ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်နှင့် တွေ့ဆုံခြင်း

‘‘ကြံ့ကြံ့ခံနိုင်တဲ့ အသိုင်းအဝိုင်းဖြစ်လာပြီဆိုရင် ငလျင်တင်မကဘူး ဘေးအားလုံးအတွက် ပြင်ဆင်ပြီးဖြစ်မှာ။ တစ်ခုတည်းကို လိုက်လုပ်လို့ မရဘူး။ ဘေးမျိုးစုံအတွက် လုပ်ရမယ်’’
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင် (ဓာတ်ပုံ-စိုင်းဇော်)

မြန်မာနိုင်ငံတွင် ယခုလပိုင်းအတွင်း မကြာခဏ ငလျင်လှုပ်နေပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၃ ရက်အတွင်း ၆၅ ကြိမ်လှုပ်ခတ် ခဲ့သည်။ ၂၀၁၇ တစ်နှစ်လုံးတွင် အကြိမ် ၇၀ လှုပ်ခတ်သောကြောင့် ၂၀၁၈ ပထမလေးလပတ်အတွင်း ငလျင်လှုပ်ခတ်မှုသည် ယမန်နှစ် တစ်နှစ်လုံးစံချိန်ကို မီလုနီးပါးဖြစ်နေသည်။ ၆၄ ကြိမ်အနက် ၁၃ကြိမ်သည် အင်အားအသင့်အတင့်ရှိသော ရစ်ခ်ျတာစကေး ၅ မှ ၆အတွင်းဖြစ်ခဲ့ပြီး ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် ယင်း ငလျင်များ၏ ခြိမ်းခြောက်မှု ကြုံတွေ့ခဲ့ရသည်။ ငလျင်မကြာခဏ လှုပ်နေ၍ လူထုက စိုးရိမ်ပူပန်မှုများရှိနေရာ အစိုးရ၏စီစဉ်ဆောင် ရွက်ထားမှု အခြေအနေများကို ငလျင်ဘေးအန္တရာယ်အပြင် သဘာဝဘေးမျိုးစုံ ကိုင်တွယ်ဖြေရှင်းရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်အား တွေ့ဆုံမေးမြန်းထားပါသည်။

ဒီရက်ပိုင်းမှာ ငလျင်မကြာခဏ လှုပ်နေတယ်။ အဆောက်အအုံ တွေ ကြံ့ခိုင်မှုစိတ်မချကြတာ ကြောင့် ရန်ကုန်မြို့မှာ ငလျင်အန္တရာယ်ပိုစိုးရိမ်နေကြတယ်။ အစိုးရ အနေနဲ့ ရန်ကုန်အတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။

ငလျင်ကတော့ သဘာဝဘေး အန္တရာယ်တွေထဲမှာ ဘယ်အချိန် မှာ ဖြစ်မယ်ဆိုတာ ကြိုတင်မခန့် မှန်းနိုင်တဲ့ဘေးပါ။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုက ပိုပြီးတော့အရေး ကြီးတယ်။ ၂၀၁၆ ကတည်းက ရန်ကုန်နဲ့မန္တလေးမှာ ငလျင်ဖိုရမ် တွေစလုပ်တယ်။ ကြိုတင်ပြင်ဆင် ရေးအတွက် အစီအစဉ်တွေဆွဲကြ တယ်။ ပြည်သူလူထုကို အသိပေး တယ်။ ဇာတ်လမ်းတိုတွေ ရိုက်တာရှိတယ်။ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ခဲ့တယ်။ ဒီကာလအတွင်းမှာ ပဲ အကြိမ် ၃၀ နီးပါးလုပ်ခဲ့တယ်။ အသိပညာပေးအစီအစဉ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၂ကြိမ်လုပ်ခဲ့တယ်။ ငလျင်နဲ့ပတ်သက်ပြီး ဗဟိုနဲ့ပေါင်းပြီး SOP(Standard Operating Proce-dure) ပေါ့။ ငလျင်ဖြစ်ရင် ဘယ်လို တုံ့ပြန်ကြမလဲဆိုတာတွေကို မူကြမ်းတွေ ရေးဆွဲနေတာရှိပါ တယ်။ ငလျင်အတွက်ကို ကျွန် တော်တို့တော်တော်လေးကို အာရုံ စိုက် ပြုလုပ်နေပါတယ်။

