အိန္ဒိယသမုဒ္ဒရာထဲက ခွေနေတဲ့မြွေ

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့သည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင် ဒေသခံတစ်ဦး တုံကင်သုံး၍ ရေခပ်နေသည်ကို ၂၀၀၈ မေ ၁၀ ရက် တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

(တစ်)

မြွေတဲ့။ ရိုးရိုးမြွေမဟုတ်။ ခွေနေ သည့်မြွေ။ ဒေါသမဖြစ်သေးလျှင်၌သာ မလှုပ်မယှက် ငြိမ်ငြိမ်က လေး ခွေကာခေါက်ကာ နေတတ် ပေမည့် ဒေါသဖြစ်လာလျှင်မူ ရှူးခနဲ ရှဲခနဲ လှမ်း၍ ကိုက်ခဲကာ မိနစ်ပိုင်းအတွင်း မြွေဆိပ်တက်ကာ အသက်ဆုံးရှုံး သွားစေနိုင်သည့် သတ္တဝါ။ ကြောက်ခမန်းလိလိ သတ္တဝါအမျိုးအစား။

ထို့ကြောင့်ပဲ ထင်ပါ၏။ အလွန်အန္တရာယ်ကြီးသည့် မုန် တိုင်းကို ခွေနေသည့်မြွေဟု အမည် ပေးလိုက်ကြပါ၏။

ဆိုင်ကလုန်းဟူ၍။ ထို Cyclone ဟူသည့်စကားက ဂရိ စကား။ ခွေနေသောမြွေဟူသည့် အဓိပ္ပာယ်။ ၁၈၃၉ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ ကာလ်ကတ္တားမြို့ ရေကြောင်း ဆိုင်ရာ တရားရုံး (Marine Court) က တရားသူကြီးချုပ် ဟင်နရီပီ တင်းဒန် (Henery Piddington) က သမုတ်လိုက်သည့်အမည်။ ခွေ နေသော မြွေ(သို့မဟုတ်)ဆိုင်က လုန်းမုန်တိုင်း။ အိန္ဒိယသမုဒ္ဒရာ၏ မြောက်ဘက်အခြမ်းတွင် ဖြစ်လေ့ ရှိသည့် မုန်တိုင်းများ။

ယခု ၂၀၁၈ ခုနှစ် မေလ ၂ ရက် နေ့မှ နောက်သို့ ဆယ်နှစ်တိတိ ပြန်၍ နောက်ဆုတ်ကြည့်လိုက် လေသောအခါ ခွေနေသော မြွေ က ရုတ်တရက် ပါးပျဉ်းထထောင် ကာ ဆတ်ခနဲ လှမ်းခဲထားလိုက်ပါ လေသည်။

မြန်မာပြည်။

(နှစ်)

သည်တုန်းက ခွေနေသော မြွေ၏အမည်က နာဂစ်တဲ့။ ဆိုင်က လုန်းနာဂစ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန က အိန္ဒိယသမုဒ္ဒရာ၏ မြောက် ဘက်အခြမ်းတွင် ဖြစ်ပေါ်လေ့ရှိ သော မုန်တိုင်းများကို နိုင်ငံအသီး သီးက အလှည့်ကျနာမည်ပေးရန် တောင်းဆိုခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်းတို့က အလှည့်ကျ နာမည်က လေးများပေးခဲ့ကြပါသည်။

ထိုနှစ် ၂၀၀၈ ခုနှစ်အတွက် နာမည်ပေးရန် တာဝန်ကျသည့် နိုင်ငံက ပါကစ္စတန်။ သူက ဒက်ဖိုဒီလ် (Daffodil) ပန်းကို အူရဒူ(Urdu) ဘာသာဖြင့် ခေါ်ဝေါ်သည့် အမည် ပေးလိုက်ပါသည်။ နာဂစ်(Nargis) တဲ့။

၂၀၀၈ ခုနှစ်တွင် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၌ ခွေနေသော မြွေ၏အမည်က နာဂစ်။ ပန်းလှလှကလေးတစ်မျိုး၏ အ မည်။ သို့သော် နာမည်နှင့် မလိုက်ဖက်စွာ ကြမ်းတမ်းရက်စက်လိုက် ခဲ့ပုံတွေက...။

သြော်...ဆယ်နှစ်၊ ဆယ်မိုးရှိခဲ့ပါပြီ။

(သုံး)

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီးအလွန် ဇွန်လထဲ၌ တစ်ရက်တွင် လူတစ်ယောက် မြစ်ဝကျွန်းပေါ်ရှိ တက္ကသိုလ်ကျောင်းတစ် ကျောင်းထဲသို့ ဝင်ရောက်လာပါ သည်။

