လေကာမှန် ကွဲအက်မှုကြောင့် တရုတ် ခရီးသည်တင်လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ

တရုတ်တွင် ခရီးသည်တင် လေယာဉ်တစ်စီး၏ လေယာဉ်မှူးခန်း လေကာမှန် ကွဲအက်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

မေ ၁၄ ရက်က ဆီချွမ် လေကြောင်းပိုင် လေယာဉ်သည် တိဘက်သို့ ဦးတည် ပျံသန်းနေစဉ် လေကာမှန် ကွဲအက်မှုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ခရီးစဉ်အမှတ် ၈၆၃၃ ၏ တွဲဖက် လေယာဉ်မှူးသည် လေကာမှန် အပေါက်မှ လေစုပ်ယူမှုကြောင့် လေယာဉ်ကိုယ်ထည် အပြင်ဘက်သို့ ကိုယ်တစ်ပိုင်း ထွက်နေခဲ့သည်။

အဆိုပါ လေယာဉ်သည် ချောင်ကျန်းမှ တိဘက်ဒေသ၏မြို့တော် လာရှာသို့ ပျံသန်းစဉ် အရေးပေါ် ဆင်းသက်ရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။ လေယာဉ်မှူး လျူချန်ကျန်းက “ကျွန်တော့် ဘေးကို လှည့်ကြည့်တော့ တွဲဖက်လေယာဉ်မှူးက အပြင်ဖက်ကို ကိုယ်တစ်ပိုင်း ထွက်နေပြီ။ ကံကောင်းတာက သူက ခါးပတ်ပတ်ထားတော့ အဝေးကြီးကို လွင့်မသွားဘူး”ဟု ပြောကြားခဲ့သည်။

လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် ၁၁၉ ဦးအနက် ၂၉ ဦးကို ကျန်းမာရေး စစ်ဆေးမှု ခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး လေယာဉ် အမှုထမ်းများအနက် တစ်ဦးမှာ ခါးဒဏ်ရာကြောင့် ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။ သို့သော် သေဆုံးသူ မရှိခဲ့သလို အများစုသည်လည်း ဆေးရုံပြန်ဆင်းခွင့် ရခဲ့သည်။

ယခုဖြစ်စဉ်တွင် အခက်အခဲကြားမှ လေယာဉ်ကို အကောင်းဆုံး ထိန်းချုပ် ဆင်းသက်နိုင်ခဲ့သည့် လေယာဉ်မှူးကို တရုတ် လူမှုကွန်ရက် မီဒီယာ သုံးစွဲသူများက ချီးကျူးဩဘာ ပေးခဲ့ကြသည်။ အချို့ကလည်း လေယာဉ်မှူးကို လစာတိုးပေးသင့်ကြောင်း တိုက်တွန်းကြသည်။

လေယာဉ်၏ လေကာမှန် ကွဲအက်သွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေဆဲဟု ဆီချွမ် လေကြောင်းလိုင်းက ကြေညာထားသည်။

Ref: Asia One