နှင်းဝတ်ရည်သောင်းနှင့် တွေ့ဆုံခြင်း

‘‘အစ်မကတော့ ခံစားချက်ကို ဦးစားပေးတယ်။ ပေါက်စီ(အေးဝတ်ရည်သောင်း)ကတော့ Creation ကို ဦးစားပေးတယ်’’
ဓာတ်ပုံ-စိုင်းဇော်

၁၉၉၆ ကစတင်ကာ အနုပညာလှုပ်ရှားမှုများ စတင်ခဲ့သည့် မော်ဒယ်သရုပ်ဆောင် နှင်းဝတ်ရည်သောင်းသည် ဗီဒီယိုဇာတ်ကား ၂၀၀ ကျော်၊ ရုပ်ရှင်ဇာတ်ကား ခုနစ်ကား၊ ဗီစီဒီအပုဒ်ပေါင်းများစွာနှင့် ကြော်ငြာ ၁၂ခု ရိုက်ကူးခဲ့သည်။ အနုပညာအလုပ်များလုပ်ကိုင်နေစဉ် ၂၀၀၈ တွင် လန်ဒန်သို့ သွားကာ ဖက်ရှင်နှင့် ဒီဇိုင်းသင်တန်းကျောင်းတက်ရောက်ပြီး ၁၀ နှစ်အကြာ၌ မြန်မာနိုင်ငံသို့ အလည်တစ်ခေါက် တစ်လကြာပြန်လာခဲ့သည်။ ပြန်လာ စဉ်တွင် မိသားစုကို အဓိကအချိန်ပေးဖြစ်ပြီး ၎င်းကို ယနေ့ထိ မမေ့သေးသည့် ပရိသတ်များအတွက် ဓာတ်ပုံများ၊ အင်တာဗျူးများဖြေဆိုကာ အလွမ်း ပြေစေခဲ့သည်။ လန်ဒန်တွင် ဖြတ်သန်းခဲ့သည့် ၁၀ နှစ်တာကာလတွင် အိမ်ထောင်ကျပြီး ဖြတ်သန်းခဲ့ရသည့် ဘ၀အတွေ့အကြုံ၊ အမှတ်တရများ၊ အခက်အခဲများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ရန်ကုန်ကနေ ဘယ်နှစ်ခုနှစ်လောက်မှာ လန်ဒန်ကို ထွက်သွားခဲ့တာလဲ။

၂၀၀၈ မှာ အစ်မဒီကနေ ထွက်သွားတယ်။ ၂၀၁၈ မှ ပထမ ဆုံး မြန်မာနိုင်ငံကို ပြန်အလည် လာတာပေါ့။ အစ်မဟိုကို ထွက် သွားခဲ့တဲ့အချိန်တုန်းက အနုပညာ အလုပ်မလုပ်ရလို့ ထွက်သွားခဲ့တာမဟုတ်ဘူး။ အစ်မအလုပ်အရမ်း များနေတဲ့အချိန်ဖြစ်နေတုန်းပဲ။ နာမည်အရမ်းကြီးပြီး အလုပ်များ တာတော့ မဟုတ်ဘူး။ သီချင်းဆို တာမျိုး၊ ပန်းချီနဲ့ ပတ်သက်တဲ့ ပွဲ တွေလုပ်နေတဲ့အချိန်မှာပဲ ဟိုကို ထွက်သွားဖြစ်တာပါ။

လန်ဒန်ကို ရောက်စတုန်းက ဒီကို ပြန်လာဖို့ စိတ်ကူးရှိခဲ့လား။

စသွားခါစကတော့ ချက်ချင်း ပြန်လာချင်တယ်လေ။ ဟိုမှာ နည်း နည်းလေးကြာသွားတော့ ကိုယ့်ဟာကိုယ်အားယူပြီး ဟိုမှာဆက်နေ မယ်ဆိုပြီး ဆက်နေဖြစ်သွားတာ ပါ။