အသားညိုညို။ လူညစ်ညစ်။ အဝတ်အစားနွမ်းနွမ်း။ ဖိနပ်စုတ် စုတ်ပြတ်ပြတ်။ အရောင်အဆင်း မသဲကွဲတော့သည့် ခရီးဆောင် အိတ်ကလေးတစ်လုံး။ ရုံးခန်းထဲ သို့ ဝင်လာသည့်အခါ အပေါစား အရက်နံ့က ထောင်းခနဲ ပျံ့လွင့် လာပါသည်။ အသက်(၅၀)ခန့် ကျေးတောသားအသွင်အပြင်။

‘‘ကျွန်တော် ဒီတက္ကသိုလ်မှာ ကျွန်တော့်သမီးလေးကိုယ်စား ကျောင်းတက်လို့ ရမလားဗျာ’’

ပြောရင်းဆိုရင်း တိမ်ဝင်သွား သည့် အသံနှင့်အတူ မျက်ရည်တွေ ကို လက်ဖမိုးဖြင့် သုတ်နေသည့် သူက မည်သူကမှ မမေးဘဲ ကျွန်တော် မည်သူ့အဖေပါဟူ၍ ကျောင်းသူတစ်ယောက်၏အမည် ကို ထုတ်ပြောလိုက်လေသည့်အ ခါ ဌာနတစ်ခုလုံး တိတ်ဆိတ်ငြိမ် သက်သွားပါသည်။ ခဏကြာပြီး နောက်တွင်မှ ပြန်၍ အသက်ဝင် လာကြကာ ချော့ကြမော့ကြ အား ပေးစကားဆိုကြ နေရာထိုင်ခင်းပေးကြနှင့် လှုပ်လှုပ်ရှားရှားပြန်ဖြစ် သွားပါသည်။

သြော်...သူက နာဂစ်မုန်တိုင်း အလွန်မှာ တက္ကသိုလ်ကျောင်းထဲ သို့ ပြန်ရောက်မလာနိုင်တော့သော ပထမနှစ် ကျောင်းသူကလေးတစ် ယောက်၏ဖခင်ပေကိုး။

တကယ်တော့ သူတို့က ငပု တောဘက်က။ ဘာကြောင့် နီးစပ် ရာ ပုသိမ်တက္ကသိုလ်မှာ မတက် တာပါလိမ့်ဟု မေးကြည့်မိတော့ ဆင်းရဲ၍။ ငပုတောအပိုင် ရွာက လေးတစ်ရွာ၌ လက်လုပ်လက်စား များဖြစ်ရာ ဆယ်တန်းအောင်သူ သမီးကလေးကို ကျောင်းဆက် ထားနိုင်မည့် ဆွေမျိုးတစ်ဦးရှိရာ ဧရာဝတီတိုင်းအတွင်းက တက္က သိုလ်ရှိရာ မြို့တစ်မြို့သို့ ပို့ထား ပေးခဲ့ခြင်းဖြစ်ပါသည်။ သမီးက နွေကျောင်းပိတ်ရက်များအတွင်း ရွာသို့ ပြန်ခိုက် နာဂစ်နှင့်တွေ့ခြင်း ဖြစ်ပါ၏။

‘‘အဲသည့်ညက ရေက တ ဖြည်းဖြည်းတက်လာတော့ ပလတ်စတစ်ပုံးအလွတ်တွေကို ကြိုးနဲ့ ချည်ပြီး လူနဲ့တွဲနေတာ သမီးက တစ်ပုံး၊ သူ့မောင်လေးက တစ်ပုံး၊ ကျုပ်တို့လင်မယားက တစ်ပုံးစီ၊ ညက တဖြည်းဖြည်းမှောင်လာ၊ ရေထဲမှာ ပုံးကိုယ်စီနဲ့ မနက်လင်း တော့ ဘယ်သူမှ မရှိတော့ဘူး။ ကျုပ်တစ်ယောက်တည်း’’

မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာသည့်သူ့ကို ဆရာ၊ ဆရာ မများက ရတတ်သရွေ့သော ငွေကြေးကလေးများ စုစည်းကာ မေတ္တာဖြင့် ပေးပါသည်။ စိတ် သက်သာစရာ စကားများဖြင့် လည်း ဖြေသိမ့်ရပါသည်။ သူက သူ့သမီးတက်သွားသည့် တက္က သိုလ်ကျောင်းကို အမှတ်တရ လာ ရောက်ကြည့်ရှုခြင်း။

နာဂစ်မုန်တိုင်းအလွန်။

(လေး)

ဘိုကလေးမြို့နယ်အတွင်း က ရွာကလေးတစ်ရွာသို့ ရောက် သွားသည့်အခါ သူ့လက်စွပ်က လေးကို သူ ငုံ့ငုံ့၍ ပွတ်ကြည့်နေသူ လူရွယ်တစ်ယောက်နှင့် ဆုံပါ သည်။

‘‘အဖေက အလောင်းတော့ ပြန်မရဘူးဗျာ။ လက်စွပ်တော့ ပြန် ရတယ်’’

