အမှိုက်ပုံမီးကြောင့် လှိုင်သာယာဆေးရုံတွင် ဆေးကုသမှု ခံယူသူ ၁၃ ဦးရှိ

ယင်းလူနာများ၏သွေးအဖြေကို စစ်ဆေးနေပြီး လက်ရှိအချိန်အထိ လူသေဆုံးမှုမရှိဟုဆို
ဓာတ်ပုံ − နစ်ကီ

လှိုင်သာယာဆေးရုံကြီးတွင် အမှိုက်ပုံမီးကြောင့် ဆေးကု သမှုခံယူနေသူ လူနာ ၁၃ ဦးရှိပြီး လက်ရှိအချိန်ထိ လူသေဆုံးမှုမရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောသည်။

‘‘လှိုင်သာယာဆေးရုံမှာ လူနာ ၁၃ ယောက်တက်တယ်။ ဒီလူနာ တွေရဲ့ သွေးတွေကို စစ်ဆေးနေတယ်။ သွေးထဲမှာ ကာဘွန်မနော ဆိုက် (Carbon monoxide) အဆိပ်သင့်တာ ဘယ်လောက်ရှိလဲ သိအောင် စစ် နေတယ်။ ဒီနေ့ညနေ (ဧပြီ ၂၄ရက်) တော့ အဖြေသိရမယ်။လက်ရှိ အချိန်ထိတော့ လူသေဆုံးမှုမရှိပါဘူး’’ ဟု ဒေါက်တာထွန်းမြင့်က ရှင်းပြသည်။

ထိန်ပင်သုသာန်အနီးရှိ ဧက ၃၀၀ ကျယ်ဝန်းသော အမှိုက်ပုံ ကြီးသည် ဧပြီ ၂၁ ရက်က မီး စတင်လောင်ကျွမ်းခဲ့သည်။ အဆို ပါ အမှိုက်ပုံမီးကြောင့် ထွက်လာ သော မီးခိုးငွေ့များနှင့် ညစ်ညမ်း သောလေထုသည် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင် သုံးခုရှိ မြို့နယ်အချို့တွင် ညှော် နံ့များ ပျံ့နှံ့ခဲ့သည်။ ယင်းပတ်ဝန်း ကျင်အနီးရှိ ပြည်သူအချို့ အသက်ရှူကျပ်၍ ဆေးကုသမှု ခံယူခဲ့ရသည်။

လက်ရှိတွင် လှိုင်သာယာမြို့ နယ်ရှိ မီးလောင်ပြင်နှင့်နီးသည့် ကျုံစုအလယ်ရွာ၊ ကုလားကြီးစု ရွာ၊ အလည်ရွာ၊ (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် (၂၀) ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဆေးခန်းငါးခန်း ဖွင့်လှစ်ပြီး ဆေး ကုသမှု ပေးနေသည်။

‘‘လူမှုကူညီရေးအသင်းတွေ နဲ့ ကြက်ခြေနီတွေပေါင်းပြီး ကူညီ ကြတယ်။ လူနာတင်ယာဉ်တွေ ချထားတယ်။ ဆေးခန်းဖွင့်တဲ့နေ ရာမှာ အောက်ဆီဂျင် လုံလုံ လောက်လောက် ထားပေးထား တယ်။ မီးခိုးငွေ့နဲ့ ပတ်သက်တဲ့ လူနာလာပြတာ ဒီနေ့မနက် (ဧပြီ ၂၄)မရှိဘူး။ လှိုင်သာယာဆေးရုံ မှာလည်း နောက်ထပ် လူနာ ၃၀ လောက် လက်ခံကုသပေးနိုင် အောင် ပြင်ဆင်ထားတယ်’’ဟု ဒေါက်တာထွန်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ရှိ ထိန်ပင်သု သာန်အနီးရှိ ထိန်ပင်အမှိုက်ပုံ မီး လောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၄၀၀ ခန့် မီးငြှိမ်းသတ်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များ ထိ ခိုက်မှုမရှိကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

လက်ရှိတွင် အမှိုက်ပုံ မီး လောင်မှုကို ထိန်းချုပ်နိုင်ပြီး မီးကူးစက်လောင်ကျွမ်းမှု မရှိ တော့သဖြင့် မီးသတ်တပ်ဖွဲ့ဝင် များကို နေ့ဝက်စီ အနားယူ မီး ငြှိမ်းသတ်စေကြောင်း ၎င်းကဆို သည်။