ဒီ ၁၀ နှစ်အတွင်းမှာ အနုပညာ လောကကို ပြန်လွမ်းတာမျိုး၊ တမ်းတတာမျိုးကောရှိလား။

ရှိပါတယ်။ ငယ်ငယ်က တည်းက အနုပညာအလုပ်လုပ်ခဲ့ တဲ့အတွက် စိတ်ထဲမှာ အနုပညာနဲ့ ပတ်သက်ပြီး သတိလည်းရတယ်။ လုပ်ချင်တဲ့ ဆန္ဒတွေလည်းရှိတယ်။ တစ်ခါတလေကျရင် အကယ်ဒမီ ပွဲတွေဘာတွေကြည့်ရင်လည်း ဟာငါသွားချင်လိုက်တာဆိုပြီး လည်း စိတ်ထဲမှာ ဖြစ်ခဲ့တယ်။

ဒီမှာအနုပညာအလုပ်လုပ်ရင်းက နေ ဘာကြောင့် လန်ဒန်ကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ကိုယ်ကဒီမှာလည်း  မော် ဒယ်လုပ်နေတဲ့အတွက် ဖက်ရှင်နဲ့ ဒီဇိုင်းကျောင်းသွားတက်တာပါ။ Crown College မှာ ၂ နှစ်တက် ခဲ့တယ်။ ကျောင်းပြီးတော့ အလုပ် ၀င်ဖြစ်တယ်။ အစ်မသင်ခဲ့တာ တော့ အဲဒီတုန်းက ဖက်ရှင်နဲ့ ဒီဇိုင်း။ ဒါပေမဲ့ အစ်မစလုပ်တဲ့အလုပ်က ကော်ဖီဆိုင်ပါ။ အခုလောလော ဆယ်တော့ အစ်မလုပ်နေတာက ဟိုတယ်မှာ Assistant Manager ပါ။ တဖြည်းဖြည်းနဲ့ ပြောင်းလဲ သွားတာပါ။ အနုပညာအလုပ်မ လုပ်ဖြစ်တော့တဲ့ နောက်ပိုင်းကိုယ့် အတွက်တော့ Professional Carrier (အသက်မွေးဝမ်းကျောင်း အလုပ်)အနေနဲ့ ဟိုတယ်နဲ့ ပတ် သက်ပြီး လုပ်ဖြစ်ခဲ့တာပေါ့။

ကျောင်းတက်ခဲ့တဲ့ ဖက်ရှင်နဲ့ ဒီဇိုင်းကိုကော ဒီအတိုင်းထားတော့မှာလား။

သူတို့ဆီမှာက စာတွေ့တွေပိုများတယ်။ တကယ်တမ်းဆိုရင် သူတို့ပြောနေတာ၊ လုပ်နေတာတွေ အကုန်လုံးက ဒီမှာကိုယ်လုပ်ခဲ့တာ တွေချည်းပဲ။ သူတို့ကစာတွေ့ပဲရှိ တယ်။ တကယ်တမ်းဆို ဒါတွေက အစ်မအတွက်က ဒီမှာမော်ဒယ် လုပ်ခဲ့စဉ်က လက်တွေ့ကျပြီးသား ပေါ့။ သူတို့ကစပြီးတက်တဲ့ဟာက အရမ်းအခြေခံကျလွန်းအားကြီး တယ်။ ဘယ်အရောင်တွေ ဘယ် လိုဝတ်ရမယ်၊   ဘယ်လိုလမ်း လျှောက်ရမယ်။ အဲဒါတွေက ဒီမှာ ကိုယ်သိထားပြီးသားတွေလေ။ အဲဒီကျောင်းက ကိုယ်သွားချင်လို့ သာသွားခဲ့တာ ကိုယ့်အတွက် Professional မဟုတ်ဘူး။ အစ်မ က British Council မှာ ကျောင်း တက်ခဲ့တော့ အမေရိကကို မ Try ဘဲ လန်ဒန်ကို Try ခဲ့တယ်။ အဲဒါကြောင့်မို့ လန်ဒန်ဖြစ်သွား တာပါ။

