆို သူ့ကိုကော ဘယ်သူ က အရေးတစိုက်နဲ့ စောင့်ကြည့် နေလို့တုံး။ ဒီငတိကြီးက လမ်းကြို လမ်းကြား၊ အိမ်သာကြိုအိမ်သာ ကြားမှာ ကြီးရတဲ့ ခွေးလေခွေး လွင့်ကြီးကိုဗျ။

ဟား ...ဟား ခင်ဗျားနော် ခင်ဗျား၊ ကျုပ်ကို အဲဒီလို အထင် မသေးနဲ့ဗျ။ ကျုပ်ကို ခွေးလေခွေး လွင့်တွေကိုသာ ဒုက္ခပေးနိုင်တာ၊ ခွေးကောင်းခွေးသန့်တွေကျရင် ဘာမှ မလုပ်နိုင်ပါဘူးလို့ စဉ်းစား နေတယ်မဟုတ်လား။ ဟား ... ဟား မှားသွားမယ်နော်၊ မှားသွား မယ်။ ဒီလောက်များညံ့ရင် ခွေး ရူးဗိုင်းရပ်စ် လုပ်မနေတော့ဘူးဗျ သိရဲ့လား။ ဆိုဖာပေါ်မှာအိပ်ပြီး အမဲသားစား၊ နွားနို့ကြက်ဥ သောက်နေရတဲ့ ကိုဘော်ဘီတို့၊ ကိုဘလက်ကီတို့လည်း ကျုပ်တို့ လက်ချက်နဲ့ မရဏလမ်း ကြွမြန်း ရတာ များလှပေါ့။ ကျုပ်တို့က ခင်ဗျားတို့ လူတွေလို မျက်နှာ မလိုက်ပါဘူး။ ဒုက္ခပေးတယ်ဆို ဆင်းရဲချမ်းသာမရွေး ဒုက္ခပေးပစ် လိုက်တာပါပဲ။

အင်း ... ဒီတစ်ခါ အလှည့် ကျသူကတော့ ဆင်းရဲသား ကို အောင်နက်ကြီးပေါ့ဗျာ။ ဒီငတိ ကြီးက ခွေးလေခွေးလွင့်သာဆို တယ် မြင်မြင်သမျှလူတွေကို ပါး လျက်နားလျက် လုပ်တတ်တယ်။  ပဲပြုတ်သည်မြင်လည်း အမြီးနှန့် တာပဲ။ ပလတ်စတစ်ကောက်တဲ့ သူမြင်လည်း အမြီးယမ်းလိုက်တာ ပဲ။ ခွေးမို့လို့သာ ပါးစပ်ထဲမှာ မတတ်သာလို့ အစွယ်ပါလာရ တာ။ အဲဒီအစွယ်ကို ခွေးပီပီ အသုံးပြုပုံတောင် မရပါဘူး။ အလကား ခွေးပေါကြီးဗျ။ ဒါပေမဲ့ ခွေးပေါကြီးသော ဘာသော ညာ သော ကျုပ်တို့လက်ချက်မိရင် မရပါဘူး။ ရန်လိုလာရမယ်၊ ကိုက်ချင် ခဲချင် ဆွဲချင် ဟပ်ချင် လာရမယ်လေ။ အဟတ် ...ဟတ် ...ဟား။ အောင်နက်ကော ဘာမို့ လဲ။ သူမသေခင် ခွေးလေးငါး ခြောက်ကောင်၊ လူ လေး ငါး ခြောက်ယောက်ကိုတော့ ကိုက်ရ မှာပေါ့ ဟုတ်ဘူးလား။

