တောင်ကြီးတွင် ကားမှန်ခွဲပြီး ငွေခိုးသူကို ဖမ်းမိ

 တောင်ကြီးမြို့ အ ရှေ့မြို့ပတ်လမ်း ရေအေးကွင်း ရပ်ကွက် မြကန်သာပန်းခြံ အုတ် တံတိုင်းအနီး၌ ရပ်ထားသည့် ကားကိုမှန်ခွဲပြီး ကားအတွင်းရှိ ကျပ်ငါးသိန်း ခိုးယူသူကို ဧပြီ ၂၃ ရက်က နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း တောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ်လင်းလင်းဇော်က  ပြောသည်။

ပြစ်မှု ကျူးလွန်သူသည်ကားမှန်ကို ၎င်းတွင်ပါလာသည့် ၀က်အူလှည့်ဖြင့်ခွဲ၍  ကားအတွင်းရှိ ပစ္စည်းများခိုးယူနေစဉ်   ကား နောက်တွင်ရပ်ထားသည့် ကား၏ Black Box စီစီတီဗီမှတ်တမ်းများ မှတစ်ဆင့် ခြေရာခံဖမ်းမိခဲ့သည်။

‘‘တောင်ကြီးကဖေးအနီး ရပ်ထားတဲ့ ကားထဲကနေ ကားမှန်ခွဲပြီး ငွေသားငါးသိန်းကျော် ခိုးခံ ရတယ်ဆိုတာကို ဖုန်းသတင်း ကနဦးဝင်လာပါတယ်။ အခင်း ဖြစ်တဲ့နေရာသွားတော့ ကားမှန် ခွဲခိုးခံရတဲ့ ကားနဲ့အတူ လာတဲ့ နောက်ကားမှာ စီစီတီဗီလေးတပ်ထားပါတယ်။ စီစီတီဗီရဲ့ ရလဒ်ကိုအခြေခံပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ခွဲရှာဖွေရာကနေ နေ့ခင်းပိုင်းမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့တာပါ’’ ဟု ဒုရဲအုပ်လင်းလင်းဇော်က ပြောသည်။

အဆိုပါ ရက် နံနက် ၇ နာရီ ခန့်တွင် ခိုးမှုဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူကို နေ့ခင်း ၂ နာရီ တွင် ဖမ်းမိခဲ့ကြောင်း တောင်ကြီး နယ်မြေရဲစခန်း မှတ်တမ်း၌ ဖော်ပြထားသည်။

ပြစ်မှု ကျူးလွန်သူသည် ယခင်က လုယက်မှုဖြင့် ထောင် ဒဏ်တစ်နှစ်ကျခံခဲ့ရပြီး  ထောင် မှလွတ်ပြီးနောက် တောင်ကြီးမြို့အတွင်း အခြေအနေပေးလျှင် ပေးသလို ကားမှန်ခွဲ၍ ခိုးမှုငါးမှုခန့် ကျူးလွန်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေခိုးယူခဲ့သည့် မိုင်း စံမြို့နေ အသက်(၅၂)နှစ်ရှိ စိုင်းအွမ်ကို တောင်ကြီးနယ်မြေရဲစခန်းတွင် အကျိုးဖျက်ဆီးမှု ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇၊ ပြင်ပတွင် ခိုးယူမှု ၃၇၉ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။