လန်ဒန်မှာပဲ အိမ်ထောင်ကျခဲ့တာလား။ အိမ်ထောင်သက်ကကော ဘယ်လောက်ရှိပြီလဲ။

ဟုတ်ပါတယ်။ ဟိုမှာပဲ အိမ် ထောင်ကျခဲ့တယ်။ အိမ်ထောင် သက်က ရှစ်နှစ်ရှိပါပြီ။

ဟိုကို ရောက်ပြီး ၂ နှစ်အကြာမှာ လက် ထပ်ခဲ့တာပါ။

အိမ်ထောင်ဖက်က မြန်မာလူမျိုး ပဲလား။ ဘယ်လိုတွေ့ဆုံခဲ့တာလဲ။

ဟုတ်ပါတယ်။ မြန်မာလူမျိုး ပါပဲ။ အစ်မနိုင်ငံခြားသားလည်းမ ကြိုက်ဘူး။ ယူဖို့လည်း အစီအစဉ်မရှိဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ဗမာပဲလေ။ ကိုယ့်ရဲ့ ယဉ်ကျေးမှု ဆိုတာရှိတယ်။ ကိုယ့်ယူမယ့်သူရဲ့ ယဉ်ကျေးမှုဆိုတာရှိသေးတယ်။ ဒါကြောင့် ဗမာပဲယူခဲ့တာပါ။ အစ် မတို့ မိသားစုနဲ့ အစ်မအမျိုးသား မိသားစု ရန်ကုန်မှာကတည်းက ငယ်ငယ်ကတည်းက ခင်တာပါ။ အစ်မအမျိုးသားရဲ့ အစ်မနဲ့ အစ်မ အဒေါ်နဲ့က Best Friend တွေပါ။  အစ်မတို့ ငယ်ငယ်ကတည်းက မျက်မှန်းတန်းခဲ့တယ်။ ဒါပေမဲ့ ကြိုက်တာတော့ ဟိုမှာပဲ ကြိုက်ပြီး ၂ နှစ်အကြာမှာ ယူဖြစ်ခဲ့တာပါ။

ရင်သွေးက မယူတာလား။ မရသေးတာလား။

ရင်သွေးယူနေတာ မရသေး တာပါ။

လန်ဒန်ရောက်ပြီး ၁၀ နှစ်အကြာ မှ ဒီကိုတစ်လပြန်လာဖြစ်တာက ကော ဘာကြောင့်များလဲ။

အစ်မက ရန်ကုန်သာမလာ ဖြစ်တာပါ။ ထိုင်းမှာတွေ့ဖြစ် တယ်။ တစ်ခါတလေ သူတို့ (မိသားစု) ဥရောပဘက်ကို လာတယ်ဆိုရင် သွားတွေ့တယ်။ ကြားထဲမှာ ၂ နှစ်တစ်ခါလောက်တော့ တွေ့ဖြစ်တယ်။ နောက်ဆုံးတွေ့တာကတော့ လွန်ခဲ့တဲ့ ၂ နှစ်က ဘန်ကောက်မှာ ခရစ္စမတ်တုန်းက တွေ့ခဲ့တာပါ။ မြန်မာနိုင်ငံကိုလည်း ပြန်မလာတာကြာပြီ။ ပြီး တော့ မြန်မာနိုင်ငံကလည်း အရမ်းတိုးတက်နေပြီ။ ကိုယ့်အိမ်ကိုယ့်ရာလွမ်းလည်းလွမ်းနေပြီ။  အစ်မအခုတစ်လတောင်မလောက်ဘူးဖြစ်နေတယ်။ ဖြစ်နိုင်ရင် သုံးလ လောက်ခွင့်လိုချင်တာ၊ မရတဲ့အတွက် တစ်လလောက်ပဲယူဖြစ်တာပါ။