အလိုလို ... ပြောရင်းဆိုရင်း ဟိုကလာနေတဲ့ ချာတိတ်ကလေး ကို ကြည့်စမ်း၊ ဝဝတုတ်တုတ် ဂင် တိုတိုနဲ့ ကျောင်းစိမ်းပုဆိုးလေးကို တိုတိုဝတ်ထားတော့ သူ့ခြေ သလုံးလေးဆို တုတ်ခဲနေတာပဲ။ အင်း ... ကောင်လေးကြည့်ရတာ (၈)နှစ်၊ (၉)နှစ်လောက်ပဲ ရှိဦး မယ်ထင်ပါရဲ့။ ဒုက္ခပေးရမှာ တောင် သနားစရာပဲ ဟဲဟဲ။ လွယ်အိတ်ကလေး လွယ်လာပုံ ထောက်တော့ ကျောင်းကပြန်လာ တာ ထင်ပါရဲ့။ ကြည့်စမ်း ... အသားကဖြူတော့ ခြေသလုံး လေးဟာ ဖွေးပြီး တုတ်ခဲနေတာ ပဲ။ ကိုက်ချင်စရာ၊ ခဲချင်စရာ။ အလိုဗျာ ... အောင်နက် ဘာလုပ် နေတုံး ကိုက်ပါတော့လား၊ ခဲပါ တော့လား၊ ဟပ်ပါတော့လား။

ဝါး ... ဟားဟား တယ်ပြီး သနားစရာကောင်းတဲ့ ကိုအောင် နက်ပဲ။ ကောင်ကလေးလည်း သူ့ ရှေ့ကဖြတ်ပြီး လွန်လည်းသွား ရော နောက်ကနေ ဝုန်းခနဲ ထိုး ဟပ်လိုက်တာပဲ။ ကောင်းသဗျာ တယ်ကောင်း။ တစ်သက်လုံး မကိုက်ဖူးတဲ့ အစွယ်ပေမယ့် ထက်လိုက်တာ။ သလုံးသားထဲ နက်ခနဲ ဝင်သွားတော့တာပဲ။ ကျုပ်လည်း သူ့အစွယ်ပေါ်ကနေ တစ်ဆင့် တုတ်တုတ်ခဲခဲ သလုံး ထဲကို နှစ်ပတ်ကျွမ်း၊ သုံးပတ် ကျွမ်းနဲ့ လှိမ့်ပြီးခုန်ဆင်းလိုက် တယ်။ ကျုပ်နဲ့အတူတူ ကျုပ်ရဲ့ ညီအစ်ကိုတွေလည်း သလုံးသား ထဲမှာ ကျွမ်းပစ်ပြီး နေခဲ့ကြတယ်။ ကောင်လေးက အော်ရင်းဟစ်ရင်း နဲ့ လွယ်အိတ်နဲ့ရိုက်တော့ ကို အောင်နက်ခမျာ နောက်ထပ် မကိုက်နိုင်ဘဲ နောက်ဆုတ်ပြေး သွားတယ်။ ကျုပ်မှာ သူ့ပါးစပ်ထဲ က ကျုပ်ညီအစ်ကိုတွေကိုတောင် နှုတ်မဆက်လိုက်ရဘူး။ ဒါပေမဲ့ သူတို့က တာဝန်ကျေကြမှာပါ။ ကိုအောင်နက်ကို မရှုမလှ သေ သည်အထိ ဆက်ပြီး ဒုက္ခပေး သွားကြမှာ။ ကျုပ်က ယုံကြည်ပြီး သား၊ စိတ်ချပြီးသားပါဗျာ။

အဲ ... ကျုပ်ကကော။ ကျုပ် ကတော့ ကောင်လေးရဲ့ သလုံး သားထဲ ရောက်လာပြီလေ။ ကျုပ် ရဲ့ဝတ္တရားက ကောင်လေးကို ဒုက္ခပေးဖို့ပေါ့။ ဒါပေမဲ့ ချက်ချင်း တော့ ဘယ်ဟုတ်မလဲ၊ တဖြည်း ဖြည်းနဲ့ ဦးနှောက်အာရုံကြောစုဆီ ရောက်အောင် ချီတက်ရဦးမယ်။ အားစုရဦးမယ်။ ဒီကြားထဲတော့ ကောင်လေးက ဘာမှသိမှာ မဟုတ်ဘူး။ ခံစားရမှာမဟုတ် ဘူး။ ကျုပ်တို့ သူ့ဦးနှောက်အာရုံ ကြောဆီ ရောက်ပြီဆိုရင်တော့ သေဖို့သာပြင်ပေတော့။ ခွေးရူး ဗိုင်းရပ်စ်ဗျ။ ခွေးရူးဗိုင်းရပ်စ် အကြောင်း ပြရဦးမှာပေါ့။ အမြှုပ် တစီစီနဲ့ ဆန့်ငင် ဆန့်ငင် သေမယ့် ကောင်လေးကို မြင်ယောင်မိပါ သေး။ အဟေး ... အဟေး။ မြင် ယောင်မိပါသေး။

