တောင်ကိုရီးယား ပိုင်နက်ကို ခြေချသည့် ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာမည့် ကင်မ်ဂျုံအန်း

ကင်မ်ဂျုံအန်းသည် ကိုရီးယား ကျွန်းဆွယ်နောက်ပိုင်း တောင်ကိုရီးယား ပိုင်နက်သို့ ပထမဆုံး ခြေချသည့် မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် သမိုင်းဝင်လာတော့မည်ဟု သိရသည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ မျက်နှာချင်းဆိုင် ဆွေးနွေးမည့် အစီအစဉ်အတွက် အချက်အလက်သစ်များကို တောင်ကိုရီးယား အာဏာပိုင်များက ထုတ်ပြန်ခဲ့ရာ ကင်မ်သည် နယ်စပ်ကို ခြေလျင်ဖြတ်ကျော်ပြီး တောင်ကိုရီးယားဖက်သို့ ဝင်ရောက်လာမည်ဟု အတည်ပြုထားသည်။

ကိုရီးယား နှစ်နိုင်ငံ၏ အာဏာရ ခေါင်းဆောင်များ သမိုင်းတလျှောက် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုသည် ဧပြီ ၂၇ ရက်တွင် အထမြောက်မည် ဖြစ်သည်။ ကင်မ်သည် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့်အတူ ဂုဏ်ပြု တပ်ဖွဲ့ကို လိုက်လံစစ်ဆေးရန်နှင့် နိုင်ငံခေါင်းဆောင်နှစ်ဦး နယ်စပ်အနီးတွင် အတူပူးပေါင်း၍ သစ်ပင်တစ်ပင် စိုက်ပျိုးရန် ကိစ္စများကိုလည်း စီစဉ်ထားသေးသည်။

ကင်မ်နှင့် မွန်းတို့ တွေ့ဆုံမှုသည် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကဏ္ဍအတွက် အရေးပါသည့် ကနဦးအဆင့် ခြေလှမ်း တစ်ခုဟု မှတ်ယူနိုင်သည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံပြီးနောက် မေလထဲတွင် ကင်မ်သည် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်နှင့်လည်း လူချင်းတွေ့ရန် ပြင်ဆင်ထားသည်။

“တတ်နိုင်သမျှ အကောင်းဆုံး ကြိုစီစဉ်ထားပါတယ်။ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အဓိက ခက်ခဲနေတဲ့ အပိုင်းက နှစ်နိုင်ငံ ခေါင်းဆောင်တွေ အနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးအတွက် ဘယ်အတိုင်းအတာထိ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လို့ ရနိုင်မလဲဆိုတဲ့ ကိစ္စပါပဲ”ဟု တောင်ကိုရီးယား သမ္မတ ပြောရေးဆိုခွင့်ရ အရာရှိ အင်မ်ဂျောင်ဆွတ်ခ်က မှတ်ချက်ပေးခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ၏ အစိုးရ ထိပ်တန်း အရာရှိများ တွေ့ဆုံမှုသည် ၂၀၀၂ နှင့် ၂၀၀၇ ခုနှစ်များအပြီး ယခုတစ်ကြိမ်မှာ တတိယမြောက် ဖြစ်လာသည်။ ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ မှ ၁၉၅၃ ထိ ဖြစ်ပွားခဲ့သော ကိုရီးယား ကျွန်းဆွယ် စစ်ပွဲ ပြီးဆုံးသည့်တိုင် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုရသေးသည့် ကိစ္စနှင့် ပတ်သက်၍လည်း ငြိမ်းချမ်းရေးယူရန် ကင်မ်နှင့် မွန်းတို့ ညှိနှိုင်းကြဖွယ် ရှိနေကြောင်း သိရသည်။

Ref: CNN