ဘယ်စာကို မောင်ရေးမတုံး

(၁)

ပုဂ္ဂလိကသတင်းစာတွေရဲ့ သက်တမ်း ငါးနှစ်ရှိလာပါပြီ။ သတင်းစာတွေက သူတို့ရဲ့ ရှင် သန်မှုအတွက် ဘယ်လိုချီတက် ကြမယ်ဆိုတာတွေ ပြင်ဆင်နေ ကြရပါတယ်။ သတင်းစာတွေကို မှီခိုနေရတဲ့ စာရေးသူကလည်း သက်တမ်း ၂ နှစ်ကျော်ကျော်သာ ရှိသေးတဲ့ မိမိရဲ့ ကလောင်လေး နဲ့ဘယ်လိုဆက်ပြီး ချီတက်မလဲဆိုတာကို လမ်းကြောင်းချဖို့ ရှာဖွေလေ့လာရင်းဝါရင့်စာရေးဆရာ ကြီးတွေရဲ့ အဆုံးအမတွေကို သူတို့ရဲ့စာတွေကတစ်ဆင့် သင်ယူနာကြားခွင့်ရခဲ့တာမို့ စာဖတ်ပရိသတ်ကို ပြန်လည်မျှဝေပေး လိုပါတယ်။

(၂)

ကွယ်လွန်သူ ဆရာကြီးဦး အောင်သင်းက ‘မျိုးဆက်သစ်အ တွက် ပိဋကတ်မိတ်ဆက်’ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။ ဆောင်းပါးတွေကို စုစည်းပြီး စာအုပ်အဖြစ်လည်း ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ အဲဒီလို ပိဋကတ် မိတ်ဆက် ဆောင်းပါးတွေ ရေးသားရာမှာ ၁၉၉၉ ခုနှစ် ဧပြီလထုတ် မိုး ဂျာနယ်အတွဲ- ၉ ၊ အမှတ်(၄) မှာ တော့ မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန် ဂဟပတိဝဂ်က အဘ ယရာဇကုမာရသုတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံး တော်မူတဲ့ မြတ်စွာဘုရားရှင်ကို အဖြေခက်တဲ့ ပုစ္ဆာကိုမေးပြီး အပြစ်တင်အရှက်ခွဲဖို့ နိဂဏ္ဌလွှတ်လိုက်တဲ့ အဘယမင်းသားကို မြတ်စွာဘုရားရှင်က မိန့်ကြားခဲ့ တဲ့ ‘စကားဆိုမှု’ လေးမျိုးအ ကြောင်းကို ဆရာကြီးဦးအောင် သင်းက မိတ်ဆက်ရှင်းလင်းပြခဲ့ တာ ဖြစ်ပါတယ်။ မြတ်စွာဘုရား

ရှင်တို့ဟာ စကားပြောဆိုရာမှာ

-မဟုတ်မမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်း မနှစ်သက်သော စကားမျိုးကို မဆိုကြောင်း၊

- ဟုတ်မှန်သော်လည်း အ ကျိုးမရှိ၊ သူတစ်ပါးလည်း မနှစ် သက်သော စကားမျိုးကိုလည်း မဆိုကြောင်း၊

- ဟုတ်မှန်ပြီး အကျိုး လည်း ရှိပါက သူတစ်ပါးတို့ မနှစ် သက်သည့်တိုင် အခါအားလျော် စွာဆိုကြောင်း၊

- မဟုတ်မမှန်၊ အကျိုး လည်း မရှိသောစကားမျိုး သူတစ် ပါးတို့နှစ်သက်သည့်တိုင် မဆို ကြောင်း၊

- ဟုတ်မှန်ပြီး အကျိုးမရှိ ပါက သူတစ်ပါးတို့ နှစ်သက်သည့် တိုင် မဆိုကြောင်း၊

- ဟုတ်မှန်ပြီး အကျိုးလည်း ရှိ၊ သူတစ်ပါးတို့လည်း နှစ်သက် သည့် စကားတို့ကို အခါအား လျော်စွာ ဆိုတတ်ကြောင်း