အောင်မလေး...ဖိုးအောင် ဘယ်လိုဖြစ်လာတာလဲ သားလေး ရဲ့တဲ့။ တရှုပ်ရှုပ်နဲ့ ငိုလာတဲ့ ကောင်လေးကို သူ့အမေက ဆီး မေးတယ်။ အိမ်ပေါ်ကနေ မျက် ကလဲဆန်ပျာနဲ့ ပြေးဆင်းလာ တယ်။ သူတို့ အိမ်ကလေးက စုတ်တီးစုတ်ချာပါ။ ပျဉ်ကာပေ မယ့် ဓနိပဲ မိုးထားနိုင်တယ်ဆို တော့ ဖွတ်ကျားထဲကပေါ့။ အိမ် ရှေ့ ကပြင်မှာတော့ အာလူးလေး အစ၊ ကြက်သွန်လေးအစ၊ မန် ကျည်းသီးလေးအစ ရောင်းတဲ့ ကုန်စုံဆိုင် မသားမနားလေးနဲ့။ ငါ့နှယ်နော် ဒီတစ်ခါ ခွေးဆင်းရဲ၊ လူဆင်းရဲနဲ့မှ လာပြီးအကျိုးပေး နေသကိုး။

သြော်... အမေ၊ အမေ ဆို တော့လည်း သူ့သားလေး သွေး ပေါက်ပေါက်ကျတာမြင်တော့ ရင်နာမပေါ့။ ဒဏ်ရာကိုရေနဲ့ဆေး ပြီး ပတ်တီးစည်းပေးတယ်။ အဟတ်...ဟတ် ... ဟား။ ကျုပ် တို့က ဒါမျိုးမှကြိုက်တာ။ သွေး များများထွက်ရင် သွေးနဲ့အတူ ရောပြီး ကျုပ်တို့ပါ ပြုတ်ကျသွား နိုင်တယ်။ အခုတော့ ဘယ်ကျ တော့မလဲ။ ဒဏ်ရာထဲမှာ ပတ် တီးလေးကို မှီပြီး မှိန်းတောင်နေ နိုင်သေး။ ခဏတစ်ဖြုတ်ပဲ မှိန်းရ သေးတယ်။ ကျုပ်အစ်ကိုကြီးက ကျုပ်ဘေးမှာ လာအော်တယ်။ ဟေ့ကောင် အပျင်းမထူနဲ့။ ငါတို့ ချီတက်ကြရဦးမှာတဲ့။ လောလိုက် တာဗျာ ဖြည်းဖြည်းပေါ့နော်။ ကောင်လေး မသေမှာမှမဟုတ် ဘဲ။ ဘာဖြစ်လို့ အလောသုံးဆယ် ဖြစ်နေရတာလဲ မသိပါဘူး။

ဒီလိုပဲ နနွင်းလေးလိမ်းလိုက်၊ ပရုတ်ဆီလေးပွတ်လိုက်နဲ့ ကျုပ် တို့ဝင်ခဲ့တဲ့အပေါက်ကို ကျက်ခါ နီးနေပြီ။ အနာကျက်သွားရင် ကောင်လေးလည်း ဒီကိစ္စကိုမေ့ သွားတော့မှာပဲ။ ဒီတော့မှ ကျုပ် တို့လည်း အေးအေးဆေးဆေး ချီ တက်ရတော့မယ်။

