မေးခွန်းပုံစံသစ်က အလွတ်ကျက်မှုကို လျော့နည်းစေမလား

၂၀၁၈-၁၉ ပညာသင်နှစ်ကစ၍ တက္ကသိုလ်ဝင်စာမေးပွဲပုံစံကို ကိုယ်တိုင်စဉ်းစားတွေးခေါ်မှုအား ဦးစားပေးသည့်ပုံစံသစ်ဖြင့် ဖြေဆိုရမည်။(ဓာတ်ပုံ − နစ်ကီ)

အလွတ် ကျက်မှတ်မှု ထက် ကိုယ်တိုင်စဉ်း စားတွေးခေါ်မှုကို ဦးစားပေးသည့် တက္ကသိုလ်ဝင်စာ မေးပွဲ မေးခွန်းပုံစံသစ်ကို ၂၀၁၈- ၁၉ ပညာသင်နှစ်မှ စတင်ပြောင်း မည်ဟု ပညာရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်တွင်ကြေညာသည်။

ဒီချုပ်အစိုးရအနေဖြင့်မြန်မာ နိုင်ငံ၏ အမြစ်တွယ်နေသည့် အ လွတ်ကျက် ပညာရေးစနစ်ကို ပြောင်းလဲပေးမည်ဟု အစိုးရ စ တက်လာကတည်းကပင် ပြည်သူ အများက မျှော်လင့်ခဲ့သည်။အစိုးရသက်တမ်း ၂ နှစ်ပြည့်သည်အထိ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များ၏ သင်ကြား နည်းစနစ်၊ စာမေးပွဲစစ်ဆေးသည့် စနစ်တို့ကို မပြောင်းလဲနိုင်သဖြင့် အစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုအပေါ် မေးခွန်းထုတ် မှုများရှိခဲ့သည်။

ထိုအချိန်တွင် တက္ကသိုလ်ဝင် တန်း၌ ဘာသာရပ် ၁၀ ခုရှိသည့် အနက် စိတ်ကြိုက်မြန်မာစာ ဘာ သာရပ်ကလွဲ၍ ကျန်ဘာသာရပ် များကို စာမေးပွဲမေးခွန်းပုံစံအသစ် ပြောင်းလဲစစ်ဆေးမည်ဟု ပညာ ရေးဝန်ကြီးဌာနကကြေညာသည်။

‘‘အရင်တုန်းက ပညာရေး စနစ်ကိုရော၊ စာမေးပွဲစနစ်ကိုရော အလွတ်ကျက်ပြီး ပြန်ဖြေတဲ့စနစ် လို့ပြောကြတယ်။ အဲဒါတွေလျော့ သွားအောင်လုပ်တာပေါ့။ ကိုယ် ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်မှုကို ဖြေရမယ့် မေးခွန်းပုံစံမျိုးရောက် အောင် ပြောင်းတာပါ’’ဟု ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်အောင်မင်း က ဆိုသည်။

ပြောင်းလဲအသုံးပြုမည့် မေး ခွန်းပုံစံသစ်များကို ပြည်သူများ သိ ရှိရန် မေလ ၂ ရက်ကစတင်၍ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ကြေညာပေးခဲ့သည်။

မြန်မာစာဘာသာရပ် မေး ခွန်းပုံစံသစ် ကြေညာသည့်နေ့တွင် ပင် ပညာရေးနှင့် သက်ဆိုင်သည့် ဆရာ၊ ဆရာမ၊ မိဘ၊ ကျောင်း သား၊ ကျောင်းသူများအကြားစိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

‘‘မြန်မာစာကတော့ သိသိ သာသာကို မေးခွန်းပုံစံပြောင်းထား တာတွေ့ရတယ်။ အဆိုဆွေးနွေး ခြင်းဆိုတဲ့ မေးခွန်းအသစ်ဆိုတာ တကယ့်လက်တွေ့ဘဝမှာ လိုအပ်နေတဲ့အရာ၊ နောက်ပြီး ကျောင်းသားတွေရဲ့ တွေးခေါ်မှုကို အကောင်းဆုံး ဆန်းစစ်ပေးနိုင်တဲ့ မေးခွန်းမျိုးပဲ’’ဟု မြန်မာစာမေးခွန်း ပုံစံသစ်နှင့် ပတ်သက်ပြီး ဂုဏ်ထူး ဦးသိန်းနိုင် (မြန်မာစာ)သင်တန်းမှ ဆရာဦးကျော်သူက မှတ်ချက်ပြု သည်။

