နာဂစ်ပေးသော သင်ခန်းစာ

ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုတွင် တည်ဆောက်ထားသော မုန်တိုင်းဒဏ်ခံအဆောက်အအုံတစ်ခု (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မြန်မာ့သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံးနှင့် ကမ္ဘာ့ သမိုင်းတွင် အဆိုးရွားဆုံးအဆင့် (၈)စာရင်းချိတ်ခဲ့သော နာဂစ်မုန် တိုင်းကြီးမြန်မာနိုင်ငံကို ဦးတည် တိုက်ခတ်ခဲ့သည်မှာ ယနေ့(၂၀၁၈ မေလ ၂ ရက်)ဆိုလျှင် (၁၀) နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။တစ် နာရီလေတိုက်နှုန်းမိုင် ၁၅၀ ခန့်နှင့် မုန်တိုင်းဧရိယာမိုင် ၁၀၀ ခန့်ကြီး မားသော ဧရာမမုန်တိုင်းကြီးသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန် ကုန်တိုင်းဒေသကြီးမြို့နယ် ၄၀ ထက်မနည်းကို နာရီပေါင်းများစွာ ကြာ ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့ သည်။ ပင်လယ်ကမ်းရိုးတန်းဒေသ များတွင် မုန်တိုင်းဒီရေ ၂၂ ပေအ ထိမြင့်တက်လာကာ ကုန်းမြေပေါ် ရှိ လူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ မုန်တိုင်းက စစ်အစိုးရ လက်ထက်အကျပ်ရိုက်နေသော မြန်မာကို ကံဆိုးမိုးမှောင်ကျစေခဲ့သည်။

နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့ သည်မှာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အစိုးရသုံးဆက်ပြောင်းခဲ့ပြီဖြစ် သည်။ သို့သော် မြန်မာလူထုကိုနာ ဂစ်ကပေးသောဒဏ်ရာဒဏ်ချက် များက အကင်းမသေသေးပေ။ လူထုက ကျောကော့ခံနေရဆဲဖြစ် သလို အစိုးရအဆက်ဆက်က လည်း ဆေးတိုးအောင်နည်းမျိုးစုံ ဖြင့် ကုသနေရဆဲဖြစ်ပါသည်။

‘‘လေသံ၊ မိုးသံကြားတာနဲ့ ကြောက်နေပြီ။ လေတိုက်လာတာ နဲ့ အလိုလိုငိုမိတယ်’’

နာဂစ်မုန်တိုင်းဒဏ်ကြုံတွေ့ ခဲ့သည်မှာ လွန်ခဲ့သော ၁၀ နှစ်က ဖြစ်သော်လည်း အတိတ်ဆိုး၏ ခြောက်လှန့်ခြင်းခံနေရဆဲအခြေ အနေကို ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာမှ ဒေါ် တူးတူးကဧပြီ ၂၈ ရက်တွင် ပြော သည်။ နာဂစ်မုန်တိုင်းကြောင့် ဒေါ် တူးတူး၏ခင်ပွန်းနှင့်သားသေဆုံးခဲ့ပြီး တစ်ဦးတည်းကျန်ရစ်ခဲ့သူဒေါ် တူးတူးအတွက် နာဂစ်ကမနေ့တစ် နေ့ကလိုပင်။ နာဂစ်မုန်တိုင်းအ ကြောင်း စကားစမိသည်နှင့် မျက် ရည်များတသွင်သွင် စီးကျလာ သည်။

မုန်တိုင်းကာလအလွန် သား ကွဲ၊ မယားကွဲဘ၀များ၊ မိဘမဲ့ ကလေးများ၊ သားပျောက်မိခင် များ၏ အပူမီးများက ၁၀ နှစ်ပြည့် သည့်တိုင် နာကျင်နေဆဲဖြစ်သည်။ နာဂစ်မုန်တိုင်းအရှိန်ကြောင့် ဖြစ် ပေါ်လာသည့်ပင်လယ်လှိုင်းလုံး ရိုက်ခတ်ကာ လုံးဝပျောက်ဆုံး သွားသောကျေးရွာ ၂၀၆ ရွာရှိ သည်ဟု အစိုးရကသတင်းထုတ် ပြန်ခဲ့သည်။ နာဂစ်ဘေးအလွန်ပြန် လည်ထူထောင်ရေးကာလတွင် ကျေးရွာနေရာအစား ပြန်မရသေး ခြင်း၊ အစိုးရကချထားပေးသော နေရာများသည် လုပ်ကိုင်စား သောက်ရန် အဆင်မပြေသေး ခြင်း၊ ဆုံးရှုံးသွားသောရေလုပ် ငန်းများပြန်လည်နာလန်မထူနိုင် သေးခြင်းတို့က နာဂစ်ဒဏ်သင့်ဒေ သအများစုတွင် ယနေ့အချိန်အ ထိ သက်ဆိုးရှည်နေဆဲဖြစ်သည်။