ဒါပေမဲ့ဗျာ ကုသိုလ်ကံများ ဆိုးချင်တော့ ကြံဖန်ဆိုးတော့တာ ပဲ။ တစ်နေ့မှာပေါ့ ကောင်လေးက ပတ်တီးခွာပြီး အနာကိုကြည့်နေ တုန်း အချိုမှုန့်လာဝယ်တဲ့သူတစ် ယောက်က ‘‘ဟေ့ ဖိုးအောင် ဘာ ဖြစ်လာတာတုံး’’လို့ မေးသဗျ။ ‘‘ခွေးကိုက်တာ အစ်ကိုရ။ အနာ က ကျက်ခါနီးပါပြီ’’လို့တောင် ကောင်လေးက ဖြေတယ်လေ။ အောင်မာ ကာယကံရှင်တောင် အေးအေးဆေးဆေး နေနေတာ ကို အဲဒီ ကိုအာကျယ်က မနေနိုင် မထိုင်နိုင်နဲ့ ဖိုးအောင်ရဲ့ဘေးကို ရောက်လာပြီး အနာကိုကြည့် သဗျ။ ‘‘ဖိုးအောင် ခွေးကိုက်တာ ဆိုရင် မပေါ့နဲ့နော်။ မင်းခွေးက ခွေးရူးလား ခွေးကောင်းလား၊ ဘယ်တုံးက ကိုက်တာလဲ’’လို့ တောင် မေးနေသေးတယ်။ အလကားလူ။ သူနဲ့ဘာဆိုင်လို့လဲ။ရူးရူးကောင်းကောင်း သူ့အပူမှတ်လို့။ ကိုယ့်ဟာကိုယ် အနေသာကြီးကို။ အားအားယားယား အလုပ်မရှိအလုပ်ရှာတယ်လို့ တယ်ခက်တာပဲ။

သူက အဲဒီလို ပျာလောင်  လောင်လုပ်နေလို့ အာလူးရွေးနေ တဲ့ အဒေါ်ကြီးကရယ်၊ ကြက်သွန် ချိန်နေတဲ့ ဖိုးအောင်ရဲ့အမေက လည်း ပြုံးသဗျ။ ‘‘ငါ့တူရယ် ဘယ် က အလေဏတော ခွေးမှန်းမှ မသိတာ။ ရူးလားကောင်းလား ဘယ်သိပါ့မလဲ။ ဒဏ်ရာကလည်း သေးသေးလေး ကျက်တောင်နေ ပါပြီကွဲ့။ မစိုးရိမ်ရပါဘူး’’တဲ့။ ကြည့်စမ်း တယ်တော်တဲ့အဒေါ် ကြီး၊ တယ်ပေါ့တဲ့အဒေါ်ကြီး ကြိုက်သဗျာ။ အဲဒီလို ပေါ့ဆလေ ကျုပ်တို့ ကြိုက်လေပဲပေါ့။

အောင်မာ ကိုအာကျယ်က မလျှော့ဘူးဗျို့။ ‘‘ဖိုးအောင် မင်း ကလည်း တေဇလူငယ်လုပ်နေပြီး ဒီလောက်မညံ့ပါနဲ့ ငါ့ညီရာ။ ကာ ကွယ်ဆေးက နာရင်ခဏ၊ ခွေးရူး ပြန်ရင် ဘာမှမတတ်နိုင်ဘူးကွ။ ခွေးကိုက်ရင် ကြိုကြိုတင်တင် ကာကွယ်ဆေးထိုးထားမှ စိတ်ချ ရတယ်’’လို့ ပြောနေသေးတယ်။ ဒီတော့ ဖိုးအောင်ရဲ့အမေက ကိုအာကျယ်ကို မျက်စောင်းထိုး သဗျ။ ‘‘ကာကွယ်ဆေးက တစ် လုံးဆိုတော်သေး။ အခုတော့ ၁၄ လုံးတောင် ရက်ဆက်ထိုးရမှာ ကွဲ့။ နောက်ပြီး ဗိုက်မှာထိုးရမှာ ဆို ငါ့သားလေး အလကား နာ နေပါ့မယ်ကွဲ့’’တဲ့လေ။ တကယ့် ကို အားကိုးရတဲ့အဘွားကြီးပဲ။ လူ့လောကကြီးမှာ အဲဒီလိုအဘွား ကြီးတွေ အများကြီး ရှိကြပါစေ ဗျာ။ ကိုအာကျယ်လည်း ဘာမှ မပြောသာတော့ဘူး။ လက်လျှော့ ပြီး ပြန်လာရတာပေါ့ ဟဲဟဲ။

