ပုတ်သင်ညိုကြီးများရဲ့အာဘော်

(တစ်)

တိရစ္ဆာန်မီဒီယာ (Me-dia) လောကကြီးအတွက် အခုနှစ်ပိုင်းတွေဟာ အ,မင်္ဂလာနှစ်ပိုင်းတွေလို့များ ပြောရလေမလား မပြောတတ်ပါဘူး။ ကြားလိုက်ရတဲ့ သတင်းတွေ မှန်သမျှ တစ်ခုမှကို ကျက်သရေ မရှိဘူး။


အဲ...မီဒီယာ(Media)ဆိုလို့ အဲသည့်စကားလုံးဝေါဟာရရဲ့ အနက်အဓိပ္ပာယ်ဗျူပ္ပတ်က လူထု ဆက်သွယ်ရေးရယ်လို့ အဘိဓာန် ဘုတ်အုပ်အထူကြီးတွေထဲမှာဖြင့် ဖွင့်ဆိုထားတာပါပဲ။ News and Information for the Public လို့ ဆိုသမို့လား။ ရေဒီယိုတွေပါတာ ပေါ့။ ရုပ်မြင်သံကြားတွေပါတာ ပေါ့။ သတင်းစာ၊ ဂျာနယ်တွေပါ တာပေါ့။ ၎င်းအရပ်ရပ်ကို ပေါင်း စပ်လိုက်လေသောအခါ ယင်းအ နှီဥစ္စာကြီးတစ်ခုလုံးကို မီဒီယာလို့ ခေါ်ဝေါ်သမုတ်ကြလေကုန်တာ ပါပဲ။

အဲသည့် မီဒီယာဆိုတာကြီး ဟာ လူ့ရပ်၊ လူ့ရွာထဲမှာ လူထု ဆက်သွယ်ရေးပါလို့ ဘာသာပြန် ဆိုကြပေမယ့် စုံနံ့သာမြိုင်ဆိုတဲ့ တောကြီးထဲမှာတော့ တိရစ္ဆာန် တွေပဲ နေကြသမို့ဥစ္စာ တိရစ္ဆာန် ဆက်သွယ်ရေးရယ်လို့ပဲ ခေါ်ဝေါ် သမုတ်ကြရပေမှာပေါ့။ ထား။

အခု အဲသည့်တောထဲက မီဒီယာလောကကြီးတစ်ခုလုံး ကျက်သရေတုံးနေရတာ။

မနက်စောစော ခပ်ပျင်းပျင်း ရှိတာနဲ့ စုံနံ့သာမြိုင်တောထဲက နွားကြီးဘွတ်အဲဖွင့်ထားတဲ့ တီး အင်န် ကဖီး (Tea & Cafe) ဆိုတဲ့ ဆိုင်ကလေးထဲ ဝင်သွားပြီး သဘာဝနွားနို့ပူပူကလေးတစ်ခွက်မှာပြီးတဲ့သကာလ ဖတ်နေကျ ‘ဇီးကွက်မျက်ပြဲ’ ဆိုတဲ့ သတင်းစာကလေးရောက်ပြီလားခင်ဗျလို့ လှမ်းမေး လိုက်တော့ ကောင်တာမှာ ထိုင် နေတဲ့ နွားကြီးဘွတ်အဲရဲ့ ဇနီး ဘွတ်အဲကြာဖြူလှမ်းအော် ပြောပုံက ကြည့်။

‘‘ဇီးကွက်မျက်ပြဲ သတင်း စာလား ရပ်သွားပြီလေ။ အခုမှ အိပ်ရာက နိုးလာတယ် ထင်ပါ့။ သုံးလေးရက်ရှိပြီတော်ရေ့ ရပ်သွားတာ။ လာသမျှ သတ္တဝါ ဇီးကွက်မျက်ပြဲပဲ မေးနေလိုက်ကြ တာ’’