မြန်မာနိုင်ငံကို ၁၀ နှစ်ကြာမှ ပြန် အခြေချဖြစ်တဲ့အချိန် ရောက် ရောက်ချင်းဘာတွေလုပ်ဖြစ်လဲ။

အစ်မမိသားစုနဲ့ပဲ နေတယ်။ သင်္ကြန်ကျတယ်။ အခုသင်္ကြန်ပြီး တော့ မိသားစုနဲ့ ခရီးသွားတယ်။ ကြားထဲမှာ ကြိုးကြားကြိုးကြား သူ ငယ်ချင်းတွေနဲ့ တွေ့ဖြစ်တယ်။ လာမယ့် ၂၉ ရက်နေ့ကျရင်တော့ ကဗျာစာအုပ်မိတ်ဆက်ပွဲတစ်ခုရှိ တော့ အဲဒီကိုတော့သွားမယ်။ အစ်မက ကဗျာတို့၊ ပန်းချီတို့ကို အရမ်းကြိုက်တယ်လေ။

ပြန်မယ့်ရက်က နီးနေပြီဆိုတော့ ဟိုကိုမပြန်ချင်တဲ့ စိတ်မျိုးကောဖြစ်လား။

ဖြစ်တာပေါ့။ ဘယ်ပြန်ချင်ပါ့မလဲ။ ဒီမှာကျတော့ အရမ်းလွတ် လွတ်လပ်လပ်ရှိတယ်။ တစ်ခုရှိတာက နေရာတိုင်းမှာ လူသိတယ်။ ဟိုမှာကျတော့ ကိုယ်ကိုဘယ်သူမှလည်းမကြည့်ဘူး။ သိလည်းမသိဘူး။ ဂရုလည်းမစိုက်ကြဘူးဆိုတော့ လွတ်လပ်နည်းတစ်မျိုး၊ ဒီမှာကျတော့လည်း သွားချင်တဲ့နေရာသွား၊ စားချင်တာစား လွတ်လပ်နည်းတစ်မျိုး။ ဟိုမှာကျတော့ ပျင်းဖို့ ကောင်းတယ်။ အလုပ်လုပ်ပြီး အိမ်ပြန် Night Out တွေလည်း မထွက်ဘူးလေ။ အစ်မတို့ ဟိုတယ်မှာ Staff တွေနဲ့ သွားတဲ့ တွေ့ဆုံပွဲကလွဲလို့ အစ်မအပြင်မသွားဘူး။ လန်ဒန်မှာ ပျော်ပွဲရွှင်ပွဲတွေလည်း မသွားဘူး။ လန်ဒန်ကလူတွေက အရမ်းအလုပ်များတယ်။ ဒီမှာကျတော့ ပျော်ဖို့ ကောင်းတယ်။ ဟိုမှာက ၅ နာရီ၊ ၆ နာရီဆို ဆိုင်အားလုံးကပိတ်ပြီ။ ပျင်းဖို့ကောင်းတယ်။ ဒီမှာကတော့ ပိုပျော်ဖို့ကောင်းတယ်။

အခုတစ်ခေါက်ပြန်လာတော့ အမျိုးသားကောပါလား။

ပါလာတယ်။ သူက အင်ဂျင် နီယာပါ။ ဟိုမှာပဲ အလုပ်လုပ်တာ ပါ။ သူက အေးတယ်ဆိုတော့ ပုံ တင်တာတွေ သူဝါသနာမပါဘူး။ အဲဒီတော့ သူဖြစ်ချင်တာပဲ ထား ထားပေးလိုက်တယ်။ သူလည်း သူ့မိသားစုနဲ့ ပျော်၊ ကိုယ်လည်း ကိုယ့်မိသားစုနဲ့ပျော် အတူတူလည်းမ တွေ့ဖြစ်ဘူး။ ကိုယ်နဲ့ တစ်သက် လုံးတွေ့ရမှာဆိုတော့လေ။ ဒီ ရောက်တဲ့အချိန် မိသားစုနဲ့ပဲ နေဖြစ်တယ်။

