တနင်္သာရီဂျာနယ်တရားစွဲခံရမှု တရားလိုပြောင်းလဲရန် တင်ပြထား

သရော်စာဆောင်းပါး ဖော်ပြမှုကြောင့် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာကို တနင်္သာ ရီတိုင်းဒေသကြီးအစိုးရက ဦးတိုက်တရားစွဲဆိုမှုတွင် တရားလိုပြောင်းလဲခွင့်ပြုရန် လက်ရှိတရားလိုတိုင်းအစိုးရအဖွဲ့ရုံး ဒုညွှန်မှူး ဦးအေးလူက တရားသူကြီးထံ မေလ ၇ ရက်ရုံးချိန်းက တင်ပြခဲ့သည်။

‘‘ကျွန်တော်တို့ ၀န်ထမ်းက (နယ်) အပြောင်းအရွှေ့ရှိတာပါ။ လေးနှစ်ပြည့်လို့ ပြောင်းတာပါ။ ဒါကြောင့်ပါ’’ဟု ၎င်းက ပြော ကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုးရအနေဖြင့်   မည်သို့ ရှေ့ဆက်ဆောင်ရွက်မည့်အချက် များကိုမူ  အသေးစိတ်  ဖြေကြား ခြင်းမရှိပေ။

တရားလိုပြောင်းလဲခွင့်တင် ပြထားကြောင်း ထားဝယ်မြို့နယ်တရားသူကြီးက ပြောကြားသည်ဟု တရားစွဲခံရသူ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးမွန်သူက ပြောသည်။

‘‘ဒီနေ့မှာ တရားသူကြီးပြော မှပဲ ကျွန်မတို့သိရတယ်။ သူ့ကို နောက် မေလ ၂၁ ရက်ရုံးချိန်းကျ ရင် တရားဝင်စာရွက်စာတမ်းနဲ့ လွှဲတင်ဖို့ တရားသူကြီးက ညွှန် ကြားနေတယ်။ အစိုးရက ဦးတိုက်လျှောက်ထားတဲ့အမှုဆိုတော့ တရားလိုပြောင်းခွင့်ရှိ၊ မရှိ ကျွန်မ တို့ ဥပဒေအရ ပြန်စစ်ဆေးဖို့ တိုင်ပင်နေပါတယ်’’ဟု ဒေါ်အေးမွန်သူက ဆိုသည်။

ယင်းရုံးချိန်းတွင် အစိုးရ တရားလိုပြသက်သေနှစ်ဦးအ နက် ဒီချုပ်ခရိုင်အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ် အေးအေးမိုးအား နှစ်ဖက်ရှေ့နေ များက အပြန်အလှန်မေးခွန်းများ အပြီးသတ်မေးမြန်းပြီး နောက်လာ မည့် မေလ ၂၁ ရက်ရုံးချိန်းတွင် ကျန်ရှိသည့် တရားလိုပြသက်သေ ဦးအောင်ကျော်စိုးကို ဆက်လက်စစ်မေးမည်ဟု ၎င်းက  ပြောကြား သည်။

၂၀၁၇ နိုဝင်ဘာ ၂၀ ရက် ထုတ် တနင်္သာရီဂျာနယ်တွင် မူး ဆေးအိုးကလောင်အမည်ဖြင့် ရေးသားသည့် ‘မဲဆွယ်အပြုံး’ သရော် စာဆောင်းပါးကို ဖော်ပြခဲ့ရာ ယင်းသရော်စာသည်  ၎င်းနှင့်တကွ မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားသည်ဆိုကာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့ မော်က ဂျာနယ်တာဝန်ခံအယ်ဒီ တာ ဦးမျိုးအောင်ကို သတင်းမီဒီ ယာဥပဒေနှင့်အညီ အရေးယူပေး ရန် နိုဝင်ဘာ ၂၃ ရက်၌ ထားဝယ် မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားသဖြင့် အမှုရင်ဆိုင်နေရသည်။