အင်အားပြင်း ငလျင်လှုပ်ခဲ့ရင် ကယ်ဆယ်ရေး အမြန်ဆုံးဆောင် ရွက်နိုင်ဖို့အတွက် ဘယ်လိုစီစဉ် ထားပါသလဲ။

ကျွန်တော်တို့မှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရှိတယ်။ ဗဟို ကော်မတီနဲ့ ပြည်နယ်နဲ့တိုင်းဒေသ ကြီးတွေမှာ ကော်မတီတွေရှိ တယ်။ ဗဟိုကော်မတီမှာ ဒုတိယ သမ္မတ(၂) က ဦးဆောင်ပြီး ပြည် နယ်နဲ့တိုင်းတွေမှာ ဝန်ကြီးချုပ်တွေ က ဦးဆောင်တယ်။ ခရိုင်နဲ့ မြို့ နယ်တွေမှာလည်း ရှိတယ်။ ဗဟို ကော်မတီမှာ လုပ်ငန်းကော်မတီ ၁၂ ခုရှိတယ်။ အဲဒီအထဲမှာ ရှာဖွေ ကယ်ဆယ်ရေးကလည်း တစ်ခု ပေါ့။ ရှာဖွေကယ်ဆယ်ရေးမှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ညွှန်ချုပ်က အတွင်းရေးမှူး၊ ကျွန်တော်က တွဲဖက်အ တွင်းရေးမှူး တာဝန်ယူထားတယ်။ သဘာဝဘေးတစ်ခုခုဖြစ်လာရင် ကော်မတီကြီးကလည်း အသက် ဝင်လာပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် လုပ်ဆောင်သွားကြမယ်။ ရှာဖွေ ကယ်ဆယ်ရေးတွေ၊ ထောက်ပံ့ရေးတွေပါတယ်။ လမ်း ပန်းဆက်သွယ်ရေးတွေပါတယ်။ နိုင်ငံခြားဆက်ဆံရေးတွေ ပါ တယ်။ သက်ဆိုင်ရာကော်မတီ တွေက အဲဒီလိုလုပ်သွားမှာ။ နောက်ပြီး ရန်ကုန်တို့၊ မန္တလေးတို့ အပါအဝင်တိုင်းအလိုက်ပေါ့။ ဖြစ် လာရင် ဘယ်နေရာမှာ ဘယ်လို ရွှေ့မလဲ၊ ရှာဖွေကယ်ဆယ်ရေး တွေ ဘယ်လိုလုပ်ကြမလဲဆိုတာ မျိုး အသေးစိတ်အစီအစဉ်တွေ လုပ်ထားတယ်။

အဆောက်အအုံနဲ့ လူဦးရေထူထပ် တဲ့နေရာတွေမှာ ငလျင်လှုပ်လို့ ထိခိုက်ပျက်စီးမှုဖြစ်လာပြီဆိုရင် ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ယန္တ ရားတွေ၊ လိုအပ်တဲ့ ကယ်ဆယ် ရေးပစ္စည်းတွေ အဆင်သင့်ရှိပါသ လား။