ဟိုမှာကိုယ်ရောက်နေတဲ့အချိန် ညီမ မအေးသောင်းရဲ့ တစ်ကျော့ပြန်အောင်မြင်မှုကို ကြားသိရတော့ ဘယ်လိုခံစားရလဲ။

အစ်မကျေနပ်တယ်။ အစ်မတို့ အရင်တုန်းကဆိုရင် ဒီလိုအခြေအနေမျိုးဖြစ်ဖို့အတွက်ကို ညီအစ်မနှစ်ယောက်စလုံး ကြိုးစားရတယ် လေ။ ဒီလောက်ထိ မဖြစ်လာဘူး။ အခုသူ့အနေနဲ့ ဖြစ်လာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အစ်မက အနုပညာကို ၀ါသနာပါလို့လုပ်တာ နာမည်အရမ်းကြီးပြီး ပိုက်ဆံချမ်းသာချင်လို့လုပ်တာ မဟုတ်ဘူး။ နာမည်ကြီးလာရင် တော့လည်း ကောင်းတာပေါ့။ သူအောင်မြင်သွားတာကို အစ်မ ကျေနပ်ပါတယ်။

သူက ဒီမှာပြန်အောင်မြင်နေတော့ ကိုယ်ကော ဒီမှာပြန်အခြေချပြီး အနုပညာအလုပ်တွေပြန်လုပ်ဖို့ အစီအစဉ်ရှိမလား။

အစ်မက အရမ်းနာမည်ကြီးချင်တဲ့ ဆန္ဒလည်းမရှိဘူး။ အစ်မက လွတ်လပ်တဲ့ အရသာကိုကြိုက်တယ်။ နာမည်မကြီးလည်း ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ အစ်မစိတ်ဝင်စားတဲ့အရာတစ်ခုကိုတော့ အမြဲလုပ်နေလေ့ရှိတယ်။ တော်တော်များများတော့ အစ်မအကြောင်း သိကြတယ်။ စိတ်ရှင်းတယ်။ ကိုယ်လုပ်ချင်တာကိုလုပ်တယ်။ ပန်းချီဆွဲချင်ရင် ဆွဲမယ်။ ပွဲသွားချင်သွားမယ်။ ပေါက်စီ (မအေးသောင်း)ကတော့ အဲဒီလိုမဟုတ်ဘူး။ သူက သေချာလေးအနုပညာကို လုပ်ချင်စိတ်ရှိတယ်။ အစ်မကတော့ ခံစားချက်ကို ဦးစားပေးတယ်။ ပေါက်စီကတော့ Creation ကို ပိုဦးစားပေးတယ်။

ဟိုမှာရောက်နေတဲ့ ၁၀ နှစ်လုံး အနုပညာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဖြစ်ဘူးလား။

မလုပ်ဖြစ်ဘူး။ ပန်းချီဆွဲတာ တော့ရှိတယ်။ တစ်ခါတလေကျရင် အနုပညာသမားတွေက သူတို့ ခံစားချက်နဲ့ သူတို့ရှိကြတယ်။ အရင်တုန်းက နာမည်ကြီးပြီး အခု နာမည်ဘာမှမရှိတော့တဲ့အခါ သူတို့မှာ ခံစားချက်တွေရှိတယ်။ အဲဒီ လိုမျိုးခံစားချက်ကို အစ်မမဖြစ်ချင်ဘူး။ အဲဒါကြောင့် ဟိုမှာ အစ်မမြန်မာတွေလုပ်တဲ့ ပွဲတွေဘယ်တော့မှ မသွားဘူး။ အနုပညာသမားတွေက အရမ်းကိုသနားဖို့ကောင်းတယ်။ နာမည်ကြီးတဲ့အချိန်ဆိုရင် တော့ ပျော်ဖို့အရမ်းကောင်းတာ ပေါ့။ နာမည်မကြီးတော့တဲ့အချိန်ဆို သူတို့ခံစားချက်က အရမ်းကို ဒေါင်းသွားပြီ။ အစ်မအများကြီး တွေ့ဖူးတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်ချင်ဘူး။ အဲဒါ ကြောင့် နာမည်အရမ်းမကြီးချင် ဘူး။ ကိုယ့်ဟာကိုယ် အေးဆေး လေးပဲနေချင်တယ်။ အဲဒါကြောင့်လည်း  စီးပွားရေးဘက်ကို ရွေးချယ်ဖြစ်သွားတာပါ။