နွေဦးတွင်ပွင့်သော၊ လှပ သော အ၀ါရောင်ပန်းဟုအဓိပ္ပာယ် ရသည့် Nargis အမည်ကို မြစ်ဝ ကျွန်းပေါ်ဒေသတွင် နာနာကစ်မုန် တိုင်းဟုသာ ယနေ့အချိန်ထိ ခေါ် ဝေါ်နေကြခြင်းက ဘေးသင့်ခဲ့သူ ကာယကံရှင်များ၏ နာကျင်မှုကို မြင်သာစေသည်။

အစိုးရထုတ်ပြန်ချက်စာရင်း အရ သေဆုံးသူတစ်သိန်းလေး သောင်းခန့်နှင့် ရွာလုံးကျွတ် ပျောက်ဆုံးသော ကျေးရွာများအ များအပြားရှိခဲ့ရာ နာဂစ်မုန်တိုင်း ကို ရင်ဆိုင်ခဲ့ရပြီးအသက်မသေ ဘဲ ကျန်ရစ်သူတစ်ဦးချင်းစီတွင် ဒေါ်တူးတူးကဲ့သို့နာကျင်စရာအ တိတ်များ ယနေ့တိုင်ရှိနေသေး သည်။ ယင်းအတွက် အစိုးရက လည်း နာဂစ်အလွန်ပြန်လည် ထူထောင်ရေးကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေရဆဲဖြစ်သည်။ ဘေးဒဏ်သင့်သူများလည်း မုန် တိုင်းဒဏ်မကြုံတွေ့ရမီ အခြေ အနေသို့ပြန်မရောက်နိုင်တော့ဘဲ လူမှုဘ၀များ နိမ့်ကျနေဆဲဖြစ် သည်။ ကြီးမားသောသဘာဝဘေး ဖြစ်ခဲ့၍ အဆုံးသတ်ရန်ခဲယဉ်း သည့် ပြန်လည်ထူထောင်ရေး ကဏ္ဍပီပြင်စေရန်၊ ဘေးဒဏ်ကြံ့ ကြံ့ခံနိုင်ရေး ဦးစားပေးဆောင် ရွက်ရန် ရွေးကောက်ခံအရပ်သား အစိုးရက ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံ၏သဘာဝဘေး ကဏ္ဍကို အဓိကကိုင်တွယ်ဖြေရှင်း ရသော လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နာ ဂစ်မုန်တိုင်းတိုက်ခတ်သည့်ကာ လများက အထူးကုဆရာဝန်ဖြစ်ခဲ့ ပြီး နာဂစ်ဘေးသင့်ဒေသများတွင် ဆေးကုသပေးခဲ့ဖူးသည်။ နာဂစ် ကာလအတွင်း ၎င်းအတွက်အ မှတ်ရဆုံးဖြစ်ရပ်သည် ဘေးဒဏ် သင့်သူများ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရင်ဆိုင်နေရသည်ကို နိစ္စဓူဝ မြင်တွေ့ခဲ့ရသည်ဟု ဖွင့်ဟသည်။


နာဂစ်မုန်တိုင်းသင့်ဒေသရှိ မိသားစုတစ်စု  (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

