တောတံခါး ဖွင့်လိုက်လေသောအခါ

(တစ်)

လူတွေအဖို့ရာမတော့ ကြားကြားသမျှ စုံနံ့သာမြိုင်တောကြီးရဲ့အကြောင်း ဗျုပ္ပတ်မှန်သမျှဟာ ရယ်ရွှင်ဖွယ်ရာတွေချည်းသာ ဖြစ်လို့ နေလိမ့်မယ် ထင်ပါရဲ့။ သြော်... တိရစ္ဆာန်နဲ့ လူသားအတော့်ကို ကွာခြားပေတာကိုး။

ဟိုးယခင်က ဟောသည် စုံနံ့သာမြိုင်တောဆိုတာကြီးက ကလို့စ်ဆိုဆိုက်ယတီ (Close So-ciety)ကြီးခင်ဗျ။ အပိတ်အစုအဝေးကြီးလို့ဆိုပါတော့။ ပြင်ပကမ္ဘာကလူတွေ တောထဲကို ရောက်လာဖို့ ခက်ခဲသလို တောထဲက သတ္တ၀ါကလေးတွေခမျာမှာလည်း လူသားတွေရှိရာ ပြင်ပကမ္ဘာကြီးဆီကို သွားဖို့ဆိုတာက တော်တော့ကို ခက်ခဲခဲ့ပေတာပေါ့။


ဒုလ္လဘတရားငါးပါးဆိုတာ ကြားဖူးမယ်ထင်ပါရဲ့။ ခဲယဉ်းတဲ့ ဟာတွေလေ။ ဘုရားဖြစ်ဖို့ ခဲယဉ်း တယ်။ လူဖြစ်ဖို့ ခဲယဉ်းတယ်။ ရဟန်းဖြစ်ဖို့ ခဲယဉ်းတယ်။ သဒ္ဓါ တရားနဲ့ ပြည့်စုံဖို့ ခဲယဉ်းတယ်။ သူတော်ကောင်းတရားကို နာရဖို့ ခဲယဉ်းတယ်။ ငါးခု။

အဲ ... တောထဲက တိရစ္ဆာန် ကလေးတွေအဖို့ရာမတော့ အရေးအကြီးဆုံး ဒုလ္လဘတရားက တစ်ခုတည်းသာ။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ ခဲယဉ်းတာတဲ့။ အဲ ဒါကြောင့် ကလို့စ်ဆိုဆိုက်ယတီ (Close Society)လို့ ခေါ်တာဆို လား။

သေချာတယ်ခင်ဗျ။ အက ကောင်းတဲ့ ဒေါင်းမလေးတစ် ကောင်ဆို ဟိုတုန်းက ယိုးဒယားလို့ ခေါ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ သွားကပြီး ပြန်လာတာ တောလည်းပြန်ရောက်ရော ယိုးဒယားပြန် အိုးဝေပျိုရယ်လို့ တန်းပြီးနာမည်တပ်ပစ်တာပဲ။  ဟော.. ဆင်လိမ္မာကြီး ဆဒ္ဒန်။ ဆိုဗီယက်ရုရှားမှာ ဆပ်ကပ်သွားကပြီး ပြန်လာတော့ ဆိုဗီယက်ပြန်ဦး ဆဒ္ဒန်ဆိုပြီး နာမည်က ပိုကြီးလာသယောင်ခင်ဗျ။ အဲ..နေဦး။ အသံသိပ်ကောင်းတဲ့ ငှက်မကလေး ရွှေပြည်စိုး။ ဘိလပ်ကိုသွားခဲ့ဖူးပါသော်ကော။ ဒါကြောင့် ဘိလပ်ပြန်စိုးဆိုပြီး ဟုန်းဟုန်း တောက်တာ။

ဒါတွေကို ပြန်လည်လို့ သုံး သပ်ရရင် ခဏသွားပြီး ပြန်လာ ကြတာကိုသော်မှ ဂုဏ်ယူကြရ တာဆိုတော့ကာ ပြင်ပကမ္ဘာကို သွားတယ်ဆိုတာ ဒုလ္လဘတရားမို့ အံ့သြ၀မ်းသာဖြစ်ကြရရှာကြောင်း သိပ်ကိုပေါ်လွင်နေတာပေါ့။

အလျဉ်းသင့်တဲ့အခါ သတ္တ ၀ါကလေးတွေ သင်းတို့ရဲ့ နာမည် ကို ဖော်ပြပုံတွေက .......