ဒီလကုန်ပြန်ပြီးရင်ကော မြန်မာနိုင် ငံကို ပြန်လာဖို့ အစီအစဉ်ရှိ၊ မရှိ သိချင်ပါတယ်။

အစ်မလောလောဆယ် စီစဉ်ထားတာက ဒီဇင်ဘာပြန်လာမယ်။ အစ်မတို့က ခရစ်ယာန်ဆိုတော့ ခရစ္စမတ်ဆိုရင် မိသားစုတွေ့ဆုံပွဲ လုပ်နေကျမို့လို့ ဒီဇင်ဘာတော့ ပြန်လာဖို့ရှိတယ်။ ကြားထဲမှာတော့ မပြောတတ်သေးဘူး။ ကိစ္စရှိရင် တော့ ပြန်လာဖြစ်မှာပေါ့။

မြန်မာနိုင်ငံက ကိုယ်မသွားခင်က အနေအထားနဲ့ ပြန်ရောက်လာတဲ့ အချိန် အနေအထားဘာတွေဘာကွာခြားလဲ။

ဘာမှမမှတ်မိတော့ဘူး။ လမ်းတွေ၊ အဆောက်အအုံတွေက ပြောင်းသွားတဲ့အခါကျတော့ မမှတ်မိတော့ဘူး။ ကိုယ်မှတ်မိတဲ့ မျက်လုံးထဲက ပုံစံမျိုးမဟုတ်တော့ ဘူး။ ဒါပေမဲ့ အရင်ကထက်တိုး တက်လာတယ်။ မိန်းကလေးတွေ ဆိုလည်း အရင်ကထက် ပြင်ပြင် ဆင်ဆင်လေးရှိလာတယ်။ လှလာကြတယ်။ အဲဒီဟာလေးက အရမ်းကောင်းပါတယ်။

ဒီကိုပြန်ရောက်တဲ့အချိန်မှာ ဟိုတုန်းက တွဲလုပ်ခဲ့တဲ့ အနုပညာ မောင်နှမတွေနဲ့ကော တွေ့ဖြစ်သေးလား။

တွေ့ဖြစ်တယ်။ ဆုပန်ထွာ၊ လှမျိုးသဉ္ဇာနွယ်၊ ညီနန္ဒ၊ မျိုးထူး၊ သူထူးစံတို့တွေ့ပြီးသွားပြီ။ R ဇာနည်တို့နဲ့ကတော့ သင်္ကြန်မှာတွေ့တယ်။ ကျန်တဲ့သူတွေနဲ့လည်း ထပ်တွေ့ဖြစ်ဦးမယ်။