‘ပြန်လည်ထူထောင်ရေး ဘယ်တော့ပြီးမလဲဆို ဘယ်တော့ မှမပြီးပါဘူး။ ဒါကြောင့်ကျွန်တော် တို့က နာဂစ်အလွန်ပြန်လည်ထူ ထောင်ရေးမှသည် ဘေးဒဏ်ရင် ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် ပြည်သူ လူထုဖြစ်လာရေးဆီသို့’ ဆိုတဲ့ စီမံ ချက်နဲ့ အကောင်အထည်ဖော် တယ်။ ကျွန်တော်တို့ရဲ့ရည်မှန်း ချက်ကလည်း ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေးဖြစ်ပါတယ်’’ ဟု ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက် တာကိုကိုနိုင်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်နေသော အရပ်သားအစိုးရ က နာဂစ်ဒဏ်သင့်ဒေသများ ပြန် လည်ထူထောင်ရေး အစိုးရအနေ ဖြင့် ၁၀နှစ်ကြာပြီဖြစ်သည့် ယ နေ့အချိန်အထိ လိုအပ်ချက်များရှိ နေသေးကြောင်း၊ လက်တွေ့ကျ သောအခြေအနေကို လက်ခံ သော်လည်း စစ်အစိုးရလက်ထက်  ကမှု ဘေးဒဏ်သင့်သူများ အချိန် တိုအတွင်း အဆင်ပြေခဲ့ကြောင်း ယင်းကာလ နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့သည်။

စစ်အစိုးရလက်ထက် ၂၀၀၉ တွင်ထုတ်ဝေသော မြန်မာ့စွယ်စုံ ကျမ်းနှစ်ချုပ်တွင်စစ်အစိုးရ အနေ ဖြင့်နာဂစ်မုန်တိုင်း ဘေးဒဏ်သင့် ဒေသများ ပြန်လည်ထူထောင် ရေးလုပ်ဆောင်ခဲ့ကြောင်း ဝေေ၀ ဆာဆာဖော်ပြခဲ့သည်။ မုန်တိုင်း ဒဏ်ရင်ဆိုင်သော ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ရွှေဆံ တော်ရပ်ကွက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ မုန်တိုင်းဒဏ် ရင်ဆိုင်ရပြီး ၁၂ရက်အကြာမေလ  ၁၅ရက်တွင် နာဂစ်မတိုင်မီက သာယာအေးချမ်းသော ဘ၀မျိုးသို့ ပြန်လည်ရောက်ရှိသည်အထိ ကူ ညီဆောင်ရွက်ပေးခဲ့သည်ဟု ဖော် ပြခဲ့သည်။ လူသိန်းချီသေဆုံးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၁ ထရီလီ ယံကျော်ခဲ့သည်ဟု စစ်တမ်းများ က ဆိုသည့် သဘာဝဘေးကြီးသည် စစ်အစိုးရလက်ထက်နိုင်ငံပိုင်သ တင်းစာများတွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေမှုကြမ်းအတည်ပြုနိုင်ရေး  ဆောင်ရွက်ချက်လောက် ရေပန်း  မစားခဲ့ပေ။ မုန်တိုင်းဒဏ်ရင်ဆိုင်  ရပြီးရှစ်ရက်အကြာမေလ ၁၁ရက် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူ ကြမ်းအတည်ပြုရေး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။  ယင်းနေ့ထုတ် မြန်မာ့အလင်းသ တင်းစာမျက်နှာဖုံးတွင် ယခုအခါ  အငြိမ်းစားယူခဲ့သော ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် ဇနီးဖြစ်သူ ဒေါ် ကြိုင်ကြိုင်တို့က ဆန္ဒမဲပေးနေ သည့် ဓာတ်ပုံနှစ်ပုံက နေရာယူ ထားသည်။

မိုးလေ၀သပညာရှင်အဖြစ်  လူသိများပြီး နာဂစ်မုန်တိုင်းတိုက် ခတ်ခဲ့သော ကာလက မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်  ဒေါက်တာ ထွန်းလွင်က နာဂစ်သည် မေ့ပစ် စရာအတိတ်မဟုတ်ဘဲ သဘာဝ ဘေးကယ်ဆယ်ရေးအတွက် သင် ခန်းစာယူရမည်ဟု အစိုးရနှင့် လူ ထုအားတိုက်တွန်းသည်။

နာဂစ်မုန်တိုင်းကို သင်ခန်း စာယူ၍ မြင်သာစွာပြင်ဆင်ခဲ့သော အရာများတွင် မုန်တိုင်းဒဏ်ခံ အ ဆောက်အအုံများ ဆောက်လုပ် ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာရန် ဆောင်ရွက် ခြင်း စသည်တို့ကို ပြရမည်ဖြစ် သည်။