ရွှေယုန် (ခေတ္တ စင်ကာပူ)၊ ရွှေကျား (ခေတ္တ ဂျပန်)၊ ရွှေလိပ် (နည်းနည်းကြာ မလေးရှား)လို့ ဖော်ပြလေ့ရှိတာမို့ အပြင်ထွက်ရ တာဟာ တကယ့်ဒုလ္လဘတရား တစ်ခုပါဆိုတာ ပေါ်နေပါလေ ရော။ တောဟာ ကလို့စ်(Close) ဖြစ်နေခဲ့တယ်ဆိုတာ ထင်ရှားနေ ပါလေရော။

(နှစ်)

 ဗေဒင်ဆရာကြောင်ကြီး ညောင်ညောင်ဆီ ရောက်လာတဲ့ တိရစ္ဆာန်အများစု ထည့်မေးတဲ့ တစ်ချက်က စိတ်မကောင်းစရာ။

‘‘ဆရာ ... စုံနံ့သာမြိုင်ကနေ နိုင်ငံခြားကို ထွက်သွားရမယ့် ကိန်းခန်းလေးများ ပါသလားလို့’’တဲ့။

 ဇီးကွက်ကြီးကကျတော့ လက္ခဏာပါရဂူ။ သူ့ရှေ့ရောက် လာသမျှ သတ္တ၀ါတွေက လက်ဝါး ကလေးတွေ ဖြန့်ပြတာချည်းပဲ။

‘‘ရေခြားမြေခြား သွားရမယ့် လမ်းကြောင်းကလေးများ ကြည့်ပါဦး ဆရာဇီးကွက်ရဲ့’’တဲ့။

သြော် ... လူတွေ ကမ္ဘာပတ် နေတဲ့အချိန်မှာ တိရစ္ဆာန်တွေ တောပြင်ကိုထွက်ဖို့ ခက်ခဲနေ လိုက်ကြတာ။

တစ်ခုရှိသဗျ။ မြင်းမကလေး မြူးမြူး လုပ်သွားပုံကလေးက တော့ လှတယ်။ တောထဲခဏလာ တဲ့ လူတစ်ယောက်နဲ့ မင်္ဂလာ ဆောင်ပစ်လိုက်တာ။ အေးရော။ ပြီးမှ အဲသည့်လူနဲ့ လူ့ကမ္ဘာထဲ ထွက်လိုက်သွားတာ။ ဟိုကျမှ ပြန် ပြီး ကွာရှင်းလိုက်တယ်ဆိုလား ဘာဆိုလား။ ဘာပဲဖြစ်ဖြစ် ပိတ် ဆို့တားဆီးထားတဲ့ ခြင်္သေ့ခေတ်၊ ၀ံပုလွေခေတ်ကြီးထဲမှာ အပြင် ရောက်သွားဖို့က လူနဲ့ ခဏပဲ လင် မယားတော်ရတော်ရ၊ တစ်လပဲလက်ချင်းချိတ်ရချိတ်ရ၊ မြင်းမကလေးမြူးမြူး ခုန်လွှားသွားပုံက လှတယ်လို့ သတင်းကြီးပါရဲ့။ ထား။

၎င်းအချက်တွေကို ပေါင်း ယှက်ကာကြည့်လိုက်တော့ စုံနံ့ သာမြိုင်သည် ယခင်က တံခါး ပိတ်။ ကလို့စ်ဆိုဆိုက်ယတီ (Close Society) ဟူလို။

(သုံး)

ဟော .... အခုတော့ တစ် ခေတ်ပြောင်းချေပြီတမုံ့။

အစွယ်ကြီးတွေ တကားကား အဆိပ်ငွေ့တွေ တဖွားဖွားနဲ့ Might is Right လို့ဆိုကာ ‘ဗလ သည် ဓမ္မ’လို့ ဟစ်ကြွေးခဲ့တဲ့ သတ္တ၀ါတွေရဲ့ ခေတ်ကုန်ကာ ဒေါင်းအိုးဝေတွန်တဲ့ခေတ်ကို ရောက်ပြီမို့ အိုးပင်းဆိုဆိုက်ယတီ (Open So-ciety)လို့ဆိုကာ တံခါးတွေကို ဖွင့်ပေးလိုက်ပါလေရော။

