ငြိမ်းချမ်းရေးကဗျာရွတ်ပွဲ ဦးဆောင်သူနှင့် ၀န်းရံသူသုံးဦးကို အမှုဖွင့်

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်သော ငြိမ်းချမ်းရေးကဗျာရွတ်ပွဲကို ရဲတပ်ဖွဲ့တာဝန်ရှိသူများကလာရောက်တားဆီးရာ တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နှင့် ရဲအရာရှိတစ်ဦးစကားပြောနေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့လယ်တွင် ယမန်နေ့က ပြုလုပ်သည့်ငြိမ်းချမ်း ရေးကဗျာရွတ်ပွဲကို ရဲတပ်ဖွဲ့က တားဆီးပြီး ဦးဆောင်ပြုလုပ်သူနှစ်ဦးနှင့် ၀န်းရံသူတစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။

မေလ ၁၄ ရက်ညနေတွင် ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလ ပန်းခြံအတွင်း ကဗျာဆရာများက ငြိမ်းချမ်းရေးကဗျာရွတ်ပွဲပြုလုပ် ရာ ဦးဆောင်ပြုလုပ်သူ ကိုရွှေ ကြယ်မိုး၊ ကိုခန့်မင်းထက်နှင့် အမှတ်တရစကား ပြောကြားသော တကသ ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်တို့သုံးဦးကို ပုဒ်မ ၁၉ ဖြင့်အမှုဖွင့်ခဲ့သည်။

‘‘ရွှေကြယ်မိုးနဲ့ခန့်မင်းထက် ကတော့ ဦးဆောင်ပြုလုပ်တဲ့သူ တွေမို့ပါ။ ဇေယျာလွင်ကတော့ သူစကားပြောတဲ့အခါမှာ သူပြော တဲ့စကားတွေက လက်ခံနိုင်စရာ မရှိလို့ပါ’’ ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါငြိမ်းချမ်းရေးကဗျာ ရွတ်ပွဲသည် ခွင့်ပြုချက်မရှိဘဲ ပြု လုပ်၍ စည်ပင်သာယာရေးအဖွဲ့ နှင့်ရဲတပ်ဖွဲ့က တားဆီးခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော့်ကို ပုဒ်မ  ၁၉ နဲ့ အမှုဖွင့်လိုက်လို့ ရဲစခန်းကိုလိုက် ခဲ့ပါလို့တော့ လာပြောတယ်။ ကျွန်တော်က အဲဒီပွဲကို အမှတ်တ ရလာစကားပြောတာပဲရှိတာ’’ ဟု ကိုဇေယျာလွင်က ပြောသည်။ မေလ ၁၂ ရက်က ရန်ကုန်မြို့၌ စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြသူများကို ရဲ တပ်ဖွဲ့က ဖြိုခွင်းပြီးပါဝင်သူ ၁၇ ဦးကိုငြိမ်းစုစီပုဒ်မ ၂၀ ဖြင့်အမှုဖွင့် ထားသည်။