၂၀၁၈ အတွင်း မြန်မာနိုင်ငံ ဒေသအနှံ့၌ မုန်တိုင်းဒဏ်ခံအ ဆောက်အအုံ ၈၆ လုံးတည် ဆောက်မည်ဖြစ်ပြီး မုန်တိုင်းဝင် နိုင်ခြေအမြင့်ဆုံးဖြစ်သော ဧရာ ၀တီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံးနှင့် ချင်းပြည်နယ်တွင် နှစ်လုံး၊ ရှမ်း ပြည်နယ်တွင် တစ်လုံးတည် ဆောက်မည်ဟု ပြည်ထောင်စုဝန် ကြီးက ပြောကြားသည်။ ဧရာဝတီ တိုင်းဒေသကြီးတွင် တည်ဆောက် မည့် ၅၇ လုံးအတွက်ပြီးခဲ့သည့် မတ်လအတွင်း တင်ဒါခေါ်ခဲ့ရာ ၁၇ လုံးသာအောင်မြင်ခဲ့သည်။ ကျန် ၄၀ လုံးအတွက်စိစစ်မှုများ ပြုလုပ်ကာ တင်ဒါထပ်မံခေါ်ယူ မည်ဟု ပြောကြားသည်။ အစိုးရ ၏ ရည်ရွယ်ချက်မှာ သဘာဝဘေး အန္တရာယ်ကျရောက်လေ့ရှိသော ဒေသများတွင် မုန်တိုင်းဒဏ်ခံအ ဆောက်အအုံ ၂၀၀ ခန့်ထပ်မံ တည်ဆောက်ရန် ရည်ရွယ်ထား သည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းနောက်ပိုင်း ကာလများတွင် ဧရာဝတီတိုင်းဒေ သကြီးအတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၀ ကျော် ဆောက်လုပ်ခဲ့သည်ဟု ဧရာဝတီ တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး မှူးဦးသန်းစိုးကပြောသည်။

‘‘နာဂစ်လိုမုန်တိုင်းမျိုးက ဒီ တစ်သက် ဒီတစ်ခါဆိုရင်တော့ ထားတော့။ ယနေ့ခေတ်လို ရာသီ ဥတုတွေဖောက်ပြန်နေတဲ့ ကာလ ကြီးမှာ နောင်ကာလမှာ နာဂစ် တွေထပ်မလာဘူးလို့ ဘယ်ပညာ ရှင်ကမှ တာဝန်မယူနိုင်ကြပါဘူး။  အဲဒီလိုလာခဲ့ရင်လည်း ဒီလိုပဲ လည်စင်းခံကြရဦးမှာလား’’ ဟု ဒေါက်တာထွန်းလွင်က မေးခွန်း ထုတ်သည်။

လွန်ခဲ့သော ၁၀ နှစ် နာဂစ်  မုန်တိုင်းအတွေ့အကြုံက မိုးဇလ ဌာန၏အသက်(၇၀) ကျော်အရွယ်  ညွှန်ကြားရေးမှူချုပ်အငြိမ်းစား ပုဂ္ဂိုလ်ကြီးအတွက် ယနေ့အထိ စိတ်မသက်မသာ ဖြစ်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ ရာသီဥတုဖော် ပြန်မှုညွှန်းကိန်းနှင့် သဘာဝဘေး ကျရောက်နိုင်ခြေညွှန်းကိန်းမြင့် မားနေသော မြန်မာနိုင်ငံအတွက် အစိုးရ၊ လူထု၊ ပညာရှင်နှင့် အရပ် ဘက်အဖွဲ့အစည်းများ၏ အားဖြင့် သဘာဝဘေးကြိုတင်ကာကွယ် ရေးလုပ်ဆောင်ရမည်ဖြစ်ကာ နာ ဂစ်အတိတ်ဆိုးမှ ရုန်းထွက်ရမည် ဟု ၎င်းကပြောသည်။

‘‘နာဂစ်ကသင်ခန်းစာတွေကို ယူပြီးပြုပြင်စရာတွေ၊ ပြောင်းလဲ စရာတွေ၊ ဖြည့်ဆည်းစရာတွေ ကြိုးစားလုပ်ဆောင်ကြရဦးမယ်။  ဒါမှလည်းမြန်မာနိုင်ငံ အဓွန့်ရှည် ကြာပြီး ဆက်လက်ရှင်သန်နိုင်ပေ လိမ့်မယ်’’