လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေရာကွက်မိုးကြီးခြင်းနှင့် လေပြင်းအန္တရာယ်ဆက်လက်သတိပေး

ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ယနေ့အားပျော့ပျက်ပြယ်နိုင်သော်လည်း နေရာကွက်မိုးကြီးခြင်းနှင့် လေပြင်းအန္တရာယ်ဆက်လက်သတိပြုနေထိုင်ရန် ဒေါက်တာ ထွန်းလွင်က တိုက်တွန်းသည်။

လေဖိအားနည်းရပ်ဝန်း သည် မေလ ၁ ရက်နေ့လယ်တွင်  အားအနည်းငယ်လျော့ကျပြီး ညဘက်၌ အားပြန်ကောင်းလာကာယင်းအရှိန်ကြောင့် ဖြစ်လာသော တိမ်စိုင်ထုသည် မွန်ပြည်နယ်တွင် ရောက်နေကြောင်း ၎င်းက ရှင်းပြသည်။ မေလ ၂ ရက်တွင်မူ အနည်းငယ်အားပြန်လျော့ခဲ့သည်။

‘‘မုန်တိုင်းဖြစ်လာဖို့တော့ မရှိဘူး။ အားကလျော့သွားလိုက် ပြန် ကောင်းလာလိုက်နဲ့ ဖြစ်နေတယ်။ လက်ရှိအခြေအနေအရတော့ မေလ ၃ ရက်မှာ အားလျော့ပျက် ပြယ်သွားမယ်လို့ ခန့်မှန်းထား တယ်။ စောင့်တော့ကြည့်ရဦး မယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

လေဖိအားနည်းရပ်ဝန်း သည် မုတ္တမကွေ့အနီး ရောက်ရှိနေပြီး ကုန်းတွင်းသို့ ၀င်ရောက် ပျက်ပြယ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂ ရက် ညနေ ၄ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။ မုန်တိုင်းငယ်ဖြစ်လာနိုင်သည်ဆိုသော ခန့်မှန်းချက်ကို မိုးဇလဌာနက ရုပ်သိမ်းခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်သာ သတင်းထုတ်ပြန်သည်။

မေလ ၃ ရက် (ယနေ့)အ တွက် ရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့တွင် နေရာ ကွက်မိုးရွာနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့၌ မိုးသက် လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း သတိပေးထားသည်။ မေလ ၂ ရက်က မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် နေရာကွက်၍ မိုးကောင်းခဲ့သည်။