အောင်မာ အောင်မာ နောက်နေ့မနက်ကျတော့ ဖိုး အောင် ကျောင်းအသွားမှာ အဲဒီ အာကျယ်က လမ်းကနေစောင့်နေ သဗျ။ နောက်ပြီး ဖိုးအောင်ကို ကာကွယ်ဆေးထိုးရအောင် ချော့ ခေါ်တယ်လေ။ ဖိုးအောင်က လည်း နားယောင်ပြီး ပါသွားတော့ တာပေါ့။ ကိုအာကျယ် ကားတိုက် လို့သေပါစေဗျာ၊ ရထားကြိတ်လို့ သေပါစေဗျာ။

ဟတ်...ဟတ်...ဟတ် ကာကွယ်ဆေး ကာကွယ်ဆေး ဆိုလို့ ဘာများမှတ်ပါတယ်။ ကျုပ်တို့လို ဗိုင်းရပ်စ်မျိုးတွေပါပဲ လား။ သူတို့ဆေးထိုးအပ်က ခွေး ရူးဗိုင်းရပ်စ်တွေ ထပ်သွင်းပေး လိုက်တာပါလား။ အဟား ...ဟား အတော် အသုံးမကျတဲ့ လူတွေ။ ရယ်ရတယ်ဗျာ တကယ် ပဲ ရယ်ရတယ်။

ပြောရဦးမယ်။ ဝင်လာတဲ့ ကောင်တွေက ကျုပ်တို့လို ခွေးရူး ဗိုင်းရပ်စ်သာဆိုတယ်။ တကယ့် ကို အပျော့စားတွေ။ ညောင်နာနာ နဲ့၊ ကနွဲ့ကလျအကောင်တွေ။ အောင်မာ လာချေသေးတယ်။ နောက်နေ့ကျတော့လည်း တစ်ခါ ထပ်ပြီး ငညောင်ငနာတွေ ဝင်လာ ပြန်ရော။ နောက်ထပ် နောက်ထပ် လည်း တစ်ရက်တစ်ခါ ဝင်လာကြ သဗျ။ နောက်ကောင်တွေက အရင်ကောင်တွေထပ်တော့ နည်း နည်းစီ ပိုပြီး သန်သန်လာတယ်။ ဒါပေမဲ့ ဖွတ်ကျားတွေပါ။ ကျုပ် တို့လို ထွားထွားကျိုင်းကျိုင်း၊ သန်သန်မာမာ၊ ရိုင်းရိုင်းစိုင်းစိုင်း တွေ မဟုတ်ဘူး။ ကျုပ်တို့ညီအစ် ကိုတွေက အဲဒီငပျော့တွေကို ကြည့်ပြီး ကွေးနေအောင် ကပစ် လိုက်ကြတာပေါ့လေ။

