အင်ဒိုနီးရှားတွင် တရားမဝင် ခိုးတူးသည့် ရေနံတွင်း မီးလောင်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား နိုင်ငံတွင် တရားမဝင် ရေနံ ခိုးတူးနေရာ တွင်းနေရာမှ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ ရက်က ဆူမားတြားရှိ အာချေးပြည်နယ်၊ လူနေရပ်ကွက် တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ဒေသခံ မီးသတ်ဌာနက အတည်ပြုခဲ့သည်။ လက်ဖြစ် ရေနံတွင်း တစ်ခု မီးလောင် ပေါက်ကွဲရာ အနီးရှိ နေအိမ် သုံးခုထက် မနည်းလည်း မီးလောင် ပြာကျသွားခဲ့သည်။

ရေနံတွင်း နေရာမှ မီးလျံများ ထိုးတက်နေပြီး နာရီပေါင်း အတော်ကြာသည်ထိ ထိန်းချုပ်ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဟု မျက်မြင်များက ဆိုသည်။ “မီးညွန့်က အရှိန်ပြင်းနေတုန်းပဲ။ မီးသတ်တွေ ကြိုးစားနေပေမယ့် မီးမငြိမ်းသေးဘူး”ဟု ဒေသခံ အုပ်ချုပ်ရေးမှူး ဆိုင်ဖူလ်က ပြောကြားခဲ့သည်။

မီးလောင်ပြင် အနီးတဝိုက်တွင် ရုပ်အလောင်း ၁၀ ခုမျှကို ရှာတွေ့ခဲ့ပြီး သေဆုံးသူ ဦးရေမှာ ပိုမို မြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ဝန်ခံထားသည်။ ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံများသို့ ဖြန့်ကျက် ပို့ဆောင်ထားရသည်။

ထိခိုက်သေဆုံးသူ အများစုသည် ပုန်းလျှိုးကွယ်လျှိုး တည်ဆောက်ထားရာ တရားမဝင် ရေနံတွင်းမှ လုပ်သားများ ဖြစ်နိုင်ကြောင်း သိရသည်။ ရေနံယိုဖိတ်မှု စတင်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် မီးစလောင်ရသည့် အကြောင်းရင်းများကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

အာချေး အရှေ့ပိုင်းတွင် ဒေသခံများက တရားမဝင် ခိုး၍ တူးဖော်သော ရေနံတွင်းငယ်များ လုပ်ငန်း လည်ပတ်နေလေ့ရှိကြောင်း သိရသည်။ ယင်းတို့နှင့် ဆက်နွှယ်၍ မတော်တဆမှုများလည်း ကြုံရလေ့ ရှိသည်။ ထိုသို့ ရေနံ တူးဖော်မှုမျိုးကို တရားမဝင်ဟု သတ်မှတ်ထားသော်လည်း ခိုးဝှက်လုပ်ကိုင်နေသည့် ဒေသခံ အများအပြား ရှိနေကြောင်းလည်း ရဲတပ်ဖွဲ့က မှတ်ချက်ပေးထားသည်။

Ref: CNA