တိရစ္ဆာန်လောကမှာ ဖြစ် ပျက်နေသမျှ သတင်းတွေက ကွက်ကွက်ကွင်းကွင်း၊ ဆောင်းပါးတွေက ရှင်းရှင်းလင်းလင်းရှိသမို့ စာဖတ်သူ သတ္တဝါပေါင်းစုံက အ ကြိုက်တွေ့နေကြတဲ့ ‘ဇီးကွက် မျက်ပြဲ’ လို သတင်းစာတစ်စောင် ရပ်သွားပြန်ပြီဆိုတာကြောင့် အ, မင်္ဂလာပဲရယ်လို့ ဂျက်ကွမ်းခြံကုန်း က ကောက်ချက်ဆွဲလိုက်မိတာ ပါ။

ဟုတ်တယ်လေ။ ဘာကြာ သေးလို့လဲ။ ‘ယုန်နားရွက်’ ဆိုတဲ့ သတင်းစာတစ်စောင်လည်း ထုတ်ဝေသမှု ရပ်ဆိုင်းသွားခဲ့ရတာပါပဲ။ နေဦး ရှိသေးတယ်။ ‘လင်းယုန် မျက်စိ’ ဆိုတဲ့ သတင်းစာ။ တော နေသတ္တဝါပေါင်းစုံရဲ့ အကျိုးစီး ပွားအတွက် သိသင့်သိထိုက်တဲ့ သတင်းမှန်သမျှ အကုန်လုံးဖွင့်ချ ရေးသားနေတဲ့ သတင်းစာ။ အခု အဲသည့် ‘လင်းယုန်မျက်စိ’ လည်း ရပ်သွားခဲ့တာကြာပေါ့။

‘‘သတင်းစာတွေမှ မဟုတ်ရပါဘူးဂျက်ဆရာရယ်။ ဂျာနယ်တွေလည်း တစ်စောင်ပြီး တစ်စောင်ဆိုသလို ရပ်ရပ်ကုန်ကြတာ ပါပဲ’’

တီးအင်န်ကဖီး(Tea & Cafe) ထဲကို ဝင်ချလာကာ ဂျက်ထိုင်နေ တဲ့ စားပွဲမှာ ဝင်ထိုင်လာတဲ့ သိုးကြီးကလည်း တိရစ္ဆာန်မီဒီယာလော ကရဲ့ ကျက်သရေနတ္ထိဖြစ်နေပုံကို ဝင်ပြီး ဖြည့်စွက်ပါတယ်။

တောရောင်ခြည် ဂျာနယ် ဟပ်ထိုးလဲသွားတာ ကြာပေါ့။ Jungle Star ဂျာနယ် ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ငြိမ်ကျသွားတာ သည်နွေမိုးဆောင်း ပြောင်းခဲ့ပါပေါ့။ လင်းကြက်တွန်သံဂျာနယ် ဆန့် ငင်ဆန့်ငင်နဲ့ မျက်ဖြူလန်သွားတာတစ်ဆောင်းတောင်မှ သစ်ခဲ့ပါပ ကော။ ကြိုးကြာတစ်ထောင်ဂျာ နယ် ကယ်တော်မူကြပါလို့ အော် ရင်းဟစ်ရင်းနဲ့ အသံတိမ်သွားတာ ပြန်ပေါ်မလာပါလေတော့။

‘‘အနို့...နေစမ်းပါဦး၊ အဆွေတို့တောမှာ မီဒီယာလောကကြီးဖရိုဖရဲနဲ့ပြိုလဲနေပုံက ကြောက်ခမန်းလိလိပါလားဗျာရယ်။ကြာရင် ဘာမှ ဖတ်စရာရှိတော့မယ်မထင် တာမို့ ကြံ့ကြံ့ခံနိုင်မယ့် စာစောင်ကလေးများ တစ်စောင်တလေ လောက် လုပ်နိုင်မယ့် တိရစ္ဆာန် မရှိတော့ဘူးလားဗျာရယ်’’

တိရစ္ဆာန်တွေနဲ့ အုံခဲနေတဲ့ Tea & Cafe ထဲမှာ ဂျက်က အနို့ ကလိုလည်း ညည်းတွားလိုက်လေ ရော အသံခပ်စွာစွာနဲ့ မြင်းကြီးက သောက်လက်စ နို့ခွက်ကို စားပွဲ ပေါ်ဆောင့်ချကာ ပြောထည့် လိုက်ပုံက...

