ရေဖြူမြို့နယ်အတွင်း ရှားပါးဝေလငါးတစ်ကောင် သေဆုံး

ထားဝယ်ခရိုင် ရေဖြူ မြို့နယ် ဖောင်းတောကျေးရွာအုပ် စု ဓမင်းဆိပ်ကျေးရွာတွင် မေလ ၁၀ ရက်က ဝေလငါးမျိုးနွယ်စုဝင် ဒေသအခေါ် ဝါစေ့ပျောက် ဝေလ ငါးတစ်ကောင် ရေလုပ်သားများ ထောင်ထားသည့်ပိုက်အတွင်း မိ ကာ သေဆုံးခဲ့သည်။

‘‘ဒီငါးက ဝေလငါးမျိုးစိတ် ထဲမှာ အကြီးဆုံးမျိုးစိတ်ထဲပါ တယ်။ သားကြီး၊ ငါးကြီးတွေက ကျန်းမာရေးမကောင်းတော့ ကမ်း ကို လာကပ်ကြတာ။ အခုက ကျား ပိုက်ထောင်တဲ့အထဲမိပြီး သေနေ တာ’’ဟု ရေဖြူငါးလုပ်ငန်းဦးစီး ဌာန ဌာနမှူး ဦးထွန်းနိုင်က ပြောသည်။


အဆိုပါဝေလငါးမျိုးစိတ်ကို  ဒေသခံ   ရေလုပ်သားများက တောက်တဲ့ငါးမန်းဟုခေါ်ပြီး ယင်း ငါးသည် ဖမ်းဆီးရခက်ကာ ယခု ဖမ်းမိခြင်းသည် ကျားပိုက်အတွင်း ဝင်ရောက်၍ ပြန်မထွက်နိုင်ဘဲ သေဆုံးခြင်းဖြစ်ကြောင်း ဓမင်း ဆိပ်ကျေးရွာဒေသခံများက ပြောသည်။

‘‘ငါးက အရှည် ပေ ၂၀ ကျော်မယ်။ အလေးချိန်က နှစ်တန် လောက်ရှိမယ်’’ ဟု ဓမင်းဆိပ်ရွာ သား ကိုမျိုးလင်းက ပြောသည်။

တောက်တဲ့ငါးမန်းခေါ် ဝါ စေ့ပျောက်ငါးကို ရေလုပ်သားများ တွေ့ရှိပါက လှေတိမ်းမှောက်မည် ဆိုး၍ အစာကျွေးကာ ခြောက်လှန့် လွှတ်လေ့ရှိပြီး ရောင်းတမ်းမဝင်၍ ဖမ်းဆီးခြင်းမရှိကြောင်း၊ သို့သော် ယင်းငါးသည် လက်ရှိတွင် တရုတ်ဈေးကွက်မှ ပါးဟက်ခြောက်၊ အရေခွံခြောက်၊ ငါးအသားခြောက်တို့ ဝယ်ယူနေပြီး ယခုမိသော ငါး အရွယ်အစားအရ ကျပ် ၁၅ သိန်းတန်ဖိုးရှိကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။

ယင်းငါးသည် ခေါင်းလိမ်း ဆီ၊ နှုတ်ခမ်းနီထုတ်လုပ်မှုများ တွင် အသုံးပြုနိုင်ပြီး ကျောရိုး၊ ပါးဟက်၊ အမြီးများသည် ငါးမန်း တောင်ဟင်းချိုအဖြစ် ပြုလုပ် ရောင်းချနိုင်ကြောင်း၊ အသားများ ကိုလည်း အခြောက်လှန်းကာ ငါး မန်းသားခြောက်အဖြစ် ရောင်းချမှုများရှိကြောင်း ရေဖြူငါးလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူကဆိုသည်။

‘‘ဒီငါးတွေက ဝေလငါးအုပ် စုဝင်တွေပါ။ အကောင်အရေအ တွက်ကလည်း အတော်နည်းသွား ပြီး။ အခုမိတာ ဒီငါးကို ရည်ရွယ်ဖမ်းတာမဟုတ်ဘူး။ ပိုက်ထဲ ရောက်နေတာ မသိကြတာနေမှာ။ ပိုက်ဆွဲတဲ့အချိန်က ငါးက သေ နေတာ’’ ဟု ဦးကျော်ကျော်သက် က ပြောသည်။