ဘုရားရှင်က အဘယမင်း သားကို မိန့်ကြားတော်မူခဲ့ပါ တယ်။ စကားတွေကို တိုင်းတာ ရာမှာ (၁) မှန်၊ မမှန်၊ (၂) အကျိုးရှိ၊ မရှိ၊ (၃)နာကြားသူက ကြိုက်၊ မကြိုက်ဆိုတဲ့ စံပေတံ သုံးခုနဲ့တိုင်းတာဖို့ လိုအပ်ပြီး အဲဒီလို တိုင်းတာတဲ့အခါ မှန်ကန်ပြီး၊ အကျိုးရှိတဲ့ စကားကိုသာ မြတ်စွာဘုရားရှင်တို့ ပြောဆိုပြီး နာကြားသူ ကြိုက်၊ မကြိုက်ဆိုတာကို အဓိကမထားကြောင်း ထင်ရှားလှပါ တယ်။ မှန်ကန်ပြီး အကျိုးရှိတဲ့ စကားနှစ်မျိုးကိုသာ မြတ်စွာဘု ရားရှင်တို့က ပြောဆိုကြတယ်လို့ မှတ်သားနိုင်ပါတယ်။

ဆရာကြီးဦးအောင်သင်းက ‘စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်ဆိုတဲ့ လမ်းညွှန် မှု (ဘုရားရှင်ကျင့်သုံးမှု) ကိုသေ ချာတွေးကြည့်လိုက်မယ်ဆိုရင် ငါတို့စာရေးဆရာတွေဟာ ဘယ် လိုစာမျိုးတွေကိုသာလျှင် ရေး သင့်တယ်ဆိုတာကိုပါ ချင့်ချိန်လာနိုင်စေတယ်လို့ ပြောလိုက်ချင်မိ တယ်’ လို့ ဆုံးမစကားပြောဆိုခဲ့ ပါတယ်။ စာရေးသူတို့လို တက် သစ်စကလောင်ရှင်တွေအတွက် စံပြုစရာဗုဒ္ဓရဲ့ အဆုံးအမကို ဆရာကြီးဦးအောင်သင်းက လမ်း ညွှန်ခဲ့တယ်လို့ ခံယူမိပါတယ်။

(၃)

တစ်လောလေးက စာအုပ် ဆိုင်ရောက်တုန်းဆရာဟိန်းလတ် လုပ်ခဲ့တဲ့ စာပေအင်တာဗျူးတွေ ကို စုပေါင်းထားတဲ့ ‘စာပေအင် တာဗျူး ပေါင်းချုပ်’ ကိုဝယ်လာ ဖြစ်ပါတယ်။ စာအုပ်ကို အစအ ဆုံး မဖတ်ဖြစ်သေးပါဘူး။ အင် တာဗျူးတွေရဲ့ ထိပ်ဆုံးတွေမှာ Highlight လုပ်ဖော်ပြထားတဲ့ အင်တာဗျူးဖြေဆိုသူ ဆရာ၊ ဆရာမတွေရဲ့ ပြောစကား (Quote) လေးတွေကို အရင်လိုက်ဖတ်ရင်း စိတ်အ၀င်စားဆုံး အင်တာဗျူးတွေကိုပဲ ဦးစားပေးပြီးဖတ်ဖြစ်နေပါတယ်။ ဒီအထဲကမှ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ် ကိုယ် ဘယ်လိုတန်ဖိုးထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ မှာ ရှင်းရှင်းလင်းလင်းပေါ်လာစေ တဲ့ ဆရာ(ဦး)ကြည်မင်းရဲ့ စကား ကိုပြန်လည် မျှဝေလိုပါတယ်။