ဟော... ကိုအာကျယ် ဘာ တွေပြောနေလည်း မသိဘူး။ နား ထောင်ကြည့်စမ်း။ ‘‘အခုသွင်းပေး နေတာက ဗိုင်းရပ်စ်အယဉ်တွေ ဖိုးအောင်ရဲ့။ ငါတို့ရဲ့ ခန္ဓာကိုယ် ကြီးက ရွာကြီးတစ်ရွာနဲ့တူတယ်။ တကယ်လို့ ရွာကို ဓားပြတွေလာ တိုက်တယ်ဆိုပါတော့။ ဓားပြ တွေက အလုံးအရင်း သိပ်များနေ ရင် ရွာက ဘာမှမတတ်နိုင်ဘဲ အရှုံးပေးရတယ်။ အဲဒီသဘောက ကိုယ်ထဲကို ရောဂါပိုးတွေ တစ်ပုံ တစ်ခေါင်းကြီး တအားဝင်လာ တာနဲ့ တူတာပေါ့။ ဒါပေမဲ့ သူပုန် ဓားပြတွေဟာ အလုံးအရင်းနဲ့ မဟုတ်ဘဲ နှစ်ယောက်စ၊ သုံး ယောက်စ ဝင်လာတယ်ဆိုရင် ဒီ ရွာက သတိရှိသွားပြီး ဟာ ... ဓား ပြတွေ လာနိုင်တယ်။ လာလိမ့် မယ်၊ ဒီမှာ အရိပ်အခြည်တွေ့နေ ပြီ။ မောင်းတီးကြပါ၊ လူစုကြပါ၊ လက်နက်ပြင်ကြပါဆိုပြီး အဆင့် ဆင့် ပြင်ထားတာပေါ့ မဟုတ်ဘူး လား။ အခုလည်း ဒီသဘော ဖိုး အောင်ရ။ ဒီကာကွယ်ဆေး ထိုး ပေးနေတာ ဗိုင်းရပ်စ်အယဉ်တွေ မို့ တစ်ယောက်စ၊ နှစ်ယောက်စ  လာတဲ့ ဓားပြတွေနဲ့တူတယ်။ သူ တို့ဝင်လာတဲ့အခါမှာ သတိမမူဘဲ အေးအေးဆေးဆေး နေနေတဲ့ မင်းရဲ့ခန္ဓာကိုယ်က အခုနတုန်းက လို ရွာလို သတိရှိပြီးသွားပြီ။ ဒီ ရောဂါပိုးကို ခုခံကာကွယ်ဖို့ အင် အားစုထားပြီး ခုခံအားတွေ ဖြစ် ထွန်းလာပြီး အဲဒီခုခံအားတွေက ခုန ခွေးကိုက်တုန်းက ဝင်လာတဲ့ ပိုးတွေကို သတ်ပစ်လိမ့်မယ်’’တဲ့။

မြတ်စွာဘုရား၊ ကိုယ်ကျိုး တော့ နည်းတော့မှာပဲ။ ဒီလိုဆို ရင် ကျုပ်တို့ ဘာလုပ်ရမလဲ။

မနေနိုင်မထိုင်နိုင် ကျုပ်တို့ ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကို အာကျယ် မြန်မြန် သေပါစေဗျာ။ ကြည့်စမ်းပါဗျာ ဟုတ်သားပဲ။ ကျုပ်လည်း ခုမှသတိထားမိတယ်။ ကောင်လေးရဲ့ ကိုယ်ထဲမှာ အနီ ရောင်၊ အဖြူရောင်တပ်သားတွေ လှုပ်လှုပ်ရွရွနဲ့ အင်အားစုနေကြ ပါပေါ့လား။ ကျုပ်ဘေးက ကျုပ် ညီလည်း အတော် စိတ်ညစ်သွား တယ်။ ခက်ကုန်ပြီဗျို့တဲ့။ သူက အော်တော့ ကျုပ်လည်း အကျိုး နည်းကွာလို့ ပြန်အော်လိုက်တယ်။ ကျုပ်တို့အစ်ကိုကတော့ ဟယ် ... ဘာကြောက်ရမှာလဲ။ သူတို့ မလာခင် တို့တွေက ဖိုးအောင်ရဲ့ ဦးနှောက်အာရုံကြောဆီ ရောက် အောင် မြန်မြန်သွားကြရအောင် တဲ့။ ကဲ ... ဘသား ကြိုးစားလိုက် ကွ။ သွားစမ်း မြန်မြန်၊ ပြေးကြ စမ်းမြန်မြန်။ ဖိုးအောင်ကို အကြောဆွဲအောင်လုပ်ရမယ်၊ ရေမမျိုနိုင်အောင် လုပ်ရမယ်၊ သေအောင်သတ်ရမယ်။ ကြိုးစား ကြ အစ်ကိုတို့၊ ညီတို့ရေ။

