အောင်လံပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးအခက်အခဲဖြစ်ပေါ်၍ အလှူရှင် လှူဒါန်းမှုဖြင့် ဖြေရှင်းနေ

အောင်လံမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသည့် လူနာတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းသက်နိုင်)

မကွေးတိုင်း အောင် လံမြို့ ပြည်သူ့ဆေးရုံကြီး၌ တက် ရောက်ကုသမှုများပြားနေ၍ အလှူရှင်များ လှူဒါန်းမှုဖြင့် ဆေးဝါးလို အပ်ချက် ဖြေရှင်းပေးနေကြောင်း ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အောင်လံပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေသည့် အတွင်းလူနာသည် ၁၅၀ မှ ၂၀၀ဦး ကြားရှိပြီး ပြင်ပလူနာနေ့စဉ် ၁၀၀ ခန့် ရှိကြောင်းနှင့်  ခွဲစိတ်ကုသလူနာ သည် တစ်လလျှင် ပျမ်းမျှ ၁၅၀ မှ ၂၀၀ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှတ်တမ်းများတွင် ဖော်ပြထားသည်။

ဆေးရုံကြီးသည် ခုတင် ၅၀ အဆင့်သာရှိနေသောကြောင့် နိုင်ငံတော်က ခြောက်လတစ်ကြိမ် ပံ့ပိုးပေးသော ဆေးဝါးများသည် သုံးလနှင့် ကုန်ခဲ့ကြောင်း ယင်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဌာန၀န် ထမ်းတစ်ဦးက  ပြောသည်။

နိုင်ငံတော်က ပံ့ပိုးပေးသော ဆေးဝါးများအနက် အသုံးပြုမှု များပြားသော ပိုးသတ်ဆေးများ၊ အစာအိမ်ဆေးနှင့် ခွဲစိတ်ခန်းသုံး ဆေးဝါးများ၊ ဆေးထိုးပိုက်၊ လက်အိတ်များလုံလောက်မှုမရှိ၍ ပြင်ပ အလှူရှင်များနှင့် လူနာရှင်များ၏ ကူညီမှုများဖြင့် ဆောင်ရွက်ပေး နေကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်က ပံ့ပိုးသည့် ဆေးဝါးစာရင်းတွင် ပါဝင်ခြင်းမရှိသည့် ပန်းနာရင်ကျပ်ဆေးဝါး၊ နှလုံးနှင့် သက်ဆိုင်သော ဆေးဝါးများလည်း လိုအပ်နေကြောင်း ၎င်းက ဆို သည်။ အထက်ပါကိစ္စနှင့် ပတ် သက်၍ အောင်လံပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ မျိုးလွင်က နိုင်ငံတော်အနေဖြင့် ဆေးရုံကြီး ကို ခြောက်လလျှင် တစ်ကြိမ် ဆေးဝါးများပံ့ပိုးပေးသည့်အပြင် ဆေးဝါးလိုအပ်ချက်ကို ခရိုင်နှင့် မြို့နယ်အဆင့်သို့ တင်ပြတောင်း ခံပါက မြို့နယ်ဆေးရုံအချင်းချင်း ပိုလျှံဆေးဝါးများကို ပြန်လည်မျှဝေသောစနစ်ဖြင့် ဆေးဝါးလိုအပ်ချက် ဖြည့်ဆည်းပေးနေသည်ဟု ဆိုသည်။

‘‘တက်ရောက်ကုသမှုခံယူ တဲ့ လူနာကများတော့ ဆေးဝါးလို အပ်ချက်ရှိတဲ့ အခြေအနေလောက်ပါ။ လူနာရှင်တွေကလည်း ပံ့ပိုး တယ်။ ပြင်ပက အလှူရှင်တွေက လည်း လှူဒါန်းမှုနဲ့ ဖြည့်ဆည်း ဆောင်ရွက်နေတယ်။ ဒါ့အပြင် မြို့နယ်အတွင်း တိုက်နယ်ဆေးရုံ တွေက ပိုတဲ့အသုံးနည်းတဲ့ ဆေး ၀ါးတွေကိုလည်း မြို့နယ်ကို ပြန် ယူပြီး ကုသပေးနေပါတယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၆ က စတင်ကာ  အောင်လံပြည်သူ့ဆေးရုံကြီးသို့ ပြင်ပအလှူရှင်များက ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းမှုသည် နှစ်စဉ်ကျပ်သိန်းတစ်ရာကျော်ဖိုးရှိကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆေးရုံအုပ်ကြီး၏ ကုသပေးမှုကောင်းသတင်းကြောင့် ကလေးလာရောက်မွေးဖွားမှုမြင့် တက်နေပြီး တစ်လလျှင် မွေးလူနာ ၁၅၀ မှ ၁၈၀ ခန့်ရှိကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။