ဒီဇာတ်ကားမှာ ဘယ်သူမင်းသားလဲ

(တစ်)

မကြာသေးမီ ရက်များအ တွင်းက ရုပ်ရှင်လောက နောက်ခံ သတင်းကလေးတစ်ပုဒ်ကို ရုပ်မြင် သံကြားအစီအစဉ်တစ်ခု၌ ကြည့် ရှုခွင့်ရခဲ့ပါသည်။ အစီအစဉ်က တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ဖြစ် ပါသည်။

သမားရိုးကျမဲပြာပုဆိုးလုပ် စားကိုင်စားရုပ်ရှင်ဇာတ်ကားများ ဆီမှ ခွဲထွက်ကာ အဆင့်မြင့်ဉာဏ် ရှိ အနုပညာပရိသတ်၏ နှလုံးသားကို ဖမ်းစားထားလိုက်နိုင်သည့် ရုပ် ရှင်ဇာတ်ကားတစ်ကားကို ဖန်တီး ထုတ်လုပ်သူတစ်ဦးနှင့် ရုပ်မြင်သံ ကြားတို့ တွေ့ဆုံသည့် စကားပြော ခန်းကလေးပင် ဖြစ်ပါသည်။

စကားပြောကြသည့်အ ကြောင်းအရာက ရုပ်ရှင်ဇာတ် ကားအကြောင်းများများစားစား ကြီးမပါလှပါ။ သို့သော်ရုပ်ရှင် လောကသားတို့ အကြောင်းက မူ အထိုက်အလျောက် ပါဝင်ပါ သည်။

သူတို့ရုပ်ရှင်ကားကလေးက ပရိသတ်လက်ခံမှု သိသိသာသာ ကလေးရရှိကာ ၀င်ငွေကလေး လည်း အတန်အသင့်ရရှိပုံရပါ သည်။

 ထို့ကြောင့် မူလပထမပေး ချေထားပြီးသား လုပ်အားခငွေ ကြေးများရှိထားပြီး ဖြစ်ပါလျက် နောက်ထပ် ချီးမြှင့်ငွေများကို ရုပ်ရှင်လောကသားတို့ကို ထပ် ဆောင်း၍ ပေးအပ်ခဲ့လေရာ ယင်း ကို တွေ့ဆုံမေးမြန်းခန်းထဲ၌ ထည့် သွင်းမေးမြန်းခဲ့ကြပါသည်။

ထပ်ဆောင်းချီးမြှင့်ငွေရရှိသူ တို့က အလွှာစုံပါသည်။ မီးသမား များ၊ မှန်သမားများ၊ ကင်မရာသ မားများနှင့် ဇာတ်ပို့ဇာတ်ရံကလေး များကအစ အချိုးကျခွဲဝေချီးမြှင့် ပေးခဲ့ခြင်း ဖြစ်ရာ ပိတ်ကားနောက် ကွယ်ရှိ ရုပ်ရှင်အလုပ်သမားတစ် ဦးက ရုပ်ရှင်ဇာတ်ကားတစ်ကား ၀င်ငွေတွေသောက်သောက်လဲရရှိ ကာ မည်မျှပင် ဟိုးလေးတကျော် ဖြစ်သွားပါစေ ယခုကဲ့သို့ ထပ်ဆင့် ချီးမြှင့်ငွေမျိုး သူတို့၏ ဘ၀၌ တစ် ကြိမ်တစ်ခါမှ မရဖူးပါကြောင်း ရင် ဖွင့်ပါသည်။ ယခုမူဝမ်းသာအားရ ဖြင့်။

ရုပ်မြင်သံကြားကြည့်ရှုနေ သူတို့ ယင်းတွေ့ဆုံမေးမြန်းခန်းကို ကြည့်ကာ သာဓုခေါ်ကြပါသည်။

(နှစ်)

လွန်ခဲ့သည့် နှစ်ပေါင်းအစိတ် ၃၀ ၀န်းကျင်က ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းစာမျက်နှာတစ်နေရာ၌ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပါဝင်ခဲ့ ဖူးပါသည်။

အတွေ့ခံသူက တက္ကသိုလ် နေ၀င်းဖြစ်ပါသည်။ အများသိကြ သည့်အတိုင်း ဗိုလ်ချုပ်အောင် ဆန်း၏ အပါးတော်မြဲ ဗိုလ်ထွန်းလှအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သည့်အပြင် တက္ကသိုလ် နေ၀င်း အမည်ဖြင့် စာလည်းရေး ရုပ်ရှင် ဇာတ်ကားတချို့၌လည်း ဇာတ်ပို့ ဇာတ်ရံအဖြစ်ပါဝင်သရုပ်ဆောင် ဖူးခဲ့သူ ဖြစ်ရာ သူ၏ အတွေ့အကြုံများက မှတ်သားစရာပဲ ဖြစ်ပါ သည်။

သူက အဓိကဇာတ်ဆောင် မင်းသား၊ မင်းသမီးနှင့် ဇာတ်ပို့ ဇာတ်ရံတို့ သုခုမကြေးမကွာခြား လှကြောင်း ဆိုပါသည်။ မင်းသား၊ မင်းသမီးတစ်သောင်းဆိုလျှင် ဇာတ်ပို့ ဇာတ်ရံက ငါးထောင်ပါပဲတဲ့။ ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမွန်ဖို့ရာ အားလုံးက၊ ထောင့်ပေါင်း စုံက အစွမ်းကုန်အလုပ်လုပ်ကြရ ခြင်းဖြစ်ရာ တစ်ဦးတစ်ယောက် တည်းအတွက်သာ အားလုံးပုံအောပေးထားရပြီး ကျန်သူအားလုံးက အရိုးအရင်းကလေးမျှသာ ကိုက် ကြရသည့်စနစ်မျိုး ယခင်က မရှိခဲ့ ကြောင်း ရှင်းပါသည်။