‘စာရေးဆရာဆိုတာ မှန် တစ်ချပ်ကိုင်ပြီး သမိုင်းခေတ်ထဲ မှာ မျက်လုံးဖွင့်ခရီးသွားနေတဲ့ လူပဲလို့ ကျွန်တော် ရေးခဲ့ဖူးပါ တယ်။ မှန်ပေါ်မှာ ထင်လာတဲ့ သမိုင်းအရိပ်မှန်သမျှ မြင်နေရမှာ ပဲ။ အနုပညာရှင်စစ်စစ်ဆိုတာ အ မှန်တရားရဲ့ ဘက်တော်သားလို့ ကျွန်တော်ရေးဖူးပါတယ်။ အမှန် တရားရဲ့ ဘက်တော်သားဆိုတာ သူ့ကြေးမုံပေါ်မှာ ပေါ်လာသမျှ ကို အမှန်အတိုင်းတင်ပြရတာ။

သူ့မှန်က ကောင်းနေပြီး သူ့ မျက်လုံးကလည်း အမြင်မှားမနေ ဘူးဆိုရင် သူမြင်သမျှကိုတင်ပြ နိုင်ဖို့ အခွင့်အလမ်းပဲ လိုတာပါ’ ဟု ဆရာကြည်မင်းက ဆိုခဲ့ပါ တယ်။

 ဒီစကားက စာရေးဆရာ စစ်စစ်ဖြစ်ဖို့ သမိုင်းခေတ်ကို မှန် မှန်ကန်ကန်မြင်တတ်ဖို့ ဆုံးမ စကားလို့ ခံယူရင်း မှန်ကြည်ဆေး နဲ့တူတဲ့ အနုပညာ၊ အတတ်ပညာ ၀မ်းစာဖြည့်တင်းဖို့ လိုအပ်တယ် လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမမိပါ တယ်။

(၄)

၂၀၁၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်ထုတ် ပေါ်ပြူလာနယူးစ်ဂျာ နယ်အတွဲ-၂၊ အမှတ်(၂၄) မှာ ဆရာကြီးလူထု (ဦး)စိန်ဝင်းက ‘ယိမ်းကတဲ့ထဲမပါတော့ဘူ’ ခေါင်းစဉ်နဲ့ ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ ဆောင်းပါးရဲ့ ဆိုလိုရင်းက ဘယ်ယိမ်းလိုက်၊ ညာနွဲ့လိုက်နဲ ဟိုဘက်လိုလို၊ ဒီဘက်လိုလို ဒီမိုကရေစီယိမ်းက သူတွေများလာတဲ့အတွက် စာဖတ်ပရိသတ်တွေက သူ့ကိုပါ ယိမ်းသမားလို့ အထင်မခံနိုင်တာကြောင့် နိုင်ငံရေးဆောင်းပါးတွေ ရေးသားခြင်းကို ယာယီရပ်တန့်တော့မယ်လို့ အသိပေးတာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးမှာလည်း စာရေးသူတစ်ယောက် ထားသင့်တဲ့ စံ တွေကိုတွေ့နေရတာမို့ ပြန်ပြီးဖောက်သည် ချချင် ပါသေးတယ်။

ဆရာကြီးက‘‘စာရေးတဲ့ အ လုပ်ကိုလုပ်တဲ့ အကြောင်းရင်းကို က ကိုယ့်ထင်မြင်ယူဆချက်နဲ့ ကိုယ့်သဘောထားတွေကို ပြော ချင်လို့ပဲ ဖြစ်တယ်’’လို့ ဆိုပါတယ်။ ဆရာကြီးက နေ့စဉ်တစ်နေ့ကို နှစ်ပုဒ်နှုန်းရေးတဲ့ စာတွေနဲ့ပတ် သက်ပြီး ‘ရေးသမျှကတော့ ဆိုင် ရာ ဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်ထင်မြင် ယူဆချက်၊ ကိုယ့် အာဘော်ကို ပြောချင်တဲ့အတွက် ရေးခဲ့တာချည်းပါပဲ။ စာကောင်း ဖြစ်၊ မဖြစ်သာရှိမယ်။ ပြောချင်တဲ့စကား(မက်ဆေ့ခ်ျ)မပါတဲ့ စာရယ် လို့တော့ တစ်ခုမှ မရှိပါဘူး’လို့ ဆိုပါတယ်။

