ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း ဝင်ငွေတိုးရန် မျှော်မှန်းထားဟုဆို

ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်အချို့ကို ဆင်ထိန်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွင်း ဆင်ထိန်းသိမ်းစောင့် ရှောက်ရေး အခြေပြုခရီးသွားလုပ် ငန်းမှ ကျပ်တစ်ဘီလီယံအထိ ဝင် ငွေရရှိရန် မျှော်မှန်းထားကြောင်း သစ်ထုတ်လုပ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးခင်မောင် ကြည်က ပြောသည်။


မြန်မာနိုင်ငံအနှံ့ ဆင်စခန်း ၁၈ ခုရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီး အပါအဝင် သီပေါမြို့နယ်နှင့် ဇလုံတောင်ဒေသ၌ ဆင်စခန်းများ တိုးချဲ့ရန် လျာထားကြောင်း ၎င်း က ပြောသည်။

‘‘၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ တော့ ကျပ်သိန်း ၃,၂၀၀ လောက် ရတယ်။ တချို့အရမ်းဝေးတဲ့ ဆင် စခန်းတွေက ဝင်ငွေမရှိသေးဘူး။ ဒါတွေကိုလည်း စီမံချက်ချပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်’’ဟု ဦးခင်မောင်ကြည်က ပြောသည်။

၂၀၁၈ ဧပြီ သင်္ကြန်ရက်အ တွင်း ဆင်စခန်း ၁၈ ခုသို့ ပြည် တွင်း၊ ပြည်ပခရီးသွား သုံးသောင်း ကျော် လာရောက်လည်ပတ်ပြီး ကျပ်သိန်း ၅၀၀ ကျော်ရရှိကြောင်း နိုင်ငံပိုင်သတင်းစာက ကြေညာသည်။

ဆင်စခန်းဝင်ကြေးနှင့် ဆင် စီးခသည် စခန်းတစ်ခုနှင့်တစ်ခု တူညီမှုမရှိကြောင်း၊ မေလအ တွင်း ဆင်စခန်းများ၏ ဝင်ကြေး နှင့် ဆင်စီးခကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန်ရှိကြောင်း ဦးခင် မောင်ကြည်က ပြောသည်။

ပြည်ပခရီးသွားများအတွက် ဆင်စခန်းဝင်ကြေးကို အများအား ဖြင့် နှစ်သောင်းကျပ် သတ်မှတ် ထားပြီး ဆင်စီးခကိုလည်း အလားတူဈေးနှုန်း သတ်မှတ်ထားသည်။

‘‘စခန်းတစ်ခုမှာ အနည်းဆုံး တော့ ဆင်ခြောက်ကောင်ရှိတယ်။ တချို့စခန်းတွေဆိုရင်တော့ ၁၈ ကောင်လောက်အထိရှိတယ်။ ဝင် ကြေးတွေကလည်း တူညီမှုတော့ မရှိဘူး’’ဟု ၎င်းက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း ဆင်စခန်းများသို့ ပြည်တွင်း၊ပြည်ပခရီးသွား တစ်သိန်းသုံး သောင်းကျော် ဝင်ရောက်ပြီး ဆင် စီးအပန်းဖြေသူ သုံးသောင်းရှစ် ထောင်ကျော်ရှိသည်။ မြန်မာနိုင်ငံ၌ ဆင်အကောင်ရေ ၃,၁၀၀ ရှိသည်။

ဆင်စခန်း ၁၈ ခုမှာ မြိုင် ဟေဝန်၊ ဖိုးကျား၊ နတ်ပေါက်၊ ပျားစွဲ၊ ဝဲမ၊ မှော်ယာကြီး၊ တလယ်၊ ဝင်္ဂဘော်၊ နတ်မှော်၊ သစ်ကတိုးအိုင်၊ မိုးမခ၊ ငလိုက် စခန်းသာ၊ မုက္ခာ၊ ဒေါက်တာ ဘရန်ဒစ်၊ ဒီးဒုတ်၊ ရှမ်းရိုးမ၊ ပုလင်းကမ်းသာယာ၊ ဝါးနက် တို့ဖြစ်သည်။