 ‘‘ဘယ်သောအခါမှ မယိုင်မလဲခိုင်ခိုင်မြဲပြီး စတိုင်ဆွဲကာ ကြံ့ကြံ့ခံနေတဲ့ ပစ်တိုင်းထောင် သတင်းစာကတော့ ကျုပ်တို့ဂနိုင် မှာ ရှိသပေါ့။ ဂျက်ဆရာရယ် တောရိပ်တောင်ရိပ်နေ့စဉ်ဆိုတဲ့ သတင်းစာ။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းဘယ်တော့မှ လဲပြိုမယ် မထင်နဲ့။ ပုတ်သင်ညိုတွေက လက်ဆင့်ကမ်းပြီး ထုတ်ဝေလာ ခဲ့ကြတာ’’ တဲ့။

‘တောရိပ် တောင်ရိပ်’ သ တင်းစာကို ဘယ်တော့မှ စောင် ရေမကျအောင် ထိန်းထားနိုင်တဲ့ ပုတ်သင်ညိုကြီးတွေကို ဂျက်ကွမ်း ခြံကုန်း တော်တော်ကလေး စိတ် ဝင်စားသွားပါတယ်။ ဂျက်ဆရာ တွေ့ချင်ရင် တွေ့ပေးမယ်လေ တဲ့။ မြင်းက။

ဂျက် အဲသည့်မြင်းပေါ်ကို တက်ခွလိုက်တယ်။ သတင်းစာ ဆရာ ပုတ်သင်ညိုကြီးတွေနဲ့ တွေ့ချင်လို့။

(နှစ်)

‘တောရိပ် တောင်ရိပ်’ သ တင်းစာတိုက်ကို ရောက်တော့ လက်ရှိ တာဝန်ယူနေတဲ့ ပုတ်သင် ညိုကြီးသုံးလေးငါးကောင်နဲ့ တွေ့ ပါလေရော။ ထုံးစံအတိုင်း ခေါင်း တဆတ်ဆတ်ညိတ်လို့။

‘‘အဆွေတို့ သတင်းစာက တော်တော့ကို သက်တမ်းရှည်ပြီ နော်’’

ဂျက်က အနို့ကလို မေးတော့စိမ်းသလိုလို၊ ပြာသလိုလို၊ ဝါသလိုလို၊ နီသလိုလို ခေါင်းကြီးတညိတ်ညိတ်နဲ့ ပုတ်သင်ညိုကြီးက ပြန်ဖြေပါတယ်။

‘‘ဟုတ်ပါ့။ တိရစ္ဆာန်တို့ ပျော် မွေ့ကြရာ စုံနံ့သာမြိုင်တောကြီး ထဲမှာတော့ တောရိပ်တောင်ရိပ် ဆိုတဲ့ သတင်းစာကြီးဟာ သက်တမ်းရှည်ကြာလှပါပေါ့။ ရှည်ဆိုတောထဲမှာ သတ္တဝါကြီးတွေ တစ်ကောင်ပြီးတစ်ကောင် ဦးဆောင်သူ လီဒါ (Leader)အဖြစ်နဲ့ ပြောင်းပြောင်းသွားတယ်။ တောရိပ် တောင်ရိပ်သတင်းစာကို ခေတ်အ ဆက်ဆက် ပုံဖော်ခဲ့ကြတဲ့ ပုတ် သင်ညိုတွေကတော့ ပြတ်သားတဲ့ မူဝါဒနဲ့ မယိုင်မလဲဘဲ ရပ်တည်ခဲ့ ကြတယ်။ ဒါ့ကြောင့်လည်း သို့နှယ် သက်တမ်းရှည်ကြာ ရပ်တည်နိုင် ခဲ့တယ်ထင်ပါ့’’ တဲ့။

ဂျက် တော်တော်စိတ်ဝင်စား သွားတာ အမှန်ပါ။ ပြတ်သားတဲ့ မူဝါဒနဲ့ ရပ်တည်ခဲ့လေသတဲ့။ ယင်း၎င်းအနှီပြတ်သားတဲ့ မူဝါဒ ကို ဂျက်သိချင်စိတ်တွေ နိုးကြွလာပါရဲ့။