ယန္တရားတွေ လုံလောက် တယ်၊ မလုံလောက်ဘူးဆိုတာ ပြောဖို့ တော်တော်ခက်ပါတယ်။   ရှာဖွေကယ်ဆယ်ရေးကတော့ အဓိကမီးသတ်တပ်ဖွဲ့က လုပ်တာ ကိုး။ ပြည်ထဲရေးက လုပ်တာဆို တော့ စက်ပစ္စည်းတွေကတော့ သူတို့လည်း ပြင်ဆင်နေတာရှိတယ်။ ဇာတ်တိုက်လေ့ကျင့်ရေး လုပ်တာတွေမှာ တွေ့ရပါတယ်။ ဘယ်လောက်လုံလောက်လဲ၊ မလုံလောက်ဘူးဆိုတာကတော့ ကျွန်တော်ပြောဖို့ နည်းနည်းအခက်အခဲ ရှိပါတယ်။

မြန်မာနိုင်ငံအတွက် ငလျင်အန္တ ရာယ်ရှိတယ်လို့ ပညာရှင်တွေက လည်း သတိပေးထားတော့ အစိုးရအနေနဲ့ ငလျင်ကို ဘေးအန္တရာယ် မျိုးစုံရဲ့ ဦးစားပေး ဘယ်အဆင့် ဘယ်လောက်သတ်မှတ်ထားပါ သလဲ။

ရေဆို မိုးတွင်းဘက် နှစ်တိုင်း ဖြစ်တယ်။ မုန်တိုင်းဆို နှစ်တိုင်း ဖြစ်တယ်။ ငလျင်ဘေးကျတော့ မေ့လောက်မှ တစ်ခါ ရုတ်တရက် ထဖြစ်တာမျိုး။ ဒါပေမဲ့ ဒီရက်မှာ မကြာခဏလှုပ်နေတော့ လူတွေ သတိထားမိလာတယ်။ သဘာဝ ဘေးကတော့ အမျိုးအစားအ ထက် ဘယ်လောက်ထိခိုက်ဆုံးရှုံး မှုများလဲဆိုတဲ့အပေါ် မူတည်ပြီး တော့ လုပ်ရပါတယ်။ ဥပမာ ငလျင်လှုပ်တယ်ဆိုပါစို့။ အင်အားပြင်း မယ်ဆို ဒါကတော့ ဦးစားပေးအစီ အစဉ်ကြီးဖြစ်လာပြီး ဝိုင်းဝန်း ဆောင်ရွက်ရပါတယ်။ ဒီကာလ မှာတော့ ဘေးအန္တရာယ်နဲ့ပတ် သက်ရင် ဦးစားပေးခြင်းခံရပါ တယ်။

ငလျင်လှုပ်မယ်လို့ ဘာကြောင့် ကြိုသတိမပေးတာလဲဆိုပြီး မှတ် ချက်ပေးတာမျိုးတွေ တွေ့နေရ တယ်။ လူထုအနေနဲ့ ငလျင်ဘေး အန္တရာယ်အကြောင်း ဒီထက်သိ အောင် ဘယ်လိုဆောင်ရွက်နေပါ သလဲ။

အဓိကကတော့ သတင်းအ ချက်အလက်ကို ဖြန့်ဝေခြင်းပေါ့။ ပညာပေးအစီအစဉ်တွေပါတယ်။ ဇာတ်တိုက်လေ့ကျင့်တာတွေ ပါ တယ်။ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ လက်တွဲပြီး ဆောင် ရွက်နေတာရှိပါတယ်။ လူထုလူ တန်းစားအသီးသီးက တစ်ဦးချင်း ဆီကို အသိပညာပေးဖို့တော့ ဝိုင်း ဝန်းကြိုးစားရပါတယ်။ မီဒီယာ တွေလည်း ဝိုင်းဝန်းကူညီပေးကြ ပါလို့ ပြောချင်ပါတယ်။ ဟိုတစ် လောက နေပြည်တော်မှာ ဖြစ်တာဆိုလည်း သိတဲ့အတိုင်းပဲ။ ကော လာဟလတွေဖြစ်ပြီး တိုက်ပေါ်က နေ ဆင်းနေကြတဲ့အထိဖြစ်တော့ မနည်းလိုက်ဖြေရှင်းရပါတယ်။

