ထားဝယ်မြို့မှ နှစ် ၁၅၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီး

ဓာတ်ပုံ−သက်​နိုင်​စိုး၊ မောင်​လှ

ထားဝယ်မြို့၌ နှစ် ၁၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်းမြေတိုက်ဘုန်းကြီးကျောင်းဆောင် သည် မေလ ၁၁ ရက် ည ၁၂ နာရီခန့်တွင် မီးလောင်ပျက်စီးခဲ့ ကြောင်း ထားဝယ်ခရိုင်မီးသတ် ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ပြော သည်။

မီးလောင်ရသည့် အကြောင်း ရင်းမှာ   ယင်းကျောင်းဆောင် မျက်နှာကြက်ရှိ ဟောင်းနွမ်းဆွေး မြည့်နေသော ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ နှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မေလ ၁၂ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးနှင့် စည်ပင်ဝန်ကြီး ဦးဟိုပင်က ‘‘ဆရာတော်ဆီ ဒီနေ့ မနက်မှာ သွားဖူးတွေ့တော့ ဆရာတော်က အဲဒီည ၁၁ နာရီခွဲ လောက်မှာ အိပ်ရာဝင်တယ်လို့ မိန့်တယ်။ အသံတွေကြားလို့ အခန်းတံခါးဖွင့်တော့ မီးက တော် တော်ကြီးများနေလို့ ပုံမှန်လမ်းက ဆင်းလို့မရဘဲ ရပ်ကွက်နေပြည် သူတွေက ပြတင်းပေါက်ကနေ ထောင်ပေးတဲ့ လှေကားအတိုင်း ဆင်းလာရတယ်လို့ မိန့်ပါတယ်။  နိုးလာလို့ တော်သေးတယ်။ မနိုး ရင် မီးထဲပါသွားမှာ’’ ဟု ပြော သည်။

အဆိုပါကျောင်းမှ ကျောင်း ထိုင်ဆရာတော်သည် သက်တော် (၈၀)ကျော်ရှိနေပြီဖြစ်ပြီး မီး လောင်မှုကြောင့် ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်း ဝန်ကြီးက ပြော သည်။

ကညုံရပ်ကွက်အတွင်းရှိ ယင်းရှေးဟောင်းကျောင်းဆောင် တစ်ခုလုံးကို ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားပြီး ထားဝယ်မြို့ ၏ရှေးအကျဆုံးအဆောက်အအုံ ဖြစ်ကြောင်း ထားဝယ်မြို့ခံများက ဆိုသည်။

‘‘ရှေးဟောင်းကျွန်းကျောင်း ကြီးတော့ မရှိတော့ဘူး။ ဒီကျောင်း ဆရာတော်က ရှေးဟောင်းကို တန်ဖိုးထားပြီး ခဲရာခဲဆစ်ထိန်းသိမ်း ထားတာ။ အခု ဘယ်လိုမှ အစား ပြန်မရနိုင်တော့ဘူးလေ။ မီးလောင်တာကြည့်ပြီး  ငိုနေတဲ့သူ တွေရှိတယ်’’ဟု မီးလောင်ရာသို့ သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံ တစ်ဦးက ပြောသည်။

မြေတိုက် ကျောင်းဝင်းအ တွင်း မီးလောင်ကျွမ်းခဲ့သည့် ပင်မ ကျောင်းဆောင်ကြီးအပါအဝင် အခြားကျောင်းဆောင်ငယ် ၁၀ ခု ခန့်ရှိပြီး ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ငါးပါး သီတင်းသုံးကြောင်း ဆရာတော်၏ဒကာ ဦးရီဌေးက ပြောသည်။

မီးလောင်မှုကြောင့် ကျပ် သိန်း ၉၀ ကျော်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် သေဆုံးထိခိုက်မှု မရှိကြောင်း ထားဝယ်ခရိုင် မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၉ ရက်က လည်း ကယားပြည်နယ် လွိုင် ကော်မြို့ပေါ်ရှိ ရှေးဟောင်းဘုန်း ကြီးကျောင်း အပေါ်ထပ်တွင် ဘုရားမီးပူဇော်ရာက မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။