သတ္တ၀ါ သတ္တ၀ါတွေ။ စုံနံ့ သာမြိုင်ထဲက သတ္တ၀ါတွေ။ လူ့ ရပ် လူ့ရွာကိုသွားကြဖို့ အားခဲနေ လိုက်ကြတာလေ။

(လေး)

ပတ်ပို့စ် (Passport) ရုံးလို့  ခပ်လွယ်လွယ် ခေါ်ကြတဲ့ တိရစ္ဆာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးကြီးရှိရာဆီ ဂျက်ကွမ်းခြံကုန်း ခဏတာသွားရောက်ကာ အကဲခတ်မိပါသဗျ။

တောထဲမှာ သတ္တ၀ါရယ်လို့ မှ ကျန်ပါသေးရဲ့လားလို့ကို မေး ယူရလောက်အောင် များလိုက်တဲ့ တိရစ္ဆာန်တွေရယ်လေ။

သူ့အုပ်စုနဲ့သူ။ တန်းစီနေ လိုက်ကြတာ။ မှတ်ပုံတင်တွေနဲ့။ သန်းခေါင်စာရင်းတွေနဲ့။ ဓာတ်ပုံ တွေနဲ့၊ နွားတွေ၊ ကျွဲတွေ၊ ဆင် တွေ၊ မြင်းတွေ၊ သိုးတွေ၊ ဆိတ် တွေ။ လူတွေရှိတဲ့နေရာကို သွား ကြမှာတဲ့။

လယ်ထွန်မယ့် သတ္တ၀ါ၊ ထယ်ထိုးမယ့် သတ္တ၀ါ၊ စပါးတိုက် မယ့် သတ္တ၀ါ၊ လှည်းဆွဲမယ့်သတ္တ ၀ါ၊ သစ်ဆွဲမယ့် သတ္တ၀ါ၊ ၀ါးတိုက် မယ့် သတ္တ၀ါ၊ ဆီကြိတ်မယ့် သတ္တ ၀ါ၊ ဖောင်ဆွဲမယ့် သတ္တ၀ါ၊ ပန်း ကန်ဆေးမယ့် သတ္တ၀ါ၊ အုတ်စီ မယ့် သတ္တ၀ါ၊ အပင်စိုက်မယ့်  သတ္တ၀ါ၊ လုံခြုံရေးလုပ်မယ့် သတ္တ၀ါ၊ ကလေးထိန်းမယ့် သတ္တ၀ါ၊ ငါးဖမ်းမယ့် သတ္တ၀ါ၊ စားပွဲထိုးမယ့် သတ္တ၀ါ၊ နွားနို့ညှစ်မယ့် သတ္တ၀ါ၊ သန့်ရှင်းရေးလုပ်မယ့် သတ္တ၀ါ၊ ကြံခုတ်မယ့် သတ္တ၀ါ၊ အလောင်းပြင်မယ့် သတ္တ၀ါ၊ အမှိုက်ကျုံးမယ့် သတ္တ၀ါ။ အို .....။

ဖွင့်ပေးလိုက်တဲ့ မူဝါဒနဲ့အ ညီ ခေတ်အဆက်ဆက် တောပြင်ကို မထွက်ခဲ့ကြတဲ့ သတ္တ၀ါတွေ စုံနံ့သာမြိုင်တောကြီးရဲ့ ပြင်ပကမ္ဘာရှိရာဆီ သွားကြဖို့ အားခဲ နေလိုက်ကြတာ။

အတိတ်က တောပြင်ကို ထွက်ဖို့ ခဲယဉ်းခဲ့တဲ့ သတ္တ၀ါတွေ အခုတော့ ခပ်လွယ်လွယ်နဲ့ ထွက် ခွင့်တွေသာလို့။ သတ္တ၀ါတွေက တစ်ခုတော့ စိတ်ချရတယ်။ ခဲခဲ ယဉ်းယဉ်း သွားရတုန်းကလည်း သည်စိတ်၊ လွယ်လွယ်ကူကူ သွား ရပြီဆိုတော့လည်း သည်စိတ်။ မပြောင်းလဲဘူး။

လူတွေခိုင်းတာ ငါတို့အကုန် လုပ်မယ်ဆိုတဲ့စိတ်။    ။

(ဂျက်ကွမ်းခြံကုန်းသည် သရော်စာ ရေးသားသူဖြစ်သည်။)