ဘောလုံးပရိသတ်ချင်း ခိုက်ရန်ဖြစ်ပွားပြီး လီဗာပူးလ် အားပေးသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ဘောလုံးပရိသတ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ လီဗာပူးလ်အသင်း အားပေးသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်ကို လီဗာပူးလ်မြို့ရှိ အန်းဖီးလ်ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ပြီးနောက် ကွင်းအပြင်ဖက်တွင် ပြဿနာများ ဖြစ်ခဲ့ပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း မာဆေးဆိုက် ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ယင်းပွဲစဉ်တွင် အီတလီကလပ် ရိုးမားကို လီဗာပူးလ်က ၅-၂ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဒုတိယအကျော့ ရလဒ် မထွက်ပေါ်မီ ဗိုလ်လုပွဲတက်ရေး အလားအလာကောင်းများကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။ လတ်တလောတွင် မာဆေးဆိုက် ရဲတပ်ဖွဲ့သည် ရောမမြို့မှ လာရောက်သည့် အသက် ၂၅ နှစ်နှင့် ၂၆ နှစ်အရွယ် အီတလီ ဘောလုံးပရိသတ် နှစ်ဦးကို ဖမ်းဆီးထားသည်။

ဒဏ်ရာရသွားသူသည် လီဗာပူးလ် ပရိသတ် တစ်ဦးဖြစ်ပြီး ဦးခေါင်းတွင် ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်းဟု သိရသည်။ လီဗာပူးလ် အသင်းက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အလွန် တုန်လှုပ် ကြေကွဲမိကြောင်း ထုတ်ပြန်ပြီး ဒဏ်ရာရခဲ့သူကို အပြည့်အဝ ထောက်ခံ ကူညီသွားမည်ဟုလည်း ကတိပြုထားသည်။

မာဆေးဆိုက် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ ပေါလ်စပိုက်က “ဒဏ်ရာရထားသူရဲ့ အခြေအနေက လောလောဆယ်မှာ ပြင်းထန်တဲ့ အဆင့်လို့ အတည်ပြုနိုင်ပါတယ်။ သူ့ရဲ့ အနီးစပ်ဆုံး ဆွေမျိုး မိသားစုဝင်တွေဆီတော့ အကြောင်းကြားထားပြီးပါပြီ”ဟု ပြောကြားခဲ့သည်။

ဖြစ်စဉ်တွင် အန်းဖီးလ်ကွင်း အပြင်၌ လီဗာပူးလ် ပရိသတ်များ စုရုံးနေသည့် နေရာသို့ ရိုးမား ပရိသတ် ၈၀ မျှ ရောက်ရှိလာပြီး ရန်ပြုခဲ့ခြင်းဟု ဆိုသည်။ ရုတ်ရုတ်သဲသဲ အခြေအနေများ အပြီး လူစုကွဲသွားချိန်၌ လူတစ်ဦးမှာ လမ်းပေါ်တွင် မလှုပ်မယှက် လဲကျန်နေသည်ကို တွေ့ခဲ့ရကြောင်း မျက်မြင်များက ထွက်ဆိုထားသည်။

မာဆေးဆိုက် ရဲတပ်ဖွဲ့က ရန်ပြု တိုက်ခိုက်မှုနှင့် ပတ်သက်၍ လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အခြားသော ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်များဖြင့် ထိန်းသိမ်းထားသူ ၇ ဦးထိ ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ဧပြီ ၂၄ ရက် ညပိုင်းက ကစားသည့် ပွဲစဉ်၌ လီဗာပူးလ်အသင်း ဂိုးပြတ် အောင်ပွဲခံခဲ့သည့်နောက် ဗိုလ်လုပွဲတက်ရေး လက်ကျန် တိုက်ပွဲ အနေဖြင့် ရောမမြေတွင် မေလ ၃ ရက်၌ ဒုတိယအကျော့ ကစားရမည် ဖြစ်သည်။

Ref: Telegraph