‘‘အဲသည် ပြတ်သားတဲ့မူဝါဒ ကလေးသိချင်မိပါရဲ့’’

အဲသမှာ ပုတ်သင်ညိုကြီး တစ်ကောင်က မှတ်တမ်းမှတ်ရာ တွေထားတဲ့ ဗီရိုကြီးထဲကနေ အသေအချာချုပ်ထားတဲ့ သတင်း စာလေးငါးစောင်ကို ထုတ်ယူကာ အယ်ဒီတိုရီရယ် (Editorial) လို့ ခေါ်တဲ့ အယ်ဒီတာ့အာဘော်တွေ ကို လှန်ပြပါတယ်။ မှန်တာပေါ့။ အယ်ဒီတာ့အာဘော် ဆိုတာ သတင်းစာရဲ့ ပြတ်သားတဲ့မူဝါဒပဲ ဥစ္စာ။

‘‘ဒီမှာ၊ ဒါက တောကို ဖွတ် ကြီး ဦးဆောင်ခွင့်ရတုန်းက ထုတ်ခဲ့တဲ့ သတင်းစာ။ အယ်ဒီတာ့ အာဘော်ကို ကြည့်လိုက်။ ဖွတ်ခေတ်ကို ရောက်ရမည်မှာ မလွဲပါ တဲ့။ နေဦး... ဒါက ဖွတ်ကြီးဆင်း သွားပြီး ခြင်္သေ့တက်လာတော့ ထုတ်ခဲ့တဲ့ သတင်းစာ။ အယ်ဒီတာ့ အာဘော်က ခြင်္သေ့ခေတ်ကို ရောက်ရမည်မှာ မလွဲပါတဲ့။ အနို့နဲ့ ခြင်္သေ့လက်ပြနှုတ်ဆက်ပြီး မြေ ခွေး တက်လာပြန်ပါလေရော။ ဟောသမှာ ထိုစဉ်က သတင်းစာ အယ်ဒီတာ့အာဘော်က မြေခွေး ခေတ်ကို ရောက်ရမည်မှာမလွဲပါ။ နောက်တော့တစ်ခါ မြေခွေးနှုတ် ဆက် အိုးဝေတွေ  တက်လာပြန်ပါ လေရော’’

ပုတ်သင်ညိုကြီးစကားမဆုံး  ခင်မှာပဲ ဂျက်က တော်ပါတော့လို့ ဆိုကာ လက်ကာပြလိုက်မိပါရဲ့။

‘‘ဟုတ်ကဲ့ သဘောပေါက် ပါပြီ။ ပုတ်သင်ညိုတွေ လက်ဆင့် ကမ်းအသက်သွင်းကာ စီမံထုတ် လုပ်ခဲ့တဲ့ တောရိပ်တောင်ရိပ် သတင်းစာရဲ့ ပြတ်သားတဲ့ မူဝါဒ က’’

‘‘သြော်... ရှင်းရှင်းကြီးဥစ္စာ ဂျက်ဆရာရယ် လက်ရှိ သတ္တဝါ ကြီးလုပ်ဆောင်သမျှ တောအ ကြိုက် မနောခိုက် All Right ပဲပေါ့။အနို့ကလို မူနဲ့ပြတ်ပြတ်သားသားရပ်တည်ခဲ့တာ’’

သြော်...စာနယ်ဇင်းကလေး တွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ပျောက်သွားကြရှာတဲ့ အချိန်မှာ တောရိပ်တောင်ရိပ် သတင်းစာကတော့ ပြတ်သားတဲ့ မူကြောင့် တောထဲမှာ အောင်လံ ထူလို့။

ဘယ်သတ္တဝါကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ပုတ်သင်ညိုတွေ ကတော့ လက်ရှိသတ္တဝါ All Right။ သတ္တဝါမျိုးစုံ နည်းနည်းကလေး ခံပြင်းတာက အဲသည် တောရိပ် တောင်ရိပ်ထွက်နေဖို့ အတွက် မိမိတို့က အခွန်တော်ငွေ မှန်မှန်ပေးဆောင်နေရတဲ့ ဒုက္ခ။ မှတ်ကရော။       ။

(ဖော်ပြပါ သရော်စာသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)