ယင်းမီးလောင်မှုသည် အမှိုက်ပုံမှထွက်ရှိသော မီသိန်းဓာတ်ငွေ့နှင့် လေပွေကြောင့် အမှိုက်အချင်းချင်း ပွတ်မိသော အပူ၊ ပြင်ပ အပူတို့ပေါင်းမိကာ မီး လောင်ခြင်းဖြစ်ကြောင်း အမှိုက် မီးလောင်မှုကြောင့် ထွက်လာ သောအမှုန်များ လေထဲတွင် ပြန့် နေသဖြင့် ပြည်သူများ နှာခေါင်း စည်းများ တပ်ဆင်ထားသင့် ကြောင်း၊ မီးခိုးကြောင့် ပန်းနာရင် ကျပ်အခံရှိသူများတွင် အသက်ရှူ ကျပ်သည့် ဝေဒနာခံစားရနိုင် ကြောင်း ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာန ဒုတိယ ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။

ယခုအခါ လှိုင်သာယာ (၂၀) ရပ်ကွက်နေ ပြည်သူအများအပြား သည် ထိန်ပင်အမှိုက်ပုံမှ ထွက်ရှိ လာသော မီးခိုးငွေ့များကြောင့် အသက်ရှူကျပ်ကာ လှိုင်သာယာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံနေရကြောင်း၊ ယင်း ရပ်ကွက်နေသူများသည် မီးခိုး ငွေ့များကြောင့် အခြားမြို့နယ်ရှိ ဆွေမျိုးများအိမ်သို့ သွားရောက် နေထိုင်ခြင်းများလည်းရှိကြောင်း (၂၀) ရပ်ကွက် နေသူများက ဆို သည်။

‘‘ကျွန်မ မီးခိုးလုံးတွေများ ပြီး အသက်ရှူကျပ်လာလို့ ထောက်ကြန့်ကိုသွားဖို့အထွက် မေ့လဲသွားတာ အရေးပေါ်ကားနဲ့ တွေ့လို့ ဆေးရုံရောက်လာတာ’’ ဟု လှိုင်သာယာဆေးရုံ တက် ရောက်နေသူ အပိုင်း(၃) အလောင်းစည်သူလမ်းနေ ဒေါ် လှလှရီက ပြောသည်။

လှိုင်သာယာ ထိန်ပင်သုသာန် အမှိုက်ပုံအနီးနေထိုင်သူ ပြည်သူများ၏ နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက် နေ့လယ်က လှိုင်သာယာပြည်သူ့ဆေးရုံတွင် သက်ဆိုင်ရာ ဆေးရုံမှ တာဝန်ရှိသူများ၊ လူမှုရေးဝန်ကြီး၊ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း လှိုင်သာယာ မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

‘‘အဓိကကတော့ ပြည်သူ တွေအတွက် ကျန်းမာရေးစောင့် ရှောက်ပေးဖို့ ဆွေးနွေးတာပါ။ ဧပြီ ၂၃ ရက်ကတည်းက စီစဉ် တာ အရေးပေါ်အခြေအနေဆို အရေးပေါ်ဆောင်ရွက်ပေးဖို့တွေ ပါတယ်’’ဟု ၎င်းက ဆိုသည်။

ပြည်သူများတွင် ငွေကြေး ချို့တဲ့သူများကိုလည်း အတတ် နိုင်ဆုံး ကျန်းမာရေးဝန်ဆောင်မှု ပေးရန် လှိုင်သာယာ ပြည်သူ့ဆေး ရုံမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ခဲ့ကြောင်း၊ လိုအပ်သော ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဆေးဝါး ပစ္စည်းများလည်း ကူညီရန်တို့ ပါဝင်ကြောင်း ၎င်းကပြောသည်။

လှိုင်သာယာ ထိန်ပင်အမှိုက် ပုံသည် ဧပြီ ၂၁ ရက် နံနက် ၂ နာရီကျော်မှ စတင်မီးလောင်ခဲ့ပြီး ဧပြီ ၂၄ ရက်ထိ မီးလောင်ကျွမ်းမှု အနည်းငယ်ရှိနေသေးကာ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ မီးငြှိမ်းသတ်မှုများ ဆောင် ရွက်နေသည်။