မူဆယ်တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး၍ သေဆုံးသူ ၂၀ ဦးရှိလာ

သေဆုံးသူများတွင် သုံးဦးသည် တရုတ်နိုင်ငံသားများဖြစ်ဟု အတည်ပြု

မူဆယ်တိုက်ခိုက်ခံရမှု တွင် ဒဏ်ရာရသူ တစ်ဦး မန္တလေး သို့ ပို့ဆောင်စဉ် သေဆုံး၍ သေ ဆုံးသူ ၂၀ ဦးရှိလာကြောင်း၊ သေဆုံးသူများအနက် သုံးဦးသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် မေလ ၁၂ ရက်က ရဲကင်းစခန်းနှင့် ပြည်သူ့စစ်များ ကို တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ၀င်ရောက်တိုက်ခိုက်သဖြင့် အရပ်သားများအပါအ၀င်၁၉  ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

မူလက အရပ်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ ပြည်သူ့စစ် လေးဦး စုစုပေါင်း ၁၉ ဦးသေဆုံး သည်ဆိုသော်လည်း စိစစ်မှုအရ ပြည်သူ့စစ်အမှန်တကယ်သေ ဆုံးမှုသည် ၁၀ ဦးဖြစ်ပြီး အရပ် သားသေဆုံးမှုသည် မူလထုတ်ပြန်ထားသည့်အရေအတွက်ထက် လျော့နည်းကြောင်း အထက်ပါအရာရှိက ပြောသည်။

ဒဏ်ရာရသူများအနက် ဦး ခေါင်းဒဏ်ရာရရှိသည့် အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးကို မူဆယ်ဆေးရုံမှ မန္တလေးဆေး ရုံသို့ ပို့ဆောင်စဉ် မေလ ၁၂ ရက် နံနက် ၃ နာရီခန့်က လမ်းခရီး၌ သေဆုံးကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့တာဝန်ရှိသူအချို့က ပြောသည်။

မူဆယ်ခရိုင်ထွေအုပ်မှ အရာရှိတစ်ဦးက ‘‘တစ်ယောက်တော့ မန္တလေးဆေးရုံကို ပို့တာ ဆုံးတယ်လို့ ပြောတယ်’’ဟု အတည်ပြု သည်။ သေဆုံးသူများထဲတွင် တရုတ်လူမျိုး သုံးဦးပါဝင်နေခြင်း ကိုလည်း ၎င်းကအတည်ပြုသည်။

‘‘သူတို့က ဒီဘက်လာပြီး သူ တို့မိတ်ဆွေဆီမှာ နေရင်းနဲ့ ထိ ခိုက်သွားတာ။ သူတို့ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ သူတို့အ လောင်းတွေကို လာသယ်ကြတာ တော့ရှိတာပေါ့’’ဟု အဆိုပါအရာ ရှိက ပြောသည်။ အလောင်းများ သယ်ယူရေး သက်ဆိုင်ရာရဲ၊လ၀ကတို့နှင့် ညှိနှိုင်းနေကြောင်း ၎င်းက ဆိုသည်။

မူဆယ်မြို့ခံ ကိုခင်မောင် လွင်က ‘‘ဟိုဘက်နိုင်ငံက ရဲတို့၊ ကျန်းမာရေးဌာနက ဆရာဝန်တို့ သူတို့သက်ဆိုင်ရာဌာနက လာသွားတယ်။ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေနဲ့ လာတာ။ အခုပဲ အလောင်းတွေသယ်သွားပြီ’’ဟု ပြောသည်။

လက်ရှိမူဆယ်မြို့၏ အခြေ အနေသည် ပုံမှန်အတိုင်း တည်ငြိမ်နေကြောင်း ကိုခင်မောင်လွင်က ဆိုသည်။ မူဆယ်ခရိုင်ထွေအုပ်မှ အရာရှိက လက်ရှိတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူစစ်တို့မူဆယ်မြို့လုံခြုံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း ပြောသည်။