လိဒ်စ်ယူနိုက်တက်အသင်း၏ မြန်မာခရီးစဉ် ကျပ်သိန်းခြောက်ထောင်ခန့် ကုန်ကျမည်

လိဒ်ယူနိုက်တက်အသင်း လာရောက်ယှဉ်ပြိုင်မည့် AYA Bank Tour 2018 မတိုင်မီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ − ရွှေဘုတ်)

အင်္ဂလိပ်ချန်ပီယံရှစ်ကလပ်လိဒ်စ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံသို့ လာရောက်၍ ခြေစမ်းမည့်ခရီးစဉ်အတွက် ကျပ်သိန်းခြောက်ထောင်ခန့် ကုန်ကျမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးကိုကိုသိန်းက ပြောသည်။
 


AYA Bank Tour 2018 အဖြစ် ဧရာဝတီဘဏ်၏ စီစဉ်မှုဖြင့် ခြေစမ်းပွဲများလာရောက်ယှဉ်ပြိုင်မည့် လိဒ်စ်ယူနိုက်တက်အသင်း သည် မေလ ၉ ရက်တွင်ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ မြန်မာလိဂ်ညွန့်ပေါင်းအသင်း (MNL All Stars)၊ မေလ ၁၁ ရက်တွင်မန္တလေးမြို့ မန္တလာသီရိကွင်း၌မြန်မာ့လက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘လိဒ်စ်ယူနိုက်တက်အသင်းကို ပွဲလာကစားပေးတဲ့အတွက် ပွဲကန်ကြေးမပေးရဘူးဆိုပေမယ့်အသင်းမှာ ပါလာမယ့် ကစားသမား၊ အုပ်ချုပ်သူ ၃၅ ဦးစာအတွက်လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်ရှိတဲ့ အဆင့်ဟိုတယ်မှာ ထားရ
မှာဖြစ်တာကြောင့် ကုန်ကျစရိတ်ကျပ်သိန်းခြောက်ထောင်လောက်ရှိပါတယ်။ ဒီကုန်ကျငွေကို ဧရာဝတီဘဏ်က စပွန်ဆာပေးပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။

ဧရာဝတီဘဏ်သည် မြန်မာအမျိုးသားအားကစားတစ်ခုဖြစ်သည့် ဘောလုံးကစားနည်းကိုအောင်မြင်စေရန် ထောက်ပံ့ပေးခဲ့သည်မှာ အချိန်ကာလတစ်ခုရှိပြီဖြစ်ပြီး အနာဂတ်တွင်လည်း ဆက်လက်ထောက်ပံ့ပေးရန် စီစဉ်ထား
ကြောင်း ဧရာဝတီဘဏ်အုပ်ချုပ်မှု ဒါရိုက်တာဦးမြင့်ဇော်က ပြောသည်။ မြန်မာနိုင်ငံသားများသည်ဘောလုံးကစားနည်းကို ရူးသွပ်ကြခြင်းကြောင့် လိဒ်စ်ယူနိုက်တက် အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ
လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ယခုလာရောက်မည့် ခြေစမ်းပွဲခရီးစဉ်အတွင်း လူငယ်ကစားသမား များကို ဘောလုံးအခြေခံနည်းစနစ်များ သင်ကြားပေးရန် စီစဉ်ထားကြောင်း လိဒ်စ်ယူနိုက်တက်
အသင်း အမှုဆောင်အရာရှိချုပ်အန်းဂတ်စ်ကင်မ်နာက ပြောကြားသည်။

‘‘ကျွန်တော်တို့အသင်းမှာဒဏ်ရာရပြီး ခြောက်လလောက်နားနေရတဲ့ ကစားသမားတွေဒဏ်ရာက ပြန်ကောင်းလာပါပြီ။ဒီခြေစမ်းပွဲတွေက သူတို့အတွက်အကောင်းဆုံးပုံစံပြသနိုင်မယ့်အခွင့်အရေးပါ။ ကျွန်တော်တို့ အနေနဲ့
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ ပေါင်းပြီး လူငယ်စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်’’ ဟု အန်းဂတ်စ်ကင်မ်နာက ပြောသည်။

လိဒ်စ်ယူနိုက်တက်အသင်းသည် မေလ ၆ ရက်တွင် အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ် ၄၅ အဖြစ် ကျူပီအာအသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်အပြီး၌ မြန်မာနိုင်ငံသို့ ထွက်ခွာလာမည်ဖြစ်သည်။

လိဒ်စ်ယူနိုက်တက်အသင်းပွဲစဉ်များအတွက် ကွင်းဝင်ကြေးကျပ် ၄,၀၀၀၊ ၃,၀၀၀နှင့် ၂,၀၀၀သတ်မှတ်ထားသည်။