ကျုပ်တို့တွေ အားကြိုးမာန် တက် ချီတက်နေတုန်း ရုတ် တရက်  အော်သံဟစ်သံတွေ ကြားရသဗျ။ ခွေးရူး ခွေးရူးဆိုတဲ့ အော်သံတွေလည်း ညံလို့။ အလို ဗျာ ... ကိုအောင်နက်ကြီးပါလား။ အမြီးကုပ်ပြီး အမြှုပ်တစီစီနဲ့ ဟို ပြေးဒီပြေး ဖြစ်နေတယ်။ သူ့ နောက်မှာ လူတွေကလည်း ခဲတွေ၊ တုတ်တွေနဲ့။ ဒီအချိန်ဆို ရင် ကိုအောင်နက်ရဲ့ကိုယ်ထဲက ကျုပ်ညီ၊ ကျုပ်အစ်ကိုတွေတော့ အောင်ပွဲကြီး ခံနေရော့မယ်။

‘‘ဟာ...အစ်ကို အစ်ကို၊ အဲဒါ ကျွန်တော့်ကိုကိုက်တဲ့ခွေး အစ်ကိုရ’’တဲ့။ ဖိုးအောင်က တအားအော်တယ်။ ခုမှ ဒီကောင် လေးကကြောက်ပြီး တုန်တုန် ယင်ယင် ဖြစ်လာတယ်။ ‘‘အစ်ကို ရာ အစ်ကို့ကို ကျေးဇူးတင်လိုက် တာဗျာ။ ကျွန်တော့်ကို ခွေးရူး ကိုက်တာ အစ်ကိုရ။ ဆေးထိုးမိ ပေလို့’’တဲ့။ ကောင်လေးက ကို အာကျယ်ရဲ့လက်ကို တအားဆုပ် ပြီးပြောတယ်။ ကိုအာကျယ်က ရယ်သဗျ။ ‘‘အစ်ကို့ကို ကျေးဇူး မတင်ပါနဲ့ ငါ့ညီရ။ ကျေးဇူးတင် ချင်ရင် လူဝီပါစတာဆိုတဲ့ ပြင် သစ်လူမျိုးကြီးတစ်ယောက်ကို သာတင်။ အခုလို ခွေးရူးကာကွယ် ဆေးကို သူကစပြီး တီထွင်ခဲ့တာ’’ လို့ပြောတယ်။

ဘာ လူဝီပါစတာလဲ၊ ဘာ ပြင်သစ်လူမျိုးလဲ၊ အလကားလူ၊ အသုံးမကျတဲ့လူ၊ လူ့ကပ်ပါး၊ လူ့ ပိုးစား။ တောက် ... ကျုပ်ကလည်း သိပ်မဆဲတတ်ဘူး။ ခင်ဗျားတို့ လူ့ လောကမှာ အဆိုးဆုံးဆဲနည်းရှိ ရင် အဲဒီဆဲနည်းအကုန်လုံးနဲ့ ဆဲ တယ်ဗျာ။ ဆဲမယ်။ လူဝီပါစတာ ဆိုတဲ့ သတ္တဝါကြီးကို ဆဲတယ်လို့ မှတ်လိုက်ဗျို့။

‘‘ငါ့သားလေး တစ်နေ့ တစ် နေ့ ဆေးသွားထိုးနေရတာ နာ ရော့မယ်ကွယ်’’တဲ့။ ဖိုးအောင်ရဲ့ အမေက ဆီးပြောတယ်။ ဒီအဘွား ကြီးသာ သူ့သဘောနဲ့သူဆိုရင် ကျုပ်တို့ ဖိုးအောင်ကို အေးအေး ဆေးဆေး သတ်နိုင်မှာ။ တောက် ... ခုတော့ မဆိုင်တာဝင်ရှုပ်ချင် တဲ့ ကိုအာကျယ်ကြောင့် ကျုပ်တို့ တွေ ကိုယ်ကျိုးနည်းရတော့မယ်။

