ဟိုပုံးမြို့တွင် ပထမအကြိမ် ဓာတ်ပုံ၊ ပန်းချီပြပွဲကျင်းပ

ပြပွဲသို့ လာရောက်ကြည့်ရှုသူအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

 ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဟိုပုံးမြို့တွင် ပထမအကြိမ် ဓာတ်ပုံ၊ ပန်းချီပြပွဲကို ဟိုပုံးအနုပညာခန်းမတွင် မေလ ၁၅ ရက်ကစတင် ကျင်းပနေသည်။

အဆိုပါဓာတ်ပုံ၊ ပန်းချီပြပွဲ ကို မေလ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကျင်းပမည်ဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသား ပန်းချီဆရာ ကိုးဦး၊ ဓာတ်ပုံဆရာ ခုနစ်ဦးတို့ ပါဝင်ပြသနေကြောင်း ဟိုပုံးအနုပညာခန်းမတာဝန်ခံ ဦးခွန်သောမတ်စ်က ပြောသည်။


‘‘ပန်းချီတွေ၊ ဓာတ်ပုံတွေစု စည်းပြီးတော့ အခုလိုပြပွဲပြုလုပ် တာ ပထမဆုံးအကြိမ်ပါ။ အနု ပညာရှင်တွေ ပိုမိုအားကောင်း လာဖို့ ရည်ရွယ်ပြီး ပြပွဲပြုလုပ်တာ ပါ’’ဟု ၎င်းက ပြောသည်။

ပြပွဲတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ သဘာဝရှုခင်းအလှများ၊ စေတီပုထိုးများ၊ ပအိုဝ်းတိုင်းရင်း သားယဉ်ကျေးမှု ဓလေ့စရိုက်တို့ကို ဖော်ကျူးထားသည့် ပန်းချီ၊  ဓာတ်ပုံ၁၅၀ ခန့် ချိတ်ဆွဲပြသထားသည်။

‘‘မှတ်တမ်းဓာတ်ပုံတွေ ရိုက် လာတာကြာပြီ။ အခုလိုပြသခွင့်မရှိခဲ့ဘူး။ အခုမှ ဖော်ထုတ်ပြသခွင့် ရတာပါ’’ဟု ပြပွဲတွင် ပါဝင်သည့် ဓာတ်ပုံဆရာ ခွန်သိန်းဝေက ပြောသည်။

နောက်ပိုင်းတွင်လည်း ဟိုပုံးအနုပညာခန်းမ၌ ရုပ်ရှင်ဇာတ် လမ်းတိုနှင့် သက်ဆိုင်သည့် အနု ပညာသင်တန်းများ အခမဲ့ သင်ကြားနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးမည်ဟု ဦးခွန်သောမတ်စ်က ပြောသည်။

More in Regional Section