ဇာတ်တိုက်လေ့ကျင့်မှုတွေကို ဘယ်လိုပုံစံနဲ့ အကောင်အထည် ဖော်နေပါသလဲ။

အခု မြေပြင်မှာ တော်တော် အာရုံစိုက်ပြီး လုပ်နေပါတယ်။ ဂျပန်လို၊ အင်ဒိုနီးရှားနိုင်ငံလို နိုင်ငံ မျိုးမှာ မွေးစကတည်းက ငလျင်အန္တရာယ် ပညာပေးတာတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုလုပ်တာ တွေရှိတယ်။ မြန်မာနိုင်ငံက လှုပ် နိုင်ခြေရှိပေမယ့် ခံစားရတဲ့အတွေ့ အကြုံက နည်းတယ်။ အကြာကြီး နေမှ တစ်ခါဆိုတော့ဖြစ်လာမှ စိုး ရိမ်တတ်ကြတယ်။ လူထုဘက်က ပူးပေါင်းပါဝင်မှုကလည်း အရေး ကြီးပါတယ်။ ဇာတ်တိုက်လေ့ကျင့် ခန်းက နည်းလမ်းတစ်ခုပေါ့။ အသိပညာပေး စာစောင်တွေဝေတာ မျိုးတွေလည်း လုပ်နေပါတယ်။ ရှေ့လျှောက် ကျွန်တော်တို့ ဒီထက်ပိုလုပ်ရမယ်ဆိုတာ လက်ခံပါတယ်။

ငလျင်အန္တရာယ်အတွက် ဆရာတို့ အနေနဲ့ကော ဘယ်လောက်စိုးရိမ် ပါသလဲ။

လေဆိုလို့ရှိရင် အိမ်သေး သေးလေးတွေခံရနိုင်တယ်။ ငလျင်ဆိုရင် ပြောင်းပြန်။ တဲတွေ၊ ပျဉ်ထောင်အိမ်တွေမခံရဘဲ တိုက် တွေ၊ အဆောက်အအုံတွေခံရ တယ်။ တိုက်ချင်းအတူတူ ကြံ့ခိုင် မှုအားနည်းတဲ့ တိုက်က ပိုခံရမယ်။ စိုးရိမ်စရာကတော့ မြို့ကြီးတွေအတွက် စိုးရိမ်ပါတယ်။ ဥပမာ ဒီ ရက်ပိုင်းမှာ ဖြူးမြို့နယ်မှာ လှုပ်နေ တာ သိသိသာသာပါ။ ဒါပေမဲ့ ဗဟိုပြုတာက ရိုးမထဲမှာဆိုတော့ အိမ် ခြေနည်းတယ်။ တိုက်ကြီးတာကြီး မရှိဘူး။ လှုပ်သာလှုပ်နေပေမယ့် ဆိုးဆိုးရွားရွားဖြစ်မလာတာ ကံ ကောင်းနေတယ်လို့ ပြောလို့ရပါ တယ်။

ဖြူးမှာ ရေကာတာတွေရဲ့ကြံ့ခိုင်မှု ကို ဒေသခံတွေက စိုးရိမ်နေကြ တယ်။ ငလျင်ပြတ်ရွေ့တွေ ရှိရာ ဒေသမှာ ငလျင်လှုပ်ပြီဆိုရင် ဒေသ ခံလူထုရဲ့စိုးရိမ်သောက လျော့ပါး အောင် ဘယ်လိုဆောင်ရွက်ပါသ လဲ။