ပေးထားသော အဆိုတစ်ရပ် ကို ကျောင်းသား၏ ကိုယ်ပိုင်စဉ်း စားဉာဏ်၊ အတွေးအခေါ်ဖြင့် ထောက်ခံ၍ ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ အကျိုးသင့် အကြောင်း သင့် ဆွေးနွေးတင်ပြရမည့် အဆို ဆွေးနွေးခြင်းကို မေးခွန်းပုံစံသစ် တွင် ထည့်သွင်းထားသည်။ ဥပမာ ‘ရေဒီယိုနားထောင်ခြင်းသည် သ တင်းစာဖတ်ခြင်းထက် ပို၍အကျိုး ရှိသည်’ဟူသော အဆိုကိုကျောင်း သားက မိမိအမြင်အတိုင်း၊ ထင် မြင်ယူဆချက်အတိုင်း ဆွေးနွေး ရေးသားမည်ဖြစ်သည်။

‘‘ကလေးတွေရဲ့ ကျက်မှတ်မှု ထက်ကို ကိုယ်ပိုင်အတွေးအခေါ် ကို တင်ပြနိုင်အောင် ဒါကို ထည့် လိုက်တာ။ စာကျက်စရာမလိုဘူး။ ဒီစာကြောင်းကို တွေ့လိုက်ရင် သူတို့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု နဲ့ လက်တန်းဖြေနိုင်တဲ့ မေးခွန်းမျိုး ပါ’’ဟု မေးခွန်းသစ်ရေးဆွဲရာတွင် ပါဝင်သူ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးကရှင်းပြသည်။

မြန်မာစာ မေးခွန်းပုံစံသစ် တွင် ယခင်မေးခွန်းဟောင်း၌ မေး မြန်းနေကျ ‘ဝါကျဖွဲ့ပါ’မေးခွန်း မပါဝင်တော့ဘဲ ယင်းအစား ပြဋ္ဌာန်းစာပါ ဝေါဟာရများကို စာ လုံးပေါင်းအမှား၊ အမှန် ရွေးချယ် ရသည့် မေးခွန်းသစ်ကို ထည့်သွင်း မည်ဖြစ်သည်။

ထို့အပြင် မြန်မာစာမေးခွန်း ပုံစံသစ်တွင် စာစီစာကုံးပေးမှတ် ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့ ပြောင်းလဲသတ်မှတ်သည့်အပြင် ပုံကြမ်းအချက်အလက် (Outline)ငါးခု ပေးထားပြီး အချက်တစ်ချက် နှစ်မှတ်နှုန်းဖြင့် ဖြေဆိုရမည်ဖြစ် သည်။

‘‘ကြာလာတော့ စာစီစာကုံး ခေါင်းစဉ်တွေက ခန့်မှန်းလို့ရလာ တယ်။ ကြိုရေးထားပြီး အလွတ် ကျက်လာတဲ့ အခါကျတော့ ကလေးတွေရဲ့ တွေးခေါ်စဉ်းစားမှု မရှိတော့ဘူး။ အခုပြင်လိုက်တဲ့ပုံစံ မှာဆို စာစီစာကုံးကို သူရေးချင် သလိုရေးလို့မရတော့ဘူး။ အချက် ငါးချက် ပေးထားမယ်ဆိုရင် ပေး ထားတဲ့ အချက်ပေါ်မှာ သူရေးရ မယ်။ ဒီအချက်ငါးချက်မပါရင် သူအမှတ်မရနိုင်တော့ဘူး။ ဒီအချက်ပေါ်မှာ သူတွေးခေါ်စဉ်းစားပြီးရေး ရမှာ’’ဟု ဒေါက်တာအောင်မြင့်ဦး က ပြောသည်။

မြန်မာစာမေးခွန်းကဲ့သို့ပင် အခြားဘာသာရပ်များ၏ မေးခွန်း များကိုလည်း စဉ်းစားဆင်ခြင်တွေး ခေါ်နိုင်မှုနှင့် ကိုယ်ပိုင်အတွေးအ ခေါ်ကို တင်ပြနိုင်သော မေးခွန်းမျိုး ဖြစ်ရန် ပြောင်းလဲထားသည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာ သည်။

အင်္ဂလိပ်စာမေးခွန်းပုံစံသစ် တွင် ကိုယ်ပိုင်အတွေးအခေါ်ကို စစ်ဆေးမည့် ပေးစာနှင့်အက်ဆေး မေးခွန်း၊ ပြဋ္ဌာန်းစာအုပ်တွင် မပါ သည့် စာပိုဒ်ဖြေဆိုခြင်းမျိုးပါဝင် လာသည်။