သူတို့နဲ့ တွေ့တော့ အနုပညာအ လုပ် ပြန်မလုပ်ချင်ဘူးလား။

ရုပ်ရှင်ပြန်ရိုက်ဖို့ကတော့ အစ်မရယ် ဒီမဖြစ်သေးဘူးလို့ ထင်တယ်။ အခုက အရမ်းပြောင်းလဲသွားပြီဆိုတော့လေ။ ရောက် ရောက်ချင်းတုန်းကတောင် အခက်အခဲရှိတယ်။ အရင်တုန်းက အပြင်သွားရင် အစ်မအော်တိုလေးရေး ပေးပါ။ အခုကျတော့ Selfie လေး ဆွဲရအာင်ဆိုတော့ မတူဘူးလေ။ ဟိုမှာကျတော့ အစ်မကို ဘယ်သူမှ မကြည့်ဘူး။ ဘယ်သူမှလည်း မသိဘူး။ ဘယ်သူမှလည်း ဓာတ်ပုံတွဲမရိုက်ကြဘူး။ သူထူးစံနဲ့တွေ့ တော့ ပိပိတစ်ကားလောက်ရိုက်ပါလားတဲ့။ ဒါပေမဲ့ ရယ်ဒီမဖြစ် သေးတော့ မရိုက်ဖြစ်ဘူး။ ဥပမာ ကြော်ငြာတို့၊  ဓာတ်ပုံရိုက်တို့ဆို အစ်မတို့ ပေါ့ပေါ့ပါးပါးဖြစ်တယ် လေ။

မြန်မာနိုင်ငံကို အပြီးပြန်လာဖို့အစီအစဉ်ရှိလား။

မရှိဘူး။ အစ်မရဲ့ ရာထူးကလည်း ဟိုမှာ အရမ်းကောင်းတဲ့အတွက်ကြောင့် ဟိုမှာပဲ နေဖြစ်မယ်။ အစ်မဖြစ်ချင်တာက Arial Manager တို့ District Manager တို့ ဖြစ်ချင်တာ။ အခုလောလောဆယ် အစ်မအပေါ်မှာ တစ်ယောက်ရှိသေးတယ်။ ဟိုတယ်မန်နေဂျာ ဖြစ်တဲ့ထိ လုပ်ပြီးမှ ပြန်လာဖြစ်ရင်လည်း ပြန်လာဖြစ်မယ်။ သေချာမစဉ်းစားရသေးဘူး။ ဒါပေမဲ့ အစ်မရဲ့ ရည်ရွယ်ချက်က ဟိုမှာ ဟိုတယ်မန်နေဂျာဖြစ်ပြီးမှ ပြန်လာမယ်လို့ စိတ်ကူးထားတယ်။

ငယ်ဘ၀ရည်မှန်းချက်ထဲမှာ ဟိုတယ်မန်နေဂျာပါလား။

မပါဘူး။ ငယ်ငယ်တုန်းက အစ်မဖြစ်ချင်တာက အဆိုတော်၊ ဖြစ်သွားတာက မော်ဒယ်နဲ့ မင်းသမီး၊ လုပ်ဖြစ်တာက ပန်းချီ ဒါပေမဲ့လည်း အဲဒါတွေအကုန်လုံးက အနုပညာပါပဲ။ အကုန်လုံးကို အစ်မကြိုက်ပါတယ်။

အနုပညာအလုပ်ကို ဘယ်အသက်အရွယ်မှာစပြီး လုပ်ဖြစ်ခဲ့တာလဲ။

အစ်မအသက် (၁၄) နှစ်မှာ စလုပ်တယ်။ အခုအသက် (၃၅) နှစ်ရှိပါပြီ။ အစ်မပထမဆုံးစလုပ် ဖြစ်တာက ကျောင်းမှာပြိုင်တဲ့ ကာယအလှမယ်။အဲဒီမှာ အစ်မ ဆုရတယ်။ ဆုရပြီး မော်ဒယ်တွေ မပေါ်သေးတော့ ဖက်ရှင်မယ်။ မြန်မာလိုပဲ ၀တ်ရတာပေါ့။ မော်ဒယ် ဖြစ်ပြီးတော့မှ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတော့ ရိုက်ဖြစ်သွားတာ ပေါ့။ ၁၉၉၆ ကနေ ၂၀၀၇ အထိ လုပ်ခဲ့တယ်။ နိုင်ငံခြားသွားရမှာ တောင် ဘယ်သူမှ မပြောဘူး။ တစ်ခါတလေ ဗီဇာက လျှောက်ပြီးမရတာရှိတော့ ဘယ်သူမှ မပြောဖြစ်ဘူး။ ဗီဇာကျပြီးနောက်နေ့ အမေက သွားခိုင်းတော့ သေချာတောင် မနှုတ်ဆက်လိုက်ရဘူး။