ထို့ကြောင့် အားလုံး၌ သူ့တန်ဖိုးနှင့် သူရှိကာ၊ ယင်းကို အသိအ မှတ်ပြုတန်ဖိုးထားကာ အလုပ် လုပ်ခဲ့ကြသည့်အတွက် ယခင့် ယခင်က ကားတို့မညံ့ခဲ့ကြောင်း တက္ကသိုလ်နေ၀င်းက သုံးသပ်ပါ သည်။

ဆက်စပ်နေသဖြင့် ထပ်၍ ဆွေးနွေးရလျှင် ဆရာမောင်သာနိုး ၏ ‘သိအောင်စာဖတ်ရတယ်’စာ အုပ်ထဲက ဆောင်းပါးတစ်ပုဒ်တွင် လည်း ရုပ်ရှင်လောက ကိုးရိုးကား ရားနိုင်ပုံကို ဖတ်ခဲ့ဖူးပါသည်။ သူ များရုပ်ရှင်တွေမှာ အဓိကသရုပ် ဆောင်ကိုသာ ပထမဦးဆုံး နာမည်ထိုးပြကြပါလေသတဲ့။ သို့သော် မြန်မာတို့ကမူ မြင့်မြင့်ခင်ကို အဓိကထားသည့် ဇာတ်ပဲဖြစ်ပါစေ၊ ခင် သန်းနုကို အဓိကထားသည့် ဇာတ် ပဲဖြစ်ပါစေ၊ ဇာတ်ကားကြီးတစ်ခု လုံး၏ အဓိကဇာတ်ဆောင်ကို ရှေ့ တန်းမတင်ဘဲ သဘောမျှသာ ပါဝင်ရသည့် မင်းသားကိုသာ ထိပ် တန်းတင်၍ နာမည်ထိုးပြလေ့ရှိ ကြောင်း၊ မြန်မာ့မူဖြစ်ပုံရကြောင်း ဆရာမောင်သာနိုးက ရေးပါသည်။

ထင်ရှားသူ၊ ကျော်ကြားသူ၊ လုပ်ပိုင်ခွင့်များများ ရခဲ့ဖူးသူက ဗိုလ်ကျစိုးမိုးခွင့်ရသည့်အနေအ ထားပဲ ဖြစ်ပါသည်။

(သုံး)

ဘောလုံးအသင်းကြီး တစ် သင်းအောင်မြင်ဖို့ရာအတွက် ဂိုး သမားမှစကာ ရှေ့တန်း၊ အလယ် တန်း၊ နောက်တန်းကစားသမား ၁၁ ယောက်တို့ မနားစတမ်းဆုတ် တက်လှုပ်ရှားကာ အပေးအယူမျှ မျှဖြင့် ကစားကြရသည်။ သို့သော် အနိုင်ဂိုးကို မည်သူသွင်းသလဲက သတင်းမျက်နှာစာ၌ အရေးကြီး သည်။  အကျိုးခံစားခွင့်တော်တော် များများက ဂိုးသွင်းသူ၏ ခြေ ထောက်ထဲသို့ ရောက်သွားသည်။

သီချင်းတစ်ပုဒ်အောင်မြင်ဖို့ ရာ ဂီတစာဆိုမှစကာ ကြေးကြိုး သားရေလေလက်ခုပ်အပါအ၀င် အသံဖမ်းသူအဆုံး အားလုံးကိုယ့် အလုပ်ကိုယ်အကောင်းဆုံးလုပ် ကြရသည်။ သို့သော် အောင်မြင်ပြီ ဟုဆိုသည့်အခါ အဆိုတော်က အကျိုးအမြတ်အားလုံး သိမ်းကျုံး ယူသွားစမြဲပင် ဖြစ်ပါသည်။

တစ်စုံတစ်ရာသော အတိုင်း အတာပမာဏကလေးမျှဖြင့် သင့် တင့်လျောက်ပတ်စွာဝေမျှကြရ အောင်ဟူသည့် သဘောထား နေရာတော်တော်များများမှာ မရှိ ကြ။

နာမည်ရှိသည့် သူက အကုန် ယူစတမ်း။

(လေး)

နိုင်ငံရေးသမားတစ်ဦးက ပြောဖူးပါသည်။ ခေါင်းဆောင်ဆို သည်မှာ ဆေးလိပ်တွင် ပတ်ထား သည့် တံဆိပ်ပါတဲ့။ ထိုတံဆိပ်က ဆေးလိပ်အားလုံးကို ကိုယ်စားပြု ပါလေသတဲ့။

ယခုအောင်မြင်သည့် ရုပ်ရှင် တစ်ကားကို ဖန်တီးခဲ့သူတို့၌ ထိုစိတ်မျိုးရှိပုံရပါသည်။ အားလုံး ကောင်းကြသဖြင့် ထိုဇာတ်ကား ကောင်းရသည်ဟူသည့် စိတ်။ ထို့ ကြောင့် အသီးအပွင့်ကို အချိုးကျ ခူးဆွတ်စားသုံးကြစို့ဟူသည့် သ ဘော။

ဇာတ်ကားတစ်ကားကောင်း ဖို့ရာအတွက် လူမသိသူမသိသက် ၀င်လှုပ်ရှားခဲ့ကြသည့် သူတွေက ပိတ်ကားပေါ်မှာရော၊ ပိတ်ကား နောက်ကွယ်မှာရော အများကြီး မဟုတ်လား။

ဘယ်တော့မှ မမေ့ကြေး။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)