ယခင်က ပေးစာနှင့် အက် ဆေးမေးခွန်းများတွင် စာလုံးရေ ကန့်သတ်ချက် မရှိသော်လည်း မေးခွန်းပုံစံသစ်တွင် ပေးစာကို စာလုံးရေ ၃၀၀ ထက်မပိုရန်၊ အက်ဆေးကို စာလုံးရေ ၅၀၀ ထက်မပိုရန် ကန့်သတ်ထားသည်။

ပေးထားသော ခေါင်းစဉ်နှင့် ကိုက်ညီသော အကြောင်းအရာ များကို ကျစ်လျစ်ထိမိစွာ ရေးသား တတ်စေရန်နှင့် အလွတ်ကျက် မှတ်ပြီး မဆီလျော်သော အ ကြောင်းအရာများ ထည့်သွင်းရေး သားမှု လျော့နည်းစေရန် စာလုံး ရေ ကန့်သတ်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာ သည်။

အင်္ဂလိပ်စာမေးခွန်းပုံစံသစ် ၏ ထူးခြားချက်သည် ဖတ်စာအုပ် ထဲမှမဟုတ်သော စာပုဒ်တစ်ပိုဒ် (Unseen Passage)ကို ပေးထား ပြီး မေးခွန်းငါးခု ဖြေဆိုရမည်ဖြစ် သည်။

ယခင် မေးခွန်းဟောင်းများ တွင် ဖတ်စာအုပ်ပါ စာပိုဒ်များကို ဖြေဆိုရသဖြင့် ယခုမေးခွန်းပုံစံ သစ်ကို အခြေခံနည်းသည့် ကျောင်းသားများ ဖြေဆိုရန် အ ခက်တွေ့နိုင်ပြီး ဂုဏ်ထူးမှတ်အ တွက် အဆုံးအဖြတ်ပေးမည့် မေး ခွန်းမျိုးဖြစ်သည်ဟု ပဲခူးတိုင်း ဒေသကြီးမှ အထက်တန်းကျောင်း အုပ် ဦးအောင်ကျော်သူက မှတ် ချက်ပြုသည်။

သင်္ချာမေးခွန်းပုံစံသစ်တွင် A, B, C, D, E ငါးခုပေးထားသည့် အနက် အဖြေမှန်တစ်ခု ရွေးချယ်ရ သည့် ဓမ္မဓိဋ္ဌာန်မေးခွန်း ၂၅ မှတ် ဖိုးကို ပယ်ဖျက်ထားသည်။မေးခွန်းကို သေချာစွာနားမလည်ဘဲ အ ဖြေကို မှန်းဆခြင်း၊ အက္ခရာစဉ်ကို တန်းစီ ရေးချဖြေဆိုခြင်းများဖြင့် အမှတ်ရသော မေးခွန်းများ မပါ ဝင်စေရန်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာသည်။

မေးခွန်းပုံစံသစ်များအရ ကျောင်းသား၊ ကျောင်းသူများ သည် ယခင်ကဲ့သို့ ဖတ်စာအုပ်ပါ အခန်းအချို့ကိုသာ အပိုင်ကျက် မှတ်ဖြေဆိုခြင်းမျိုး ပြုလုပ်နိုင် တော့မည်မဟုတ်ဟု ကျွမ်းကျင်သူ များက ဆိုသည်။

‘‘သင်္ချာမှာဆို နဂိုတုန်းက Chapter 1 ကနေ 7 ကိုကြည့်ရင် အမှတ်က ၇၀ ဝန်းကျင်ရတယ်။ အခု Chapter 1 ကနေ 7 ကြည့်ရင် ၅၈ မှတ်ဝန်းကျင်လောက်ပဲရတော့ မယ်။ သူ့ရဲ့အမှတ်က အတိမ်းအ စောင်းဖြစ်သွားရင်တော့ အကျ ဘက်ကို ဦးတည်မှာပေါ့’’ ဟု မန္တလေးတိုင်းဒေသကြီးမှကိုယ်ပိုင်ကျောင်းသင် သင်္ချာဆရာမ ဒေါ်မြင့်မြင့်ခိုင်က မှတ်ချက်ပြုသည်။

