တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာမေးခွန်းပုံစံသစ်တွင် စာစီစာကုံးပေးမှတ် လျှော့ချပြီး အဆိုဆွေးနွေးခြင်းမေးခွန်းသစ် ထည့်သွင်း

ယခုနှစ် မတ်လတွင် ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သော ကျောင်းသူ၊ ကျောင်းသားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

 လာမည့် တက္ကသိုလ်ဝင် စာမေးပွဲမှ စတင်အသုံးပြုမည့် စာ မေးပွဲမေးခွန်းပုံစံသစ်တွင် စာစီ စာကုံးအတွက် ယခင်ပေးမှတ် ၂၀ မှ ၁၀ မှတ်သို့ လျှော့ချပြီး အဆို ဆွေးနွေးခြင်းဆိုင်ရာ ၁၀ မှတ်တန် မေးခွန်းသစ် ထည့်သွင်းထား သည်။

မြန်မာစာ မေးခွန်းပုံစံသစ် နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ရာများကို မေးခွန်းပုံစံသစ်ရေးဆွဲ ရာတွင် ပါဝင်သူ ရန်ကုန်တက္က သိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး)ဒေါက်တာအောင်မြင့်ဦး က ကြေးမုံ၊ မြန်မာ့အလင်းသတင်း စာတို့တွင် မေလ ၂ ရက်က ရေး သားဖော်ပြခဲ့သည်။


ထိုဖော်ပြချက်အရ မြန်မာ စာမေးခွန်းတွင် အဓိကအချက် လေးချက်ပြောင်းလဲထားသည်ကို တွေ့ရကြောင်း မြန်မာစာဆရာ များက သုံးသပ်သည်။

စာစီစာကုံးပေးမှတ်လျှော့ချ၊ ပုံ ကြမ်းအချက်အလက် တစ်ခုချင်း အလိုက် အမှတ်ပေး

မြန်မာစာမေးခွန်းသစ်တွင် စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့ ပြောင်းလဲ သတ်မှတ်သည့်အပြင် ပုံကြမ်း အချက်အလက် (Outline) ငါးခု ပေးထားပြီး အချက်တစ်ချက် နှစ်မှတ်နှုန်းဖြင့် ဖြေဆိုရမည်ဖြစ် သည်။

‘‘အရင်တုန်းက စာစီစာကုံး ကို အမှတ် ၂၀ ပေးတယ်။ ကလေး တွေက စာကျက်စရာမလိုဘဲ ပေး ထားတဲ့ အချက်အလက်ကို ကြည့် ပြီး သူတို့ရဲ့စိတ်ကူးစိတ်သန်းကို ရေးဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ကြာလာတော့ စာစီစာကုံးခေါင်း စဉ်တွေက ခန့်မှန်းလို့ရလာတယ်။ ကြိုရေးထားပြီး အလွတ်ကျက် လာတဲ့အခါကျတော့ ကလေးတွေ ရဲ့ တွေးခေါ်စဉ်းစားမှုမရှိတော့ ဘူး။ အခုပြင်လိုက်တဲ့ ပုံစံမှာဆို စာစီစာကုံးကို သူရေးချင်သလို ရေးလို့မရတော့ဘူး။ အချက်ငါး ချက်ပေးထားမယ်ဆိုရင် ပေးထား တဲ့ အချက်ပေါ်မှာ သူရေးရမယ်။ ဒီအချက်ငါးချက်မပါရင် သူအ မှတ်မရနိုင်တော့ဘူး။ ဒီအချက် ပေါ်မှာ သူတွေးခေါ်စဉ်းစားပြီး ရေးရမှာ’’ဟု ဒေါက်တာအောင်မြင့်ဦးကဆိုသည်။

အဆိုဆွေးနွေးခြင်းမေးခွန်းပုံစံသစ်ထည့်သွင်း

ပေးထားသော အဆိုတစ်ရပ်ကို ကျောင်းသား၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေးအခေါ်ဖြင့် ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ အကျိုးသင့်၊ အကြောင်းသင့် ဆွေးနွေးတင်ပြရ မည့် မေးခွန်းပုံစံဖြစ်သည်။ ‘ရေဒီယိုနားထောင်ခြင်းသည် သတင်းစာဖတ်ခြင်းထက် ပို၍အကျိုးရှိ သည်’ ဟူသော အဆိုကို ကျောင်းသားက မိမိအမြင်အတိုင်း၊ ထင်မြင်ယူဆချက်အတိုင်း ဆွေးနွေး ရေးသားရမည်ဖြစ်သည်။

‘‘ကလေးတွေရဲ့ ကျက်မှတ် မှုထက်ကို ကိုယ်ပိုင်အတွေးအခေါ် ကို တင်ပြနိုင်အောင် ဒါကို ထည့်လိုက်တာ။ စာကျက်စရာမလိုဘူး။ ဒီစာကြောင်းကို တွေ့လိုက်ရင် သူတို့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့ လက်တန်းဖြေနိုင်တဲ့ မေးခွန်း မျိုးပါ’’ဟု ဒေါက်တာအောင်မြင့် ဦးကဆိုသည်။

‘‘အရင်တုန်းက ကလေးတွေ ကို စာဖတ်ပါလို့ တိုက်တွန်းတာ ပဲရှိတာ။ အခုက စာဖတ်ထားမှ တကယ်ဖြေနိုင်မယ့် မေးခွန်းတွေဖြစ်လာတော့ တကယ်ကောင်းပါတယ်။ အရင် စာဖတ်တဲ့ကလေး က အခက်အခဲမရှိပေမယ့် မဖတ်တဲ့ ကလေးက ခက်ခဲနိုင်တယ်။ ဒီအဆိုဆွေးနွေးခြင်း မေးခွန်းက အခု ကလေးတွေနဲ့ မရင်းနှီးသေး တာတော့ရှိတယ်’’ဟု မိတ္ထီလာမြို့မှ မြန်မာစာသင်ကြားရေးဆရာ ဦးမြတ်ခိုင်ကပြောသည်။