ဖြူးမှာ လှုပ်တဲ့ငလျင်ကြောင့် အဲဒီမှာရှိတဲ့ ရေကာတာတွေရဲ့ ကြံ့ခိုင်မှုကို စိုးရိမ်ကြတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ကျွန်တော်တို့ တိုက်ရိုက် အဆက်အသွယ်လုပ် တယ်။ စောင့်ကြည့်တယ်။ ကြံ့ခိုင် မှုကောင်းတယ်လို့ ချက်ချင်းထုတ် ပြန်နိုင်ခဲ့ပါတယ်။ အင်အားပြင်း ပြင်းလှုပ်လို့ စိုးရိမ်စရာတမံရှိတယ် ဆိုရင်လည်း သက်ဆိုင်ရာဌာန တွေက အမြဲတမ်းစောင့်ကြည့်ပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး သေချာတဲ့အချိန်မှာ လူထုသိဖို့ ထုတ်ပြန်ဖို့ ဆောင်ရွက်ပါတယ်။ သတင်းစကားကို မှန်မှန်နဲ့မြန်မြန် ထုတ်ပြန်နိုင်ဖို့ ကျွန်တော်တို့ ကြိုး စားပါတယ်။

သဘာဝဘေးအန္တရာယ်နဲ့ ပတ် သက်ရင် အစိုးရသစ်နဲ့ အရင်အစိုး ရအဆက်ဆက်ကြား သိသာထင် ရှားတဲ့ အပြောင်းအလဲမျိုးရှိပါသ လား။

ပထမဦးဆုံးတော့ ကျွန်တော် တို့က ထောက်ပံ့ရေးတွေလုပ်တဲ့ အခါ ချက်ချင်းထောက်ပံ့တာလုပ် တယ်။ ဘေးဒဏ်သင့်တဲ့သူတွေအ တွက် ချက်ချင်းလိုတာကိုး။ ကျွန် တော့်ဆီ သတင်းပို့တာနဲ့ ထောက် ပံ့တဲ့ အစီအစဉ်ပါရတယ်။ စာတွေ ဘာတွေက နောက်မှ လိုက်။ ဖုန်း နဲ့ပို့ရင် ရတယ်ပေါ့။ အဲဒီလောက် အထိ ဖြေလျှော့ခဲ့တယ်။ ပြည် ထောင်စုဝန်ကြီးကိုယ်တိုင်က ဖြေလျှော့မှုတွေ လုပ်ပေးတယ်။ ပစ္စည်းလိုရင် တစ်ခါတည်းထောက်ပံ့ဖို့ ဖုန်းနဲ့ ညွှန်ကြားချက်တွေပေး တယ်။ စည်းမျဉ်းစည်းကမ်းပေါ်မှာ တော့ လုပ်ရတာပေါ့။ ထောက်ပံ့ ရေးတင်မကဘဲ တခြားကဏ္ဍတွေ မှာလည်း ပိုပြီးတော့လုပ်တယ်။ ဥပမာ အသိပညာပြန့်ပွားရေးတွေ လုပ်တယ်။ သဘာဝဘေးနဲ့ ဆက်စပ်တာတွေအားလုံး ဥပမာရေရှား တာဆို သဘာဝဘေးနဲ့ ဆက်စပ်လာလို့ အလျင်အမြန် ထောက်ပံ့ နိုင်ဖို့ လုပ်တယ်။ နောက်တစ်ခုက ဝန်ထမ်းဖွဲ့စည်းပုံကို တိုးချဲ့နေ တာပေါ့။ နောက်တစ်ခုက ဘတ် ဂျက်။ ဒီနှစ်ဆို သုံးဆလောက်အထိတိုးပြီး ထောက်ပံ့နိုင်တယ်။ အရင်တုန်းက ဆန်ရိက္ခာလေးသုံး ရက်စာပေးဖို့ တော်တော်လေးကို စဉ်းစားခဲ့ရတယ်။ အခုတော့ တ ကယ်လိုအပ်ချက်ရှိပြီဆိုရင် ပြည် ထောင်စုဝန်ကြီးက သုံးရက်စာ ဘယ်တော့မှ မပေးနဲ့။ အနည်းဆုံး တော့ တစ်ပတ်စာပေးပေါ့။ ဒါမျိုး တွေ ကျွန်တော်တို့က လုပ်နိုင်ခဲ့ တယ်။ ကျွန်တော်တို့ဆီမှာ လူနည်း နေပေမယ့် တခြားဆက်စပ်ဌာန ဆိုင်ရာတွေက ပူးပေါင်းပါဝင်ကြ တယ်။ လူမှုရေးအဖွဲ့အစည်းတွေ ဆိုလည်း ကျွန်တော်တို့နဲ့ပိုပြီး ပူး ပေါင်းတယ်။ ဘေးတစ်ခုဖြစ်တယ် ဆိုရင် ဌာနဆိုင်ရာအားလုံးက လုပ်ပေးကြတယ်။ အခု ဧရာဝတီ မှာဆို ဟင်္သာတအပါအဝင် အများ ကြီးပဲ လေပြင်းထိတယ်။ အဲဒီမှာဆို ဌာနဆိုင်ရာတွေ သုံးဖွဲ့ခွဲပြီးသွား တာ။ ဒီရက်အတွင်းမှာတင် ဧရိယာတော်တော်များများကို ကာဗာလုပ်နိုင်တယ်။ ဒါတွေကဘေးသင့် သူတွေ အလိုအပ်ဆုံးအချိန်မှာ အမြန်ဆုံးရတာ။ အဖွဲ့အစည်းအရ ရော၊ ဘတ်ဂျက်အရရော၊ စနစ်အရရော ပြောင်းလဲမှုပေါ့။

