ဘန်းချောင်းကျောက်မီးသွေးတွင်းဟောင်း စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်သို့ တင်မည်

 ထားဝယ်မြို့နယ် ကွမ်း ချောင်းကြီးကျေးရွာအနီးရှိ ဘန်း ချောင်းကျောက်မီးသွေးတွင်း ဟောင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော် မတီ အဖွဲ့ဝင်များသွားရောက် စစ်ဆေးပြီး တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက ပြောသည်။


အမျိုးသားလွှတ်တော်သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များသည် ဧပြီ ၃၀ ရက်က သွားရောက်စစ်ဆေးခဲ့သည်။

‘‘အဓိကကတော့ ကျောက်မီး သွေးမြေစာပုံတွေကို ပြန်မဖုံးဘဲ ဒီ အတိုင်းထားခဲ့တော့ ကျောက်မီး သွေးလောင်စာတွေက အထဲမှာ မီးလောင်ပြီး မီးခိုးတွေထွက်နေ တာ။ အနံ့ကလည်း ရှူမိရင် မူး တယ်’’ဟု ယင်းကော်မတီအဖွဲ့ ၀င်လည်း ဖြစ်သူ ဦးဟန်ဝင်းသိန်းက ဆိုသည်။

စစ်ဆေးတွေ့ရှိချက်များကို ကော်မတီတွင် အစည်းအဝေးပြု လုပ်ကာ မေလ ၁၄ ရက်၌ ပြန် လည်စတင်မည့် အမျိုးသားလွှတ် တော်အစည်းအဝေးသို့ တင်ပြ မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ယင်းကျောက်မီးသွေးတွင်း ကြောင့် ဒေသခံရွာများအသုံးပြု နေသော ထီးဂေးချောင်းထွက်ရှိ ရာ ရေထွက်ပေါက်များပျက်စီးပြီး ထီးဂေးချောင်းရေလည်း ကျောက်မီးသွေးမြေစာများဝင်ရောက်ကာ အသုံးပြုမရတော့ကြောင်း ကထောင်းနီးကျေးရွာ ဒေသခံ ကိုစောမာကုက ဆိုသည်။

‘‘ကျွန်တော်တို့ ရွာနဲ့က နည်း နည်းဝေးသေးတယ်။ ဒါပေမဲ့ ကျောက်မီးသွေးတွင်းက ညှော်က ကျွန်တော်တို့ရွာထိ တစ်ခါတလေရောက်တယ်၊ အနံ့က ပြင်းတယ်။ မိုးတွင်းဆို ပိုဆိုးတယ်’’ဟု ၎င်းက ပြောသည်။

ယင်းကျောက်မီးသွေးတွင်း ဟောင်းကို ထပ်မံစာချုပ်မချုပ်ဆို ရန်နှင့် လုံးဝရပ်ဆိုင်းပေးရန် ဒေသခံများက နိုင်ငံတော်သမ္မတထံ မေလ ၈ ရက်က စာပေးပို့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်မီးသွေးတွင်း အနီး ရှိ ဒေသခံများသည် တနင်္သာရီ တိုင်း သတ္တုတွင်းဦးစီးဌာနမှ တာ ၀န်ရှိသူနှင့် တွေ့ဆုံကာ ယင်း ကျောက်မီးသွေးတွင်းပြန်လည် တူးဖော်ခြင်းမပြုရေး ဆွေးနွေးခွင့် ရရန် မြန်မာနိုင်ငံပွင့်လင်းမြင်သာ မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင် ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) ကိုလည်း အကူအညီ တောင်းထားကြောင်း တာကပေါ လူငယ်အဖွဲ့ အကြံပေး နော်ပီသ လောက ဆိုသည်။

အဆိုပါ ကျောက်မီးသွေး တွင်းကို ၂၀၁၂ တွင် ထိုင်းကုမ္ပဏီEast Star Mining က မြေဧက ၂,၁၀၀ ပေါ်၌ လာရောက်တူးဖော်ရာအနီးရှိ ကွမ်းချောင်းကြီးကျေးရွာမှ ဥယျာဉ်ခြံများဆုံးရှုံးပြီး ဒေသခံများကျန်းမာရေးထိခိုက်သော ကြောင့် ဒေသခံများက တိုင်းဒေသ ကြီးအစိုးရထံ တင်ပြခဲ့သည်။

၂၀၁၇ တွင် တိုင်းအစိုးရက ယင်းကျောက်မီးသွေးတွင်းကို ရှောင်တခင် ၀င်ရောက်စစ်ဆေး ပြီး ယာယီပိတ်သိမ်းခဲ့သည်။