ခရိုင်ချင်းဆက်လမ်းမှသည် မင်္ဂလာကျောက်မြောင်းဆီ

ဓာတ်ပုံ−ညီညီဇော်

သင်္ကြန်အပြီး ဧပြီလနှောင်းပိုင်း၏ အညာနွေရက်များသည် သင်္ကြန် မတိုင်မီကာလနှင့် လားလားမျှမ ဆိုင်တော့။ နံနက်ခင်းလည်း နွေး၊နေ့လယ်ခင်းလည်း ပူ၊ ညခင်းလည်းအိုက်စပ်စပ်ဖြင့် နွေလယ်ကာလ ကို  အပီအပြင်  သရုပ်ဖော်နေ သည်။    ကျွန်တော်နှင့် မိတ်ဆွေ ဖြစ်သူ ဆောင်းပါးရှင်ကိုသန်းနိုင် ဦးတို့ ဆိုင်ကယ်တစ်စီးဖြင့် ခရီး နှင်နေသည့် စစ်ကိုင်း-ကျောက် မြောင်းခရိုင်ချင်း ဆက်လမ်းသည် လည်း ပူနွေးခြောက်ကပ်စွာဖြင့် ဆီးကြိုနေသည်။ နံနက် ၈ နာရီခွဲ ခန့်သာရှိသော်လည်း နေရောင် က စူးရှနေပြီ ဖြစ်သည်။

စစ်ကိုင်းမြို့ စက်မှုဇုန်ဘက် မှထွက်ကာ ခရိုင်ချင်းဆက်လမ်း ပေါ်ရောက်တော့ လူသူကင်းရှင်း နေသည်။ ခရိုင်ချင်းဆက်လမ်း သည် မိုင် ၅၀ ကျော် ရှည်လျား သည်။ တောင်သူနားချိန်ဖြစ်၍ လမ်းဘေးဝဲယာတစ်လျှောက် ခြောက်သယောင်းနေသည်။ ခုတ် လှဲခံထားရသော ထန်းပင်အချို့ လည်း တွေ့သည်။ ၀ယ်သူမျှော် နေသည့် ထန်းရည်ဆိုင်တဲလေး တွေကိုလည်း မကြာမကြာတွေ့ရ သည်။ ဒေသအခေါ် ဗျူဟာလမ်း ဟုလည်း ခေါ်သည့် ဒီလမ်းက ရှိမ်းမကား-၀က်လက်-ရွှေဘို- ကျောက်မြောင်း မြစ်တစ်ဖက် ကမ်း စဥ့်ကူးဘက်အထိ သွားလို့ရ သော်လည်း အသုံးပြုမှုနည်းပါး သည်။ ရွာဆက်ပြတ်သည်ကတစ် ကြောင်း၊ လမ်းကလည်း အနည်း ငယ်ကျဉ်းသည်က တစ်ကြောင်း ကြောင့် ဖြစ်မည်ထင်သည်။

အရပ်ရှစ်မျက်နှာခြောက်သ ယောင်းနေသည့်အတွက် အရိပ် အာဝါသကတော့ အတော်လေး ရှားသည်။ ဒီနယ်တစ်ကြောက ကျောက်သားမြေတွေဖြစ်သည့် အတွက် ရေလည်းကောင်းကောင်း မရ၊ ရလျှင်လည်း သောက်၍မရ။ မိုးရေလှောင်ကန်ကိုသာ အား ထားရသည့် ကျေးရွာတွေဖြစ် သည်။ ဖြစ်နိုင်လျှင် လမ်းအရှေ့ ဘက်က မင်းဝံတောင်တန်းကြီး ကိုကျော်ပြီး တောင်ရိုးအရှေ့ ဘက်ရှိ ဧရာဝတီမြစ်ရေကို ဒီ ဘက်သွန်ချပေးလိုက်ချင်သည်။

လျှပ်စစ်မီးတိုင်တွေတော့ သွယ်တန်းထားတာတွေ တွေ့ရ သည်။ ကျေးရွာတွေကို လျှပ်စစ် မီးရစေချင်မိသည်။ ဘယ်လောက်ပဲခေါင်ခေါင် လျှပ်စစ်မီးကလေးရ တော့ ရုပ်မြင်သံကြားလေး ကြည့် နိုင်မည်။ ရေကလေးဘာလေး တင် နိုင်မည်။ ဖုန်းအားသွင်းနိုင် မည်။ သို့သော် ရွာအားလုံးတော့ လျှပ်စစ်မီးရကြပုံ မပေါ်သေး။

