အမေရိကန်တွင် မြန်မာတစ်ဦး သေဆုံးသည့် ကားမီးလောင်မှုကို သေကြောင်းကြံစည်မှုအဖြစ် ရဲတပ်ဖွဲ့သတ်မှတ်

အမေရိကန်တွင် ကားမီးလောင်မှု တစ်ခုအတွင်း မြန်မာ အမျိုးသားတစ်ဦး သေဆုံးခဲ့မှုမှာ သေကြောင်းကြံစည်မှု တစ်ခုဖြစ်ကြောင်း ရဲများက ပြောကြားခဲ့သည်။


အင်ဒီယာနာပြည်နယ်ရှိ အလန်ကောင်တီတွင် ယခုလလယ်ခန့်က တိုက်ခန်းတစ်ခု၏ အုတ်နံရံကို ဗင်ကားတစ်စီး ဝင်တိုက်ပြီးနောက် မီးလောင်ကျွမ်းမှုကြောင့် အသက် ၄၄ နှစ်အရွယ် ဦးရဲထွဋ်နိုင်ဆိုသူ သေဆုံးခဲ့သည်။

ဖို့တ်ဝိန်း ရဲတပ်ဖွဲ့၏ မှုခင်းစစ် အရာရှိ တစ်ဦးက ကားအင်ဂျင် အလွန်အမင်း အပူလွန်ကဲပြီး မီးလောင်ခဲ့ကြောင်း၊ ကားမောင်းနှင်ခဲ့သည့် ဦးရဲထွဋ်နိုင်မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် အိမ်တွင်းရေး ပဋိပက္ခ ပြဿနာ တစ်ခုခုနှင့် ဆက်နွှယ်နေဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။ ဦးရဲထွဋ်နိုင်သည် ၎င်း၏ ဇနီးနှင့် သားသမီးများ နေထိုင်ရာ တိုက်ခန်းနေရာကို ကားဖြင့် ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ၎င်းကိုယ်တိုင် နေထိုင်ခြင်း ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရသေးချေ။

ဖို့တ်ဝိန်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မိုက်ကယ်ဂျွိုင်နာက အခင်းဖြစ်ရာနေ့ မနက်ပိုင်းက အဆိုပါ လိပ်စာတွင်ပင် အိမ်တွင်း ပြဿနာ တစ်ခုအတွက် ဖုန်းဆက် တိုင်ကြားသဖြင့် သွားရောက် ဖြေရှင်းပေးခဲ့ရကြောင်း ဆိုသည်။

မျက်မြင်များ၏ အဆိုအရ ယာဉ်မောင်းသူသည် ဗင်ကားကို မြက်ခင်းပေါ်မှ ဖြတ်မောင်းကာ အဆောက်အအုံ နံရံကို ရှေ့တိုးနောက်ဆုတ်ဖြင့် ဝင်တိုက်နေခဲ့ကြောင်း သိရသည်။ ထို့နောက် ယာဉ်မောင်းသူသည် လောင်စာဆီ ထည့်ထားသည်ဟု ယူဆရသည့် အနီရောင် သံဘူးတစ်ဘူးကို ကိုင်ဆောင်ကာ ကားအပြင် ထွက်လာစဉ် မီးလောင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဟု ဆိုသည်။

မီးလောင်ကျွမ်းသွားသော ကားကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး မီးကူးစက်မှု ပိုမြန်စေသည့် ဓာတ်ပစ္စည်းမျိုး ပါဝင်ပတ်သက်မှု ရှိမရှိကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း ဂျွိုင်နာက ပြောကြားခဲ့သည်။

အခင်းဖြစ်ချိန်က ထိန်းသိမ်းရန် ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောင်းတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း မည်သည့် ပစ်ခတ်မှုမျှ မဖြစ်ခဲ့ကြောင်း ဂျွိုင်နာက ငြင်းဆန်သွားသည်။

ကားတွင် မီးလောင်ချိန်၌ ရဲအရာရှိများ အနေဖြင့် ဦးရဲထွဋ်နိုင်ကို မည်သို့မျှ ကယ်ဆယ်၍ မဖြစ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။

Ref: Journal Gazette