နောက်တစ်ချက် စိတ်ဝင် တစားမှတ်သားလေ့လာကြည့်ဖို့ ကောင်းတာက စာရေးသူနဲ့ စာမူ ကိုဖော်ပြပေးမယ့် သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေကြားမှာ ထားရှိမယ့် သူ့ရဲ့မူဖြစ်ပါတယ်။ ‘ကိုယ်ရေးလိုက်တဲ့ စာက စာစောင်သွားနေတဲ့လမ်းကြောင်းနဲ့ ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေတာမျိုး တွေလည်း အများကြီးရှိတယ်’ လို့ ဆရာကြီးကဆိုပါတယ်။ ‘‘လူ ကြိုက်အောင်၊ အထင်ကြီးအောင်၊ ပိုက်ဆံရအောင် မရေးအပ်တော့ ဘူး။ မှန်တာပြောပြီး မှန်တာပဲ ရေးသင့်တော့တယ်။ ငါးပွက်ရာ ငါးစာချတာမျိုးလည်း နဂိုက တည်းက ၀ါသနာမပါဘူး’’လို့ ဆရာကြီးက ခပ်တင်းတင်းပဲဆိုခဲ့ ပါတယ်။ ဆရာကြီးလို ၀ါရင့် ပုဂ္ဂိုလ်ကြီးက ကိုယ့်စာနဲ့ပတ် သက်ပြီး ခပ်တင်းတင်းနေလို့ အ ဆင်ပြေပေမယ့် စာရေးသူတို့လို ကလောင်သွေးခါစ တက်သစ်စ တွေအတွက်တော့ ဆရာကြီးရဲ့ စံတွေကိုမီအောင် လိုက်နာကျင့် သုံးဖို့ ကြိုးစားအားထုတ်အပ်တယ် လို့ခံယူမိပါတယ်။

(၅)

အခုတင်ပြခဲ့တာကတော့ စာဖတ်သူနာယူမိတဲ့ စာပေနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်၊ စံနှုန်း တွေပဲဖြစ်သလို လက်တွေ့ကျင့် သုံးဖို့ ကြိုးစားသွားမယ့် အရာတွေ လည်း ဖြစ်ပါတယ်။ အဲဒီကျင့် ၀တ်၊ စံနှုန်းတွေကိုတကယ်လိုက်၊ မလိုက်၊ ကိုက်၊ မကိုက်ကတော့ စာဖတ်သူက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

စာရေးသူက စာပေပညာရှင် တစ်ယောက်မဟုတ်သလို ဒီစာ စုကလေးကလည်း စာကိုဘယ်လို ရေးရတယ်လို့ ဆရာလုပ်တဲ့ ဆောင်းပါး၊ စာကိုဘယ်လိုရေးနေ တယ်လို့ ၀ါကြွားတဲ့ ဆောင်းပါး တစ်ပုဒ်မဟုတ်ပါဘူး။ သတင်းစာ တွေ ငါးနှစ်သားဖြစ်လာတဲ့အ ချိန်မှာ ကလောင်သက်လေး ၂ နှစ်လောက်သာ ရှိသေးတဲ့ ကိုယ့် ကိုယ်ကိုယ် ဘယ်လိုရှေ့ဆက်မ လဲလို့ စဉ်းစားရင်းပေါ်လာတဲ့ ‘ဘယ်စာကိုမောင်ရေးမတုံး’ ဆို တဲ့ မေးခွန်းအတွက်ရလာတဲ့ အဖြေလေးတွေကို စာဖတ်ပရိသတ်နဲ့ မျှဝေလိုရင်းနဲ့ စာပေပညာရှင် ဆရာကြီးများရဲ့ ဉာဏ်ပညာဂုဏ်ကို ပူဇော်လိုရင်းသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။    ။  

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)

Top News