ငွေကြေးအပါအဝင် ကယ်ဆယ် ရေးပစ္စည်းတွေ အလေအလွင့်မရှိ အောင် ဘယ်လိုထိန်းချုပ်ပါသလဲ။

မြို့နယ်တွေမှာ ရုံးလည်းမရှိ တော့ အရာရှိတွေ မရှိပါဘူး။ ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ဘတ် ဂျက်တွေ ခွဲပေးထားတယ်။ အဲဒီ မှာ O503 ဆိုတဲ့ ခေါင်းစဉ်ရှိတယ်။ ဆန်ဖိုးဆို ခုနစ်ရက်စာပေးရမယ်။ အိမ်တစ်လုံးလုံး ပြိုကျတယ်၊ မီး လောင်တယ်ဆိုရင် ဘယ်လောက် ပေးရမယ်ဆိုတဲ့ စည်းမျဉ်းစည်း ကမ်းတွေရှိတယ်။ စာရင်းဇယား တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေဆီကနေရတယ်။ ဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထွေအုပ်နဲ့ ထိန်းချုပ်လိုက်တဲ့အခါ စာရင်းဇယားရတယ်။ ပြည်သူ့ပိုက်ဆံကို ပြည်သူဆီ ပြန်ပေးတာ စနစ် တကျ လုပ်ရတယ်။ ကျွန်တော်တို့ ထောက်ပံ့ရင် သက်ဆိုင်ရာ အုပ် ချုပ်ရေးအဖွဲ့တွေ ပါတဲ့ သက်သေ တွေပါရတယ်။ ဒါမျိုးတွေနဲ့ ထိန်း ချုပ်တာပေါ့။ စာရင်းအလွဲသုံးစား မှုမဖြစ်အောင် ထိန်းချုပ်ထားပါ တယ်။

ကျောင်းသုံးစာအုပ်တွေမှာ ငလျင်အန္တရာယ်နဲ့ ပတ်သက်တဲ့ သင်ရိုး ညွှန်းတမ်းပြဋ္ဌာန်းပေးဖို့ သက်ဆိုင် ရာဌာနတွေနဲ့ ညှိနှိုင်းနေတာတွေ ရှိတယ်လို့ ကြားရပါတယ်။ ဘယ် အခြေအနေရောက်နေပါပြီလဲ။