ဟော...လာကုန်ပြီ၊ လာ ကုန်ပြီ။ အနီရောင်တပ်သားတွေ၊ အဖြူရောင်တပ်သားတွေ လာ ကုန်ပြီ။ ဟာ... သန်လည်းသန်၊ မာလည်းမာ၊ ကြမ်းလည်းကြမ်းတဲ့ အကောင်တွေဗျာ။ ဘုရား ... ဘုရား နည်းတဲ့တပ်သားတွေမှ မဟုတ်တာ။ အို... နေကြပါဦး၊ နေကြပါဦး။ ရဲဘော်တွေ ခင်ဗျား တို့ကို ကျုပ်တို့က ဘာမှ ဒုက္ခ မပေးပါဘူးဗျာ။ ဖိုးအောင်ကိုသာ သေအောင် သတ်ချင်တာပါ။ ဘာ ... ခင်ဗျားတို့က ဖိုးအောင်ရဲ့ တပ်သားတွေ ဟုတ်လား၊ ပါ စတာရဲ့ တပ်သားတွေဟုတ်လား။ ဒါပေမဲ့ အချင်းချင်းပဲဗျာ။ ဘာလို့ တိုက်ချင်ရတာလဲ။ အောင်မလေး ဗျာ သေပါပြီ။ သြော်...ခင်ဗျားတို့ကဒီလိုလား။ ကောင်းကောင်း ပြောနေတဲ့သူကို မပြောမဆိုနဲ့ စပြီးတွယ်တယ်လား။ ဟား ... ဟား ဒီလိုဆိုရင်လည်း တစ်ပွဲတစ်လမ်း အကဲစမ်းကြသေးတာပေါ့။ လာစမ်း ကဲ လာကြစမ်း၊ ဘယ်က စမ်းစမ်း ညာကစမ်းစမ်း ဘသားတဲ့။

အို... အို ... အောင်မလေး ဗျာ အင်အားချင်းမမျှပါလား။ ကျုပ်တို့အပေါ်ကို အလုံးလိုက် အရင်းလိုက်နင်းပြီး လှိမ့်ပြီးဆင်း လာတယ်။ အလိုလေး ကျုပ် ဘာ မှ မမြင်ရတော့ပါလား။ အစ်ကို ရေ အစ်ကိုရေတဲ့ ကျုပ်ညီတွေက အော်နေတယ်။ ဒါပေမဲ့ အသံက ခပ်ပျော့ပျော့ရယ်။ ညီလေးတို့ရေ အားမငယ်နဲ့ ချကွာလို့ ကျုပ်က ပြန်ပြီးအော်ပေမယ့် အသံထွက် မလာဘူး။ အလိုဗျာ ကျုပ်လည်း အားမရှိတော့ပါလား။ အဖြူ ရောင်တပ်သားတွေက ကျုပ်ကို စိစိညက်ညက်ကျေအောင် တက် နင်းနေကြပြီ။ အောင်မလေးဗျာ နာလှချည်ရဲ့။

‘‘ဘုရား ... ဘုရား ငါ့သား လေး ကံကောင်းလိုက်တာကွယ်။ အဲဒီဆေးကို ဖော်ခဲ့တဲ့ ပါစတာ ကြီးကို ကျေးဇူးတင်လိုက်ပါဘိ တော့’’တဲ့။ ဖိုးအောင်ရဲ့ အမေက ပြောနေသဗျ။ ဟင်း... သူကတော့ ကျေးဇူးတင်တာပေါ့လေ။ ကျုပ် ကတော့ အဲဒီပါစတာဆိုတဲ့လူကြီး ကို မုန်းတယ်ဗျ၊ သိပ်ကိုမုန်းတယ် ဗျ။ သင်းကြောင့် သင်းကြောင့်... ဟော...သူတို့က ကျုပ်အပေါ်မှာ တက်နင်းရင်း အော်နေကြသေး တယ်။ ‘‘ပါစတာရဲ့ တပ်သားတွေ ကွ’’တဲ့။ အိုဗျာ...အိုဗျာ နာပါ တယ်ဗျာ။ ကျုပ်သေရတော့မယ်။ အို အစ်ကိုတို့၊ ညီလေးတို့လည်း အကုန် ငြိမ်ပါပေါ့လား။ သင်း ကြောင့် သင်းကြောင့် ပါစတာ ကြောင့်။ ကျုပ် ကျုပ်လည်း သေရ တော့မယ်။ မုန်းတယ်၊ သိပ်ကို မုန်းတယ်၊ သင်းကိုမုန်းတယ်၊ ပါစတာကို သိပ်မုန်းတယ်။ ပါ စတာကို မုန်း မုန်း မုန်း...။

(လူငယ်မဂ္ဂဇင်း ၁၉၈၂)