ရုပ်ရှင်အကြိုခံစားခြင်း

ဥပါဒါန်

ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ ဘာသာရေး အသားပေး ရိုက်ကူးထားတဲ့ ဇာတ်ကား အ ကြောင်းကို ညွှန်းလိုက်ပါတယ်။

ဦးပဉ္စင်းဝဏ္ဏသီရိက ၎င်း၏ မိခင်နေထိုင်ခဲ့သည့် ရွာအနီးတွင် သီတင်းသုံးနေထိုင်နေပါသည်။ အဆိုပါ ဦးပဉ္စင်းလေး၏ သီလ၊ သမာဓိ အားကောင်းမှုကြောင့် ဦးပဉ္စင်းလေးကို ဖူးမြင်ဖူးသူတိုင်း က သဒ္ဓါစိတ်ပေါက်ကာ လှူဒါန်းလေ့ရှိကြသည်။ ဆွမ်းခံကြွသည့်အချိန် ဒါယကာ၊ ဒါယိကာမများ နှင့်ဆုံတွေ့လျှင် ၎င်းတို့တွင်ပါလာသည့် ထမင်း၊ ဟင်းများကို လှူဒါန်းလေ့ရှိသည်။

ထို့အတူ ဦးပဉ္စင်းဝဏ္ဏသီရိ  သည် နေထိုင်ရာကျောင်းသင်္ခန်း မရှိဘဲ  နေထိုင်ခြင်းဖြစ်သော ကြောင့် ယင်းအဖြစ်အပျက်ကို မြင်တွေ့ရသည့်  ဒကာများက ယာယီတဲကျောင်းလေးဆောက် လုပ်လှူဒါန်းပေးသည်။ သို့သော် လည်း အချို့ရက်များတွင် ဆွမ်းခံ ထွက်သော်လည်း ဘာမှမရသော ကြောင့် ရေကိုဘုန်းပေးကာ ဆွမ်း ကိစ္စပြီးစီးရသည်လည်း ရှိခဲ့သည်။တစ်ရက်တွင် ဦးပဉ္စင်းလေး တရား ထိုင်ပြီးချိန်၌ ၎င်း၏ရှေ့တွင် သစ်သီးများ ရောက်နေသည်ကိုတွေ့ခဲ့ရသည်။ လှူဒါန်းသူကိုတော့ မတွေ့ခဲ့ရ။

နောက်တစ်ရက်တွင်မူ အဆိုပါ သစ်သီးများ လှူဒါန်းသူကို တွေ့ခဲ့ရသည်။ အလှူရှင်သည် လူသားတစ်ဦးတော့မဟုတ်၊ မြွေတစ်ကောင်ဖြစ်နေသည်။ ထို့ကြောင့် တရားကိစ္စပြီးအောင် အားထုတ်ပြီးချိန်တွင် အဆိုပါမြွေကို ရှုမြင် ကြည့်ရာ ၎င်း၏ရဟန်းဒါယိကာမဖြစ်သည့် ပြည့်စုံခင်ဖြစ်နေသည် ကို တွေ့ရှိခဲ့ရသည်။

ဦးပဉ္စင်းဝဏ္ဏသီရိ မန္တလေး မြို့မှ ရန်ကုန်သို့ ကျောင်းတက်ရန် ရထားနှင့် လာရောက်စဉ် ပြည့်စုံ ခင်နှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ပြည့်စုံခင်တို့ မိသားစုက ဘာသာရေးလိုက်စားသူများ ဖြစ်သလို ဦးပဉ္စင်းဝဏ္ဏသီရိကို ဖူးရသည့်အချိန် မှာတော့ ဆွမ်းကပ်ချင်စိတ်ဖြစ် တာကြောင့် သူတို့ ထမင်းမစား သေးခင် ဆွမ်းကပ်ဖို့ ပြောခဲ့ပါ တယ်။ ဒါပေမဲ့ ဦးပဉ္စင်းက ဆွမ်း ကိစ္စပြီးပြီလို့ဆိုတာကြောင့် ဆွမ်း ကပ်ခွင့်မရပါဘူး။ အဲဒါကြောင့် အအေးပဲကပ်ခဲ့ရပါတယ်။

ပြည့်စုံခင်က မိဘတွေမရှိ တော့ပါဘူး။ အဘွားနဲ့ပဲနေရတာ ပါ။ အဲဒီလိုနဲ့ တစ်ရက်မှာ သူ့ အမေရဲ့ နှစ်ပတ်လည်အနေနဲ့ တန်းဆွမ်းလောင်းလှူခဲ့ပါတယ်။အဲဒီအလှူမှာ ပြည့်စုံခင်နဲ့ ဦးပဉ္စင်းဝဏ္ဏသီရိတို့ဆုံခဲ့ပါတယ်။ ပြည့်စုံ ခင်က ရထားပေါ်မှာတုန်းက ဆွမ်းကပ်ခွင့်မရခဲ့တဲ့ ဦးပဉ္စင်းလေးကို ဆွမ်းကပ်ခွင့်ပြန်ရခဲ့တာကြောင့် ဝမ်းသာနေပါတယ်။ နောက်ပြီး ဦးပဉ္စင်းဝဏ္ဏသီရိက တည်တည်ငြိမ်ငြိမ်နဲ့ ကြည်ညိုဖွယ်ကောင်း တာကြောင့် ကျောင်းထိုင်ဆရာ တော်ဆီမှာ ရဟန်းဒါယိကာမအဖြစ် တာဝန်ယူဖို့လျှောက်ထား ခဲ့ပါတယ်။ နောက်ပြီး ဦးပဉ္စင်းလေး စာဝါတက်နေတဲ့တစ်ချိန်လုံးမှာလည်း လိုလေသေး မရှိ အောင်ဆိုပြီး အမြဲတမ်း ပစ္စည်း တွေ ဝယ်ပေးပါတယ်။ ဦးပဉ္စင်းလေးက ရောင့်ရဲတတ်သူ ဖြစ်တာကြောင့် ပြည့်စုံခင်ဝယ်လာတိုင်း ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းထိုင်ဆရာတော်ကြီးက လက်ခံဖို့ ပြောတာကြောင့် အမြဲ လက်ခံရပါတယ်။

ပြည့်စုံခင်က ဦးပဉ္စင်းလေး အပေါ်မှာ ဘာကြောင့် သဒ္ဓါတွေလွန်နေရတာလဲ။ မြွေဘဝကို ဘာ ကြောင့် ရောက်သွားခဲ့တာလဲဆို တာတွေကိုတော့ မေလ ၁၈ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ပြသတော့မယ့် ဥပါဒါန်ဆိုတဲ့ဇာတ်ကားလေး မှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဦးပဉ္စင်းဝဏ္ဏ သီရိအဖြစ် ခိုင်ထူးသာ၊ ပြည့်စုံခင်အဖြစ် နန်းဆုဦးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာဗန်းကြီးက ရိုက်ကူးပုံဖော်ထား ပါတယ်။