စဉ်းစားတွေးခေါ်မှုကို အခြေ ခံသော လွယ်သင့်ခက်မျှတသော မေးခွန်းများ ပိုမိုပါဝင်လာမည်ဖြစ် ပြီး ကျောင်းသား၊ ကျောင်းသူများ သင်ရိုးပြဋ္ဌာန်းချက် သင်ခန်းစာ အားလုံးကို လွှမ်းခြုံလေ့လာနိုင်စေ ရန် သင်ခန်းစာအချို့ကို ရှောင်လွှဲ ၍ ဖြေဆိုခြင်းဖြင့် တတ်မြောက်မှု အားနည်းခြင်း ကင်းဝေးစေရန်၊ အခန်းအချို့ကိုသာ အပိုင်ကျက် မှတ်ဖြေဆိုပြီး အမှတ်များများရ ခြင်းကို လျော့ပါးစေရန် ရည်ရွယ် ၍ မေးခွန်းပုံစံသစ်ကို ပြောင်းလဲ မည်ဟု မေးခွန်းပုံစံသစ်ရေးဆွဲရေး တွင် ပါဝင်သူ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာချိုဝင်းကဆိုသည်။

မေးခွန်းပုံစံသစ်များကို တစ် နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ဘာ သာရပ်ဆိုင်ရာ ပါမောက္ခများက ပြုစုထားပြီး ပြောင်းလဲရန် လိုအပ် သည့် ဘာသာရပ်များ၊ မေးခွန်း များကိုသာ  ပုံစံအသစ်ပြောင်းထား သည်ဟု ဒေါက်တာအောင်အောင် မင်းက ရှင်းပြသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံသစ်ကို ဖြေဆိုရမည့် အပေါ် ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများက စိုးရိမ်ပူပန်မှု များရှိနေသည်။

‘‘စိတ်ပူတာပေါ့။ မေးခွန်းပုံစံ အဟောင်းတောင် ဒီတစ်နှစ် မအောင်ရင်ဆိုပြီး စိုးရိမ်ခဲ့ရတာ။ ပုံစံအသစ်ဆို ပိုခက်မလားပေါ့။ သူ့ကျောင်းက ဆရာတွေကတော့ အချိန်ရှိသေးတယ်။ မစိုးရိမ်ဖို့ ပြောပါတယ်’’ဟု ပြင်ဦးလွင်ကိုယ် ပိုင်ကျောင်းတစ်ခုမှ စာမေးပွဲဝင် ဖြေမည့် ကျောင်းသူမိခင် ဒေါ်တင် ဇာလှိုင်က ဆိုသည်။

ယခု ဇွန်လကျောင်းဖွင့်ချိန် တွင် တက္ကသိုလ်ဝင်တန်းတက် ရောက်မည့်သူများသည် ထိုမေး ခွန်းပုံစံသစ်ကို ပထမဆုံးဖြေဆိုရ မည်ဖြစ်၍  သင်ခန်းစာများကိုသင်ရိုးကုန်လေ့လာထားသင့်သည်ဟု ဆရာများက အကြံပြုသည်။

ထို့အပြင် ပြင်ပစာပေဗဟု သုတများရရှိစေရန် စာများများ ဖတ်ရှုသည့် အလေ့အထတစ်ခု လည်း ကျောင်းသား၊ ကျောင်းသူ များအတွက် မဖြစ်မနေလိုအပ် သည်ဟုဆိုသည်။

‘‘အရင်တုန်းက ကလေးတွေ ကိုစာဖတ်ပါ၊ စာဖတ်ပါလို့ တိုက် တွန်းတာပဲရှိတာ။ အခုက စာဖတ် ထားမှ တကယ်ဖြေနိုင်မယ့် မေး ခွန်းတွေဖြစ်လာတော့ တကယ် ကောင်းပါတယ်။ အရင်စာဖတ်တဲ့ ကလေးက အခက်အခဲမရှိပေမယ့် မဖတ်တဲ့ကလေးက ခက်ခဲနိုင် တယ်’’ဟု မိတ္ထီလာမြို့မှ မြန်မာစာဆရာ ဦးမြတ်ခိုင်ကပြောသည်။

မေးခွန်းပုံစံသစ် ပြောင်းလဲ ခြင်းအတွက် ဆရာ၊ ဆရာမများ တွင်စိန်ခေါ်မှုများရှိနေပြီး ကျောင်းသား၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်နိုင်မည့် သင်ကြားနည်း စနစ် များအသုံးပြုရန်လိုအပ်လာ သည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။

‘‘တချို့ဆရာ၊ ဆရာမတွေက တကယ်တတ်ကျွမ်းတာပါသလို တချို့က အားနည်းတယ်။ ဆရာ၊ ဆရာမတွေ အရည်အချင်းရှိမှ ကျောင်းသား၊ ကျောင်းသူတွေက အရည်အသွေး တက်လာမှာ။ ကျောင်းသား၊ ကျောင်းသူများ တကယ်တတ်အောင် သင်ကြပါ။ ဆရာ၊ဆရာမများ ကိုယ့်ရဲ့အရည် အချင်းကို Upgrade လုပ်ပြီး သင် ပေးရင် အားလုံးအဆင်ပြေမှာပါ။ အားလုံးက တကယ့်အစစ်အမှန်နဲ့ တကယ်တတ်ကျွမ်းဖို့ကို ဦးတည် ရင် တကယ်လုပ်ရင်ဖြစ်ပါတယ်’’ ဟု ကောင်းစုံ ကိုယ်ပိုင်အထက် တန်းကျောင်း တည်ထောင်သူ သင်္ချာသန်းနိုင်က အကြံပြုသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲအထိ အသုံးပြုခဲ့သည့် စာမေးပွဲ မေးခွန်းပုံစံကို မပြောင်းလဲဘဲ အ သုံးပြုခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခု ကျော် ကြာမြင့်နေပြီဖြစ်သည်။ နှစ်စဉ် ထိုမေးခွန်းဟောင်းများကို သာ မေးမြန်းနေရာ မေးခွန်း ဟောင်းများကို အလွတ်ကျက်ဖြေ ဆိုနိုင်ပါက စာမေးပွဲအောင်သည့် အနေအထားထိ ဖြစ်လာသည်ဟု ပညာရေးကျွမ်းကျင်သူများက ဆို သည်။

‘‘မေးခွန်း ပြောင်းတာက တော့အစိတ်အပိုင်းတစ်ခုကို ပြင် လိုက်တာပဲ။ ဒါကိုတော့ ကြိုဆိုရ မယ်။ ဒါပေမဲ့ အရည်အချင်းရှိဖို့ဆို တာ တစ်ရက် တစ်မနက်နဲ့မရဘူး။ KG မှ နဝမတန်းအထိအကုန်နီးပါး အောင်ခဲ့တယ်။ အဲဒီကလေးဟာ အရည်အချင်းမရှိဘဲ ဆယ်တန်း သွားဖြေတဲ့အခါမှာ ကျမှာတော့ သေချာတယ်။ အခုက မာလကာ ပင်စိုက်ခဲ့ပြီးမှ ဆယ်တန်းမှာ ပန်းသီးစားချင်တယ်လုပ်လို့မရဘူး’’ ဟု ဝါရင့်သင်္ချာဆရာသင်္ချာသန်း နိုင်က မှတ်ချက်ပြုသည်။

တက္ကသိုလ်ဝင်စာမေးပွဲ မေး ခွန်းပုံစံ ပြောင်းခြင်းသည်ပြောင်း လဲမှု တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အခြားပညာရေးပြုပြင် ပြောင်းလဲ မှုကို တစ်ဆက်တည်းဆောင်ရွက် ရမည်ဟု ပညာရေးကျွမ်းကျင်သူ များက ဆိုသည်။

အမြစ်တွယ်နေသည့် အ လွတ်ကျက်မှတ်ရသော ပညာရေး စနစ်မှ စဉ်းစားတွေးခေါ်မှုကိုအခြေ ခံသော ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာတွင် ဆရာနှင့် ကျောင်းသားအများစု အရိုးစွဲနေ သော ပြဋ္ဌာန်းစာအုပ်များကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိ ကာအတိုင်း အမြန်ကုန်ရန် သင် ကြားပေးခြင်း၊ အတန်းအောင် ချက်မြင့်မားခြင်းကိုသာ အာရုံစူး စိုက်ခြင်း၊ စာမေးပွဲအောင်ရန် အ တွက်သာ သင်ကြားပေးခြင်းများ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမည် ဟု ၂၀၁၇ ဒီဇင်ဘာ ၈ ရက်က နေပြည်တော်ရှိ MICC II တွင် ကျင်းပသော ပညာရေးဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သူငယ်တန်း + ၁၂ တန်း (KG+12) စနစ်သစ်အရ အခြေခံ ပညာသင်ရိုးညွှန်းတမ်းများကို ၂၀၂၂-၂၃ ပညာသင်နှစ်တွင် အပြီးပြောင်းလဲမည်ဖြစ်ရာ ယင်း မတိုင်မီ ယခုမေးခွန်းပုံစံသစ်များ အသုံးပြုရန် ရည်ရွယ်ထားသည် ဟု ပညာရေးဝန်ကြီးဌာနက ကြေ ညာထားသည်။

အလွတ်ကျက် ဖြေဆိုမှုကို ယခု မေးခွန်းပုံစံသစ်များက လျော့ နည်းစေနိုင်မည်ဟု ပညာရေးဝန် ကြီးဌာနက မျှော်မှန်းထားသည်။ မျှော်မှန်းချက်အတိုင်း ဆောင်ရွက် နိုင်ခြင်းရှိ၊ မရှိ ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။