လွင်တီးခေါင်မှာ ဇရပ်အ ဆောင်လေးတစ်ခုတွေ့တော့ ၀မ်းသာသွားသည်။ ပူလှပြီဖြစ် သည်။ ဆိုင်ကယ်ကို ရပ်ကာနှစ် ယောက်သား ဇရပ်လေးနားက အ ပြေးခိုသည်။ ဘေးနားက သောက်ရေအိုးစင်လေးထဲ ရေရှိ၊ မရှိ  ကြည့်သည်။ ကံကောင်းသည်။ နှစ်ခွက်ဆင့်သောက်လိုက်သည်။ ကောင်းလိုက်တာ။ ကိုသန်းနိုင်ဦး ကတော့ဖိနပ်နှစ်ဖက်ကိုချွတ်၊ ဇရပ်ကလေး၏ နံရံကို အားရပါး ရမှီရင်း အရှေ့ဘက်တစ်ကြော လှမ်းငေးနေသည်။ ဖြည်းဖြည်း ညင်းတိုက်ခတ်နေသည့် လေပြည် က အမောကိုပြေစေလွန်းလှ သည်။ ကျေးငှက်သံ ကျလိကျလိ က လွဲ၍တိတ်ဆိတ်နေသည်။

လမ်းခရီး ဆိုင်ကလေးနှစ် ဆိုင်မှာ နှစ်ကြိမ်နားဖြစ်သည်။ ကော်ဖီမစ်ကလေး၊   ရေသန့်က လေးသောက်ရင်း၊   အသုပ်က လေး စားရင်းဖြစ်သည်။ ဆိုင်က လေးတွေကလည်း သိပ်ရောင်းရ ပုံမရ။ လူသွားလူလာ နည်းသည့် လမ်းပေါ် ဖွင့်ထားတော့လည်း မတတ်သာ။ သို့သော် ဧည့်နည်း၍ လာသည့်ဧည့်ကိုခေတ်စကားနှင့် ပြောလျှင် ချင်း(ဂျင်း)ထည့်တာ မျိုး လုပ်လေ့မရှိကြ။ ပုံမှန်ကိုယ့် မြို့ဒေသ ရပ်ထဲ၊ ရွာထဲ ဈေးအ တိုင်းသာ ကျသင့်သည်။ ရေ သန့်အေးလားမေးတော့ အေးပါ တယ်ဟုပြောပြီး လာချသည်။ ဘူး ကိုစမ်းကြည့်တော့ ခပ်အေးအေး ကလေးတော့ ဖြစ်သည်။ အေးခဲ နေတာမျိုးတော့ မဟုတ်။ ဆိုင်ရှင် အမျိုးသမီးက ‘‘ညကျမှ မီးစက်နှိုး ပြီး ရေခဲသေတ္တာဖွင့်ရတာမို့လို့ တအားကြီးတော့ မအေးဘူး’’ဟု အားနားသလိုပြောတော့ ပြန် တောင်အားနာမိသွားသည်။

နေ့လယ် ၁၂ နာရီဝန်းကျင် မှာ ခရိုင်ချင်းဆက်လမ်းပေါ်ကနေ ရွှေဘို-ကျောက်မြောင်းလမ်းပေါ် ရောက်သည်။ ဘယ်ဘက်သွား လျှင် ရွှေဘိုညာဘက်သွားလျှင် ကျောက်မြောင်း။ ရွှေဘိုကတော့ ၁၆ မိုင်ဝေးသည်။ ကျောက် မြောင်းကတော့ သိပ်မလိုတော့။ မိနစ်ပိုင်းကလေးလောက်သာ စီး ရုံနှင့် ကျောက်မြောင်းရောက်သွား သည်။ ကျောက်မြောင်းကား ကုန်းဘောင်ဆက်ရာဇ၀င်တွင် ထင်ရှားပြီး အရေးပါခဲ့သည့် မြို့ တစ်မြို့ ဖြစ်ခဲ့သည်။

ရွှေဘိုမင်းတရားကြီး ရွှေဘို တွင် နန်းစိုက်ရန် နန်းတော်မြို့တော်တည်ဆောက်ဆဲတွင် ကျောက်မြောင်း၌ ခေတ္တစံကာ မင်္ဂလာကျောက်မြောင်းဟု မှည့်ခေါ်ခဲ့ကြောင်း၊ အသင့်ဆောက် ထားသည့် စံနန်းတော်တွင် စံပယ်တော်မူပြီး မြို့တံခါးများ အမည်ပေးခြင်း၊ ဈေးတော် ဆောက်လုပ်ခြင်း၊  ကျောင်းများကိုဆောက်၊ သိမ်များကိုလည်း သမုတ်တော်မူကာ မင်းနေပြည်တော်အဆင့် သို့ ရောက်ရှိခဲ့သည်။ ကျောက်မြောင်းတွင် ခြောက်လမျှ နန်းစိုက်ပြီးမှ ဆရာတော်ကြီးများ၏ တိုက်တွန်းချက်အရ ရွှေဘိုတွင်နန်းစိုက်ရန် ဆန္ဒကိုဖျက်ပြီး အမရပူရ၌ ထီးနန်းစိုက်ခဲ့ကြောင်း သိပ္ပံမောင်ဝ၏ ‘ရွှေဘိုမင်းတရား ကြီး၏ ခေတ္တမြို့တော် ကျောက်မြောင်း’ ခရီး သွားဆောင်းပါးတွင် ဖတ်ရှုရသည်။ ကျောက်မြောင်းက ယခုတော့ မြို့နယ်ခွဲအဆင့် ဖြစ်သည်။

