YPS ကတ်စနစ်ကျင့်သုံးရန် တင်ဒါအောင်ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ အဆင်မပြေ၍ တင်ဒါပယ်ဖျက်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)

 YBS ယာဉ်စီးခနှင့် အ ခြား ငွေပေးချေရေးလုပ်ငန်းများ တွင် အသုံးပြုမည့် YPS (Yan-gon Payment Services) ကတ်စနစ်လုပ်ကိုင်ရန် ပဏာမတင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် အဆိုပြုခဲ့သော အခြေအနေနှင့် ကိုက်ညီမှုမရှိသောကြောင့် ရွေးချယ်ထားမှုမှ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တင်ဒါစိ စစ်ကြီးကြပ်ရေးအဖွဲ့က ထုတ် ပြန်သည်။


ငွေပေးချေရေးဝန်ဆောင်မှု စနစ် YPS ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် Excel KCMyanmar ကုမ္ပဏီက ဇန်န၀ါရီ ၁၀ ရက်တွင် တင်ဒါပဏာမအောင်မြင်ထားပြီး စာချုပ်စာ တမ်းများ ညှိနှိုင်းရာတွင် တင်ဒါ တင်သွင်းစဉ်က အဆိုပြုခဲ့သော အခြေအနေ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီမှုမရှိ၍ ပယ်ဖျက်ခြင်းဖြစ် သည်ဟု ရန်ကုန်တိုင်းဒေသကြီး တင်ဒါစိစစ်ကြီးကြပ်ရေး အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

‘‘တင်ဒါယှဉ်ပြိုင်ရာမှာ ကုမ္ပ ဏီသုံးခုကို ရွေးချယ်ထားတာဆို တော့ ဒီကုမ္ပဏီကို ပယ်ဖျက်လိုက် တဲ့အတွက် ကျန်ခဲ့တဲ့ ကုမ္ပဏီနှစ် ခုနဲ့ ထပ်ပြီးစိစစ်ရွေးချယ်မှာပေါ့။ အဲဒီကုမ္ပဏီတွေကိုလည်း ဆက် သွယ်ထားတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် YPS ကတ်တစ်ခုတည်း ဖြင့် YBS ယာဉ်များ ယာဉ်စီးခပေး ချေရန်နှင့် အခြားငွေပေးချေရေး လုပ်ငန်းအားလုံးအတွက် အသုံးပြုနိုင်ရန် ယင်းကတ်စနစ် အ ကောင်အထည်ဖော်မည့် ကုမ္ပဏီ ကို ၂၀၁၇ နှစ်ကုန်ပိုင်းက တင်ဒါ ခေါ်ယူခဲ့သည်။

 ထိုသို့ တင်ဒါခေါ်ယူရာ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၂၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့်တွင် Excel KC Myanmar ကုမ္ပဏီ၊ Asia Star-mar Transport Intelligent ကုမ္ပဏီနှင့် AnyPay Payment Ser-vices ကုမ္ပဏီကို ဆန်ခါတင်စာရင်းတွင် ရွေးချယ်ထားပြီး Excel KC Myanmar ကို ပဏာမတင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်ခဲ့ သည်။

အဆိုပါ Excel KC Myan-mar ကုမ္ပဏီသည် မြန်မာနိုင်ငံမှ Excel KC Myanmar Group နှင့် တိုင်ပေမှ ACER Incorporated ပူးပေါင်းထားသည့် နည်းပညာ ကုမ္ပဏီဖြစ်ပြီး YPS စနစ်အတွက် မြန်မာငွေ ၁၉ ဘီလီယံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံရန် အဆိုတင်သွင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားသည်။

တင်ဒါစိစစ်ကြီးကြပ်ရေးအ ဖွဲ့သည် Excel KC Myanmar ကုမ္ပဏီကို ဇန်န၀ါရီက တင်ဒါရွေးချယ်သော်လည်း  လေးလခန့် အချိန်ယူ ညှိနှိုင်းဆွေးနွေးပြီး နောက် ပယ်ဖျက်ခဲ့သည်။

YBS ငွေပေးချေသည့်စနစ်တွင် MPU, Master, VISA  ကတ်များသုံးနိုင်ရန် ဆောင်ရွက်မည်ဖြစ်သလို အခြေခံပြည်သူများအတွက် ဈေးအသက်သာဆုံးကတ်ကိုလည်း ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧပြီ ၂၀ ရက်တွင် UMFCCI ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် အကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

‘‘ကျွန်တော်တို့ သုံးစွဲမယ့် ကတ်က ဘတ်စ်ကားစီး၊ ဈေးဝယ် အကုန်လုပ်လို့ရမယ်။ ဒီစနစ်က အခုနိုင်ငံတကာမှာ သုံးနေတယ်။ ကတ်တိုင်းကတ်တိုင်း သုံးလို့ရ တဲ့စနစ်ဖြစ်ရမယ်’’ဟု ဦးဖြိုးမင်း သိန်းက ပြောသည်။

သို့သော် တင်ဒါရွေးချယ် ထားသည့် ကုမ္ပဏီနှင့် ညှိနှိုင်းမှု အဆင်မပြေ၍ တင်ဒါအောင်မြင် မှုမှ ပယ်ဖျက်ခဲ့သဖြင့် YPS စနစ်စတင်နိုင်မည့်ကာလ ထပ်မံကြာမြင့်ဖွယ်ရှိသည်။