‘ဝါကျဖွဲ့ပါ’ မေးခွန်းအစား စာလုံးပေါင်း အမှား၊ အမှန်ရွေးချယ် သည့် မေးခွန်းသစ်ထည့်သွင်း

ယခင်မေးခွန်းဟောင်း၌ မေးမြန်းနေကျ ‘ဝါကျဖွဲ့ပါ’ မေးခွန်းမပါဝင်တော့ဘဲ ယင်းအစား ပြဋ္ဌာန်းစာပါ ဝေါဟာရများကို စာလုံးပေါင်းအမှား၊ အမှန်ရွေး ချယ်ရသည့် မေးခွန်းသစ် ထည့် သွင်းမည်ဖြစ်သည်။

 ‘‘စာလုံးပေါင်းသတ်ပုံမှား တာက လက်ရှိလိုအပ်ချက်လည်း ဖြစ်နေတယ်။ စာမေးပွဲမေးခွန်းတွေမှာလည်း ဒါကို တစ်ခါမှ မမေးဖူးတော့ ကဏ္ဍတစ်ခုအနေနဲ့ ထည့် ပေးလိုက်တာ’’ဟု ဒေါက်တာ အောင်မြင့်ဦးက ဆိုသည်။

ထို့အပြင် မြန်မာသဒ္ဒါအရေး အသားဆိုင်ရာ မေးခွန်းများတွင် ဝါကျဖွဲ့နည်းကို တစ်ပါတည်း ထည့်သွင်း မေးမြန်းထားသဖြင့် ဝါကျဖွဲ့ခြင်းကို မေးခွန်းသက် သက်မမေးတော့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

‘‘မြန်မာစာရဲ့အသက်က စာ လုံးပေါင်းသတ်ပုံ ဖြစ်တဲ့အတွက် ဒီမေးခွန်းလေး ပါလာတာတော့ ကောင်းတယ်ဆိုရမှာပါ။ ဝါကျဖွဲ့ ဖြုတ်တာတော့ ကျွန်တော်တစ်ဦး တည်း သဘောအရဆိုရင်တော့ သဘောမကျဘူး။ ဝါကျတွေကို ပိုင်ပိုင်နိုင်နိုင် ဖွဲ့တတ်တဲ့ ကလေး က ရှားတယ်။ ဒါကို ဖြုတ်လိုက်တာ က စာရေးသားတဲ့အခါ အားအင် တွေ လျော့သွားမယ်လို့ ထင် တယ်’’ဟု ဂုဏ်ထူးဦးသိန်းနိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မြန်မာစာဆရာ ဦးကျော်သူက မှတ်ချက်ပြုသည်။

ရွေးချယ်စရာ ပုဒ်ရေများ လျှော့ချ

 စာစီစာကုံးမေးခွန်းတွင် ယခင်က သုံးပုဒ်ပေး၊ တစ်ပုဒ်ဖြေ စနစ်ဖြစ်သော်လည်း မေးခွန်းပုံစံ သစ်တွင် နှစ်ပုဒ်ပေးထားသည့်အ နက် တစ်ပုဒ်ရွေးချယ်ဖြေဆိုရမည် ဖြစ်သည်။

မြန်မာသဒ္ဒါဆိုင်ရာ မေးခွန်း များ၊ စကားပြေ၊ ကဗျာနှင့် ရေ သည်ပြဇာတ် သင်ခန်းစာများနှင့် ဆက်စပ်မေးခွန်းများကို မေးခွန်း ဟောင်းထက် ရွေးချယ်စရာပုဒ်ရေ နှစ်ပုဒ်စီ လျှော့ချထားသည်။

‘‘ပုဒ်ရေအများကြီး ရွေးစရာ ရှိတော့ ပေါ့ပေါ့ဆဆ ဖြစ်နိုင် တယ်။ သင်ခန်းစာတွေကို နှံ့နှံ့ စပ်စပ် လေ့လာမှုမှာ ထိခိုက်နိုင် တယ်။ အဲဒါကြောင့် နည်းနည်း လျှော့လိုက်တာပါ။ လျှော့တယ် ဆိုပေမယ့် ပုဒ်ရေအများကြီးကျန် သေးတယ်။ သူတို့အတွက် မနစ် နာနိုင်မယ့် အရေအတွက်လောက် အထိပဲ စဉ်းစားပြီး လျှော့လိုက် တာပါ’’ဟု ဒေါက်တာအောင်မြင့် ဦးက ရှင်းပြသည်။

ပုဒ်ရေရွေးချယ်မှု လျှော့ချ ထားသည့်အပြင် မေးခွန်းပုံစံသစ်  စတင်ဖြေဆိုရမည်ဖြစ်၍ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် သင်ခန်းစာများကို သင်ရိုးကုန် လေ့လာထားသင့်ကြောင်း မြန်မာ စာဆရာများက အကြံပြုသည်။

မြန်မာစာ မေးခွန်းပုံစံသစ် ကို တက္ကသိုလ်များမှ မြန်မာစာ ပါမောက္ခများ၊ ပညာရှင်များက ၂ နှစ်ခန့် အချိန်ယူပြင်ဆင်ပြီး KG+12 စနစ်သစ် သင်ရိုးညွှန်း တမ်းအားလုံး မပြောင်းနိုင်မီအထိ အသုံးပြုရန် ရည်ရွယ်ထားကြောင်း ဒေါက်တာအောင်မြင့်ဦး ကဆိုသည်။