NCA လက်မှတ်ထိုးရေးကြိုးစားမည့် KNPP ၏ သဘောထားကို ကြိုဆိုထောက်ခံပွဲပြုလုပ်

မေလ ၁၅ ရက်က လွိုင်ကော်မြို့တွင် ပြုလုပ်သော လူထုထောက်ခံပွဲသို့ တက်ရောက်လာသူများ(ဓာတ်ပုံ − ကိုဇော်ဖေ့စ်ဘွတ်ခ်)

ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) အနေဖြင့်NCA တွင် လက်မှတ်ရေးထိုးနိုင် ရေး ဆက်လက်ကြိုးပမ်းမည်ဟူ သော သဘောတူညီချက်အပေါ် ဒေသခံများက အားပေးကြိုဆို ကြောင်း ပြသခြင်းအဖြစ် မေလ၁၅ ရက်က လွိုင်ကော်မြို့တွင်လူထုထောက်ခံပွဲ  ပြုလုပ်ခဲ့သည်။

 အဆိုပါလူထုထောက်ခံပွဲ ကို လွိုင်ကော်မြို့ ကေ့ထျိုးဘိုး ကွင်းတွင် ပြုလုပ်ခဲ့ပြီး ကယား ပြည်နယ်ရှိ ခုနစ်မြို့နယ်မှ ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအ၀င် ပြည်သူလူထု နှစ်သောင်းကျော်တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ထွန်းက ပြောသည်။


‘‘ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် NCAလက်မှတ်ရေးထိုးနိုင်ရေး ဆက် လက်ကြိုးပမ်းဆောင်ရွက်မည့် သဘောတူညီချက်အား ကယား ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူအပေါင်းက အားပေး ထောက်ခံကြိုဆိုပါသည်’’ ဟူ သော စာသားပါသည့် ဗီနိုင်းပိုစတာများ၊ ‘မြန်မာပြည်ငြိမ်းချမ်း ပါစေ’ဟူသော စာသားပါသည့် အဖြူရောင် တီရှပ်အင်္ကျီများ၊ အလံများကိုင်ဆောင်ကာ လွိုင်ကော်မြို့အတွင်းသို့ စီတန်းလှည့်လည်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 ‘‘ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအားလုံး၊ အဖွဲ့အစည်းအသီးသီး၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးကနေပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ နှလုံးသားဆန္