ကျောက်မြောင်းအရှေ့ ဘက်တွင် ဧရာဝတီမြစ်ကြီးရှိ သည်။ ကျောက်မြောင်းတွင် ဧရာ ၀တီမြစ်ကူး ရတနာသိင်္ခတံတား ကြီးလည်း ရှိပြီး မြစ်အရှေ့ဘက် တွင်တော့ စဥ့်ကူးမြို့နယ် တည် ရှိသည်။ ကျောက်မြောင်းမြစ်ဆိပ် မှာတော့ ၀ါးဖောင်တွေကိုတွေ့ရ သည်။ ကျောက်မြောင်းမြစ်ဆိပ် က လှပါသည်။ ၀ါးဖောင်တွေ၊ သင်္ဘောပျက်ကြီးတွေ၊ မြစ်ထဲမှာ အပူအပင်ကင်းကင်းဖြင့် ဒိုင်ဗင် ထိုးကာ ရေချိုးနေကြသည့် ကိုရင် တွေ၊ ခပ်လှမ်းလှမ်းက ရတနာ သိင်္ခတံတားတို့က ဓာတ်ပုံသမား တွေ မျက်စိကျလောက်စရာ နေရာတွေ ဖြစ်သည်။

မြစ်ကမ်းကနေ တောင်ဘက် တံတားဘက် တဖြည်းဖြည်းလာ တော့ ကျောက်မြောင်း၏ နာမည် ကျော် စဥ့်အိုးတွေ၊ မြေအိုးတွေ တန်းစီကာ နေရာချထားသည်ကို တွေ့ရသည်။ မြစ်ကြောင်းကတစ် ဆင့် ဧရာဝတီကို စုန်ကာ ဟိုး အောက်ဘက် မြစ်ဝကျွန်းပေါ်ဒေ သတွေအထိ ကျောက်မြောင်းအိုး တွေ    ခြေဆန့်မည်ဖြစ်သည်။ ရတနာသိင်္ခတံတားအဆင်းမှာ တော့ ဒေသထွက် စည့်ထည်၊မြေ ထည်ပစ္စည်းဆိုင်တန်းတွေ တွေ့ ရသည်။ ခရီးသွားရာသီမဟုတ် ၍လားတော့ မသိ။ ၀ယ်ယူနည်း လှသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၀န် ကြီးချုပ်ကတော့ သူ့တိုင်းကို ခရီး သွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ် နိုင်သမျှ လုပ်နေသည်။ ကျောက် မြောင်းသည်လည်း စစ်ကိုင်းတိုင်း ဒေသကြီး၏ ခရီးသွားဒေသတစ် ခုအဖြစ် ပါဝင်ထားပြီဖြစ်သည်။ ကျွန်တော်တို့လာခဲ့သည့် ခရိုင် ချင်းဆက်လမ်းပေါ်မှာတင် ရှိမ်း မကားဒေသလည်း ရှိသည်။ ရှိမ်းမ ကားနှင့် ကျောက်မြောင်းကို ခရီး စဉ်တစ်ခုအဖြစ် ပေါင်းလုပ်လျှင် လည်း ရသည်။ ဖြစ်စေချင်ပါ သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး လျှင် ဒေသခံတွေလည်း ထိုက် သင့်သလောက် အဆင်ပြေလာ နိုင်သည်။ ဈေးကလေးဘာလေးပဲ ရောင်းရ ရောင်းရ အိမ်စရိတ်က လေးတွေ ဖာနိုင်ကြမည်။

တကယ်တမ်းဆို ကျောက် မြောင်းမှာ အချိန်ပေးပြီး လေ့လာ စရာတွေ အများကြီးကျန်နေပါ သေးသည်။ သို့သော် ကျွန်တော် တို့မှာ ရွှေဘိုဘက်ခရီးဆက်ရန် ကျန်နေသေး၍ ခရီးဆက်ခဲ့ကြ သည်။ အညာနွေကတော့ ပူနေ ဆဲ ပူနေမြဲ ...။