ဟိုက ပုံစံနဲ့ ဒီနိုင်ငံက လူမှုဘ၀နေ ထိုင်မှု ပုံစံနှိုင်းယှဉ်ပြပါလား။

ဟိုမှာက ဖေ့စ်ဘွတ်ခ်အရမ်း မသုံးကြဘူး။ ဟိုမှာက အလုပ်လုပ် နေရင် ဖုန်းသုံးလို့မရဘူး။ ဒီမှာက တော့ နေ့ခင်းဘက် ကိုယ်အားရင် အားသလိုသုံးလို့ရတယ်။ ဟိုမှာက အလုပ်ရောက်ရင် ဖုန်းကိုတစ်ခါတည်းသိမ်းထား၊ အလုပ်ပြန်မှသုံး ပေါ့။ အိမ်ပြန်ရောက်တော့လည်း ကိုယ်က ကိုယ်အနားယူရမယ့်အချိန်ဆိုတာရှိတော့ သိပ်ဖုန်းမသုံး ဖြစ်ဘူး။ မိသားစုနဲ့တော့ စကား ပြောဖြစ်တယ်။

ပြည်ပမှာ သဟဇာတဖြစ်အောင် ဘယ်လိုနေဖြစ်လဲ။

ဟိုမှာရောက်သွားခါစက အလုပ်စလုပ်တဲ့အချိန်မှာ အောက်ခြေသိမ်းကနေစလုပ်ရတယ်။ ကိုယ်က ဒီမှာ မင်းသမီးလုပ်တဲ့အတွက် စသွားခါစကတော့ အရမ်းခက်ခဲခဲ့တယ်။ ၀မ်းနည်းရတာပေါ့။ ဟိုမှာ တစ်ခုခုလုပ်နေရရင် ငါဒါမျိုးတွေလုပ်ခဲ့ရတာ မဟုတ်ဘူးဆိုပြီး ကိုယ့်ဟာကိုယ်သနားနေတာပေါ့။ ဟိုမှာ သန့်ရှင်းရေးလုပ်ရတယ်ဆိုရင်လည်း ရန်ကုန်မှာဆို ငါ့ကို သူများတွေက လုပ်ပေးရတာ၊ ငါအခု သူများကို ပြန်လုပ်ပေးနေရတယ်ဆိုပြီး စဉ်းစားရင်းနဲ့ မျက်ရည်ဝဲတယ်။ တကယ်တမ်းဆိုရင်တော့ အဲဒါလေးတွေက ကောင်းတဲ့အရာ လေးတွေပါ။ ကိုယ်သင်ယူတတ်မယ်ဆိုရင်ပေါ့။ အဲဒါတွေကြောင့်မို့လို့ပဲ အခုကိုယ်သူများကို ဆရာလုပ်လို့ ရတာပေါ့။ အဲဒါတွေသာ အစ်မမလုပ်တတ်ဘူးဆိုရင် အခု သူများကို ဘယ်ဆရာလုပ်လို့ရမလဲ။

ကိုယ်သွားခါစနဲ့ အခုလက်ရှိ ရုပ်  ရှင်လောကပြောင်းလဲလာမှုကို လည်း နှိုင်းယှဉ်ပြပါဦး။

အများကြီးတိုးတက်လာတယ်။ မီဒီယာတွေကော တိုးတက်လာတယ်။ Technology ဆိုလည်းတိုးတက်လာတယ်။ လူတွေရဲ့ အမြင်တွေလည်း တိုးတက်လာတယ်။

 

More in Interview Section