ကင်မ်ဂျုံအန်းနှင့် မတွေ့မီ တောင်ကိုရီးယား သမ္မတနှင့် ထရမ့် ဦးစွာ ဆွေးနွေးဖွယ်ရှိ

ကင်မ်ဂျုံအန်းနှင့် မတွေ့မီတွင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေဖြင့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့် ဦးစွာ တွေ့ဆုံ ဆွေးနွေးဖွယ် ရှိနေကြောင်း သိရသည်။


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စ စေ့စပ်ဆွေးနွေးရန်အတွက် ထရမ့်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိုကြောင်း ကမ်းလှမ်းခဲ့ပြီး ထရမ့်ကလည်း လက်ခံထားသည်။ ထိုအစီအစဉ်အရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် မေလအတွင်း တွေ့ဆုံဖြစ်ဖွယ် ရှိနေသည်။

သို့သော် ထရမ့်သည် ကင်မ်နှင့် မဆွေးနွေးမီတွင် အမေရိကန်၏ အရှေ့အာရှ အနီးကပ် မဟာမိတ်နှင့် မြောက်ကိုရီးယား၏ ပြိုင်ဘက်ဖြစ်သော တောင်ကိုရီးယား နိုင်ငံ၏ ခေါင်းဆောင်နှင့် ဦးစွာ ကြိုတင် ညှိနှိုင်း ပြင်ဆင်မှုများ ပြုလုပ်နိုင်ကြောင်း အိမ်ဖြူတော်နှင့် နီးစပ်သူများက ဆိုသည်။ 

တောင်ကိုရီးယား သမ္မတ မွန်းသည် အမေရိကန်နှင့် မြောက်ကိုရီးယား တိုက်ရိုက်စေ့စပ်ရေး ကိစ္စတွင် အရေးအပါဆုံး ကြားခံ လှုပ်ရှားသူ တစ်ဦးအဖြစ် ရှိနေသည်။ တောင်ကိုရီးယား အမျိုးသား လုံခြုံရေးဌာန ထိပ်တန်း အရာရှိ ချောင်အီယောင်းက လက်ရှိ တိုးတက်နေမှုများအရ ထရမ့်နှင့် ကင်မ်တို့ လူချင်းတွေ့မည့် ကိစ္စသည် အမှန်တကယ် ရုပ်လုံးပေါ်ရန် ပိုမို နီးစပ်လာနေကြောင်း မှတ်ချက်ပေးထားသည်။ 

ထိုအတောအတွင်း တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ အစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းသည်လည်း နှစ်နိုင်ငံ နယ်စပ်တွင် တွေ့ဆုံ ဆွေးနွေးရန် ညှိနှိုင်းထားပြီး ဖြစ်သည်။ “ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံမှုတွေ ပြီးရင်တော့ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူညီမှုတွေ ပိုလမ်းပွင့်လာမယ် ထင်ပါတယ်”ဟု ချောင်က ပြောကြားခဲ့သည်။ 

Ref: CNN