အရပ်တစ်ပါးသို့ ရောက်ရှိ နေခဲ့သူ သားက နာဂစ်အပြီး ရွာ သို့ ပြန်လာသည့်အခါ သူ့အဖေ မရှိတော့။ ရေပေါ်တွင် ကားကား ကြီးပေါ်နေသည့် အဖေ့အလောင်း က လက်စွပ်ကို လူတစ်ယောက်က ချွတ်ယူသွားသည့်အကြောင်း သ တင်းသဲ့သဲ့ကို ခြေရာခံကာ သူ လိုက်သွားတော့ မကြာမီတွင် အရိုး ကျတော့မည့်အလောင်းမှ လက်စွပ်ချွတ်ယူသွားသူထံ၌ တန်ရာတန်ကြေးပေးကာ အဖေ့လက်စွပ် ကလေးကို သူပြန်ရပါသည်။

နာဂစ်မုန်တိုင်းအလွန်။

(ငါး)

တွံတေးမြို့အဝင် ရွှေဆံ တော်ဘုရား မလှမ်းမကမ်းရှိ ဘုန်း တော်ကြီးသင် ပရဟိတကျောင်း ကလေးတစ်ကျောင်း၌ ဘယ်တော့ မှ မရယ်တော့သော အထက်တန်း ကျောင်းသားကလေးတစ်ဦးနှင့် ဆုံပါသည်။ အဖေရော အမေပါ မုန်တိုင်းထဲမှာ ပါသွားသည့် ကလေး။ လပွတ္တာဘက်ရှိ ရွာတစ် ရွာက။

ဘာမှ အားမငယ်ဖို့ အားပေး စကားပြောသည့်အခါ မတုန်မ လှုပ်။ ဤသို့ အားပေးစကားပြော ကာ ဘယ်တော့မှ ပြန်မလာတော့ သော သူတွေ သူဘယ်နှယောက် ဖြတ်သန်းပြီးခဲ့ပြီလဲမသိ။

(ခြောက်)

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွန်းကို တစ်နာရီမိုင် ၅၀၊ ၆၀ ဝန်းကျင်ဖြင့် ဖြတ်သန်းသွားခဲ့ပြီး မိုင် ၁၃၀ ဝန်းကျင်အထိ တိုးမြှင့်တိုက်ခတ်ကာ ကျွဲ၊ နွားကောင်ရေပေါင်း သုံးသိန်းဝန်း ကျင်၊ လူပေါင်းတစ်သိန်းခွဲဝန်း ကျင် သေဆုံးခဲ့ကြရကာ လယ်ဧကပေါင်း တစ်သန်းကျော် ရေငန်လွှမ်း၊ ငါး၊ ပုစွန် မွေးမြူရေး နယ်မြေဧကပေါင်း လေးသောင်းနီးပါး ရေမြုပ်၊ အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်းကြီးက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ကို ချိုး ဖျက်ထုထောင်း ခြေမွှပစ်ခဲ့ပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့ကြီး(FAO)က သစ် တောရေးရာပညာရှင် ဂျန်ဟိုင်နို ကတော့ ဒီရေတောများမရှိတော့ သဖြင့် ဤမျှအထိ ပြင်းပြင်းထန် ထန်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆို ပါသည်။

သစ်ပင်များကို ခုတ်ကာ လယ်လုပ်ကြ၊ ငါးမွေးကြ၊ ပုစွန် မွေးကြ စသည်တို့ကြောင့် ၁၉၇၅ ခုနှစ်ခန့်က ဧကနှစ်သိန်းခွဲခန့် ရှိခဲ့သော ဒီရေတောများသည် နာဂစ်ကာလက တစ်ဝက်သာ ရှိတော့ သည်ဟု ဆိုပါသည်။

ဘုရားကျောင်းကန် တန် ဆောင်းပြာသာဒ်တို့နှင့်အတူ ဘဝ တွေပါ အပိုင်းပိုင်းအတစ်တစ် ပြတ်ကျခဲ့ကြရသည့် လွန်ခဲ့သော ဆယ် နှစ်က မုန်တိုင်းထဲ၌ ပြည်သူလူထု တို့ တစ်ဦးကိုတစ်ဦး ကယ်ဖို့ရာ ပြေးလွှားနေကြသော မြင်ကွင်းက လည်း ယနေ့တိုင် မမေ့နိုင်ကြသေး ပါ။

သြော်...မည်သို့များ ဆက်၍ အသက်ရှင်ကြရပါ့မလဲဟု မျက် ကလဲဆန်ပျာ ဖြစ်နေရရှာသည့် ကြားထဲက ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေဆိုသည်ကြီးကို မိုးထဲ လေထဲ မုန်တိုင်းထဲ၌ သွား၍ မဲပေး ခဲ့ကြရပုံများကိုလည်း မမေ့နိုင်စရာများပင်မဟုတ်ပါလား။       ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများရေးသားနေသူဖြစ် သည်)