တရုတ်လူမျိုးများ ဖရဲသီးဝင်ရောက်စိုက်ပျိုးလာ၍ ဒေသခံတောင်သူများ ဈေးကွက်ယှဉ်ပြိုင်နေရ

တရုတ်လူမျိုးများ ဖရဲသီးဝင်ရောက်စိုက်ပျိုးလာ၍ ဒေသခံတောင်သူများမှာ ဈေးကွက် ယှဉ်ပြိုင်နေရသည်။ (ဓာတ်ပုံ − အေအက်ဖ်ပီ)

 ပြည်တွင်း၌ တရုတ်လူ မျိုးများ ဖရဲသီးဝင်ရောက်စိုက်ပျိုး နေ၍ ဒေသခံများထက် စိုက်ပျိုးမှု များသဖြင့် ဖရဲသီးထွက်ချိန်တွင် ဈေးကွက်ရရှိရန် ယှဉ်ပြိုင်နေရ ကြောင်း ဖရဲ၊ သခွားအစုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

တရုတ်လူမျိုးများ စိုက်ပျိုး သည့် ဖရဲသီးများနှင့် ဒေသခံများ စိုက်ပျိုးသည့် ဖရဲသီးများကို တရုတ်ပြည်သို့ပင် တင်ပို့ရောင်း ချသဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင် နေရသည်။

‘‘တရုတ်တွေ ဝင်ရောက်စိုက် ပျိုးတာက ဆိုးကျိုးဖြစ်တာ များပါတယ်။ သူတို့သာ ဝင်မစိုက်ဘူး ဆိုရင် ပြည်တွင်းကနေ တရုတ်ဘက်ကို ဖရဲသီးတင်ပို့ရောင်းချ တာမှာ ကားအစီးရေ ဒီလောက် မများတော့ဘူး။ မများရင် ဈေးကွက်က ဘယ်တော့မှ မပျက်တော့ ဘူး’’ ဟု ဦးနိုင်ဝင်းက ပြောသည်။

လက်ရှိတွင် မူဆယ်နယ်စပ် သို့ နေ့စဉ် ဖရဲသီး ၁၇ တန်ဆံ့ ကုန်တင်ယာဉ်အစီးသုံးရာခန့် ဝင် ရောက်နေပြီး အစီးရေဝင်ရောက် မှုလျော့နည်းလာပါက ဖရဲသီးများ ဈေးကောင်းပိုရနိုင်ကြောင်း ၎င်း က ဆိုသည်။

တရုတ်လူမျိုးများသည် နှစ် စဉ် ဧပြီမှ စက်တင်ဘာအထိ ဖရဲ သီးစိုက်ပျိုးပြီး တစ်နှစ်စာချုပ်ဖြင့် မြေငှားစိုက်ပျိုးကြောင်း၊ စစ်ကိုင်း တိုင်းနှင့် မန္တလေးတိုင်းတွင် အများဆုံး စိုက်ပျိုးကြောင်း ၎င်းက ပြော ကြားသည်။

‘‘တစ်နေရာမှာ တစ်နှစ်ငှား ပြီးရင် နောက်နှစ်ကျရင် သူတို့က အဲဒီနေရာကို ထပ်မငှားတော့ဘူး။ ဒီပြင်နေရာကို ငှားလုပ်တယ်။ နောက်လေး၊ ငါး၊ ခြောက်နှစ်နေမှ အဲဒီနေရာကို ပြန်လာငှားတာ။ မြေပြန်ကောင်းပြီဆိုမှ ပြန်လာငှား တာ’’ဟု စစ်ကိုင်းတိုင်းမှ ဖရဲစိုက် တောင်သူဦးစိုးလွင်က ပြောသည်။

‘‘အသီးအရည်အသွေးက တော့ အတူတူပဲ။ သူတို့က ဒေသ ခံတွေထက် စိုက်ပျိုးမှုအားများ တယ်’’ ဟု ၎င်းက ပြောသည်။

မြစ်ချောင်းဘေးရှိ ရေအမြဲ ဝင်နိုင်သည့် မြေများမှလွဲ၍ ကျန်မြေများတွင် ဖရဲသီးကို ၂ နှစ်အထက် ပိုမိုစိုက်ပျိုး၍ မရကြောင်း ဦးစိုးလွင်က ပြောသည်။

မြန်မာနိုင်ငံရှိ ဖရဲစိုက်ဧက စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် သည် တရုတ်လူမျိုးများ ဝင်ရောက် လုပ်ကိုင်သည့် စိုက်ဧကများဖြစ်ပြီး ကျန်၃၀ ရာခိုင်နှုန်းသည် ဒေသခံ တောင်သူများ၏စိုက်ဧကဖြစ် ကြောင်း ဖရဲ၊ သခွားအစုအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဖရဲစိုက် ဧက နှစ်သိန်းခန့်ရှိပြီး သခွားမွှေးစိုက်ဧက လေးသောင်းခန့်ရှိ ကြောင်း ဖရဲ၊ သခွားအစုအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ဖရဲသီးကို ချင်းနှင့် ကယားပြည်နယ်မှ လွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် စိုက်ပျိုးပြီး ပဲခူးတိုင်း၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည် နယ်၌ အဓိကစိုက်ပျိုးသည်။