ဗီဇာနှင့်အလုပ်ပါမစ် သက်တမ်းမတိုးထားသည့် ထိုင်းရောက်မြန်မာလုပ်သားများ ဖမ်းဆီးခံရပါက ထောင်ဒဏ်ငါးနှစ်ကျမည်

ပတ်စ်ပို့၊ ဗီဇာသက်တမ်းတိုးရန် ညအိပ်စောင့်ဆိုင်းနေသော မြန်မာလုပ်သားများကို မတ်လကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ − ရဲမင်း)

ထိုင်းနိုင်ငံတွင် ၂ နှစ် သက်တမ်းရှိ ဗီဇာနှင့် အလုပ်ပါ မစ် သက်တမ်းမတိုးခဲ့ရသည့် မြန် မာလုပ်သားများ နေရပ်ပြန်ရန် လိုအပ်ပြီး သက်တမ်းမတိုးသော အလုပ်သမားများ ဖမ်းဆီးခံရပါ က ထောင်ဒဏ် ငါးနှစ်ကျခံရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗီဇာနှင့် အလုပ်ပါမစ် သက် တမ်းတိုးရန် စာရွက်စာတမ်းမရှိ၍ မှတ်ပုံမတင်ခဲ့ရသော ရွှေ့ပြောင်း လုပ်သား ခြောက်သောင်းခန့် အတွက် ၎င်းတို့၏ အလုပ်ရှင်များ ကို အာဏာပိုင်များက တရား ဥပဒေအရ အရေးယူမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ပြောကြားကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ရွှေ့ပြောင်းအလုပ်သမား ဥပဒေသစ်အရ အလုပ်ရှင်များ သည် တရားမဝင် အလုပ်သမား တစ်ဦးစီအတွက် ဒဏ် ဘတ်လေး သောင်းမှ ရှစ်သောင်းအထိ ပေးဆောင်ရမည်ဖြစ်ပြီး အလုပ် သမားများသည် ထောင်ဒဏ်ငါးနှစ်ဖြစ်စေ ကျခံရမည်ဟုထုတ်ပြန် ထားသည်။

‘‘အခု ထုတ်ပြန်တာက တရားမဝင် အလုပ်သမားတွေကို လက်ခံထားရင် အလုပ်ရှင်တွေပါ အရေးယူခံရမယ်ပေါ့။ နောက်ပြီး ကိုယ့် မြန်မာလုပ်သားတွေလည်း ပြန်ပြီး နှစ်နိုင်ငံ သဘောတူစာချုပ် MoU နဲ့ ပြန်ဝင်လာကြပေါ့’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးစန်း မောင်ဦးက ပြောသည်။

ထိုင်းရောက် မြန်မာလုပ် သားတစ်သန်းကျော်သည်မတ်လ ၃၁ ရက်က ဗီဇာနှင့် အလုပ်ပါမစ်သက်တမ်းကုန်ဆုံးခဲ့ပြီး ထပ်မံ၍ ၂ နှစ်သက်တမ်းရှိ ဗီဇာနှင့်အလုပ်ပါမစ်သက်တမ်း တိုးရမည့်ရက်ကို ထိုင်းအစိုးရက မတ်လ ၃၁ ရက်နောက်ဆုံး သတ်မှတ်ခဲ့သည်။ ထို့အပြင် ဗီဇာနှင့်အလုပ်ပါမစ်ကို မတ်လ ၃၁ ရက်မတိုင်မီ စာရင်းပေးသွင်းထားသူများနှင့် အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင် ထား၍ စာရင်းဝင်ထားသည့် မြန်မာလုပ်သားများ ဇွန်လ ၃၀ ရက် နောက်ဆုံးထား သက်တမ်း တိုးလုပ်ငန်းစဉ်များ  လုပ်ကိုင်ရန် မြန်မာသံရုံးက  ထုတ်ပြန်ထား သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက် အထောက်အထားမရှိသော မြန် မာလုပ်သားများကို နိုင်ငံသားဖြစ် ကြောင်း သက်သေခံလက်မှတ် CI များ ပြုလုပ်ပေးနေရာ ယင်း လက်မှတ်များ ထုတ်ယူရန် ကျန်ရှိ သူများအတွက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ MobileTeam ပုံစံဖြင့် One-Stop Service စခန်းများဖွင့်လှစ် ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများ၏ မှီခိုသူအသက် (၁၈)နှစ်အောက် ကလေးများ အားလုံးသည် မိဘများနည်းတူ အထောက်အထားများရှိရန် လို အပ်သဖြင့် မိဘများ အထောက် အထားပြုလုပ်စဉ်ကာလ၌ သား သမီးများအတွက်ပါ တစ်ပါတည်း ပြုလုပ်ထားရန် လိုအပ်သည်။