ဧပြီ ၂၁ ရက်က ကျွန်တော်တို့ ဝန်ကြီးနဲ့ ဆွေးနွေးဖြစ်တယ်။ နွေ ရာသီကာလ ဆရာမတွေရဲ့သင် တန်းတွေမှာ ငလျင်နဲ့ပတ်သက်တဲ့ ပညာပေး အစီအစဉ်တွေကို ကျောင်းဆရာ၊ ဆရာမတွေစုစည်း ရာနေရာတွေမှာသွားပြီး ညှိနှိုင်းဆောင်ရွက်ဖို့ပေါ့။ အခုတော့ လည်း မြို့နယ်အဆင့်၊ တိုင်းအ ဆင့်တွေမှာ လုပ်တော့လုပ်နေပါ တယ်။ ကျယ်ကျယ်ပြန့်ပြန့် ညွှန် ကြားချက်တွေ ဘာတွေနဲ့ မဟုတ် ပေမယ့် တတ်နိုင်သလောက်တော့ သွားနေပါတယ်။ တဖြည်းဖြည်း ချင်းတော့ ကျယ်ပြန့်အောင်လုပ်ရ မှာပါ။

ငလျင်ဘေးအန္တရာယ်အတွက် အစိုးရအနေနဲ့ ဘာတွေ ဆက်လုပ် ဖို့ လိုတယ်လို့ ယူဆပါသလဲ။

ငလျင်အပါအဝင် သဘာဝ ဘေးတွေမှာ ဘာအရေးကြီးဆုံးလဲ ဆိုတော့ သဘာဝဘေးကို ရင်ဆိုင် တုံ့ပြန်ဖို့အတွက် အဆင်သင့်ဖြစ်မှု ပေါ့။ အဆင်သင့်ဖြစ်မှုဆိုတာမှာ ထောက်ပံ့ရေးလုပ်ငန်းတွေ ပါ တယ်။ ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းတွေ ပါတယ်။ ဆက်သွယ်ရေး ကိစ္စတွေ၊ လမ်းတံတားတွေ၊ လျှပ် စစ်မီးကိစ္စတွေနဲ့ တခြားစီမံခန့်ခွဲမှု လုပ်ငန်းတွေ ပါတယ်။ အဆင်သင့်ဖြစ်မှုက လုပ်ကိုလုပ်ရမယ်။ နောက်တစ်ခုက သဘာဝဘေး ဒဏ် ကြံ့ကြံ့ခံနိုင်ရေးပေါ့။ ကြံ့ ကြံ့ခံနိုင်တဲ့ အသိုင်းအဝိုင်းဖြစ် လာပြီဆိုရင် ငလျင်တင်မကဘူး၊ ဘေးအားလုံးအတွက် ပြင်ဆင်ပြီး ဖြစ်မှာ။ တစ်ခုတည်းကို လိုက်လုပ် လို့ မရဘူး။ ဘေးမျိုးစုံအတွက်လုပ် ရမယ်။ ကျွန်တော် Highlight လုပ်ချင်တာကတော့ အဆင်သင့်ဖြစ်မှု နဲ့ ကြံ့ကြံ့ခံနိုင်မှုကို ပိုပြီးဆောင် ရွက်ကြရမယ်။ နောက်တစ်ခု ကျွန်တော်တို့ကြိုးစားနေတာက   CSOတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတာတွေရှိတယ်။ ပြည်ပအဖွဲ့အစည်းတွေနဲ့ပါပေါ့။ လမ်းကြောင်းအမှန်လေးပေါ် ရောက် နေတာပေါ့။ ဒါ အစပဲရှိ သေးတယ်။ ဒါကို ဆက်လက်ပြီး တိုးတက်ဖို့ အများကြီးဆောင်ရွက် ဖို့ ရှိပါသေးတယ်။

ဆရာ့အနေနဲ့ ဘာများဖြည့်စွက် ပြောလိုပါသလဲ။

ကျွန်တော်တို့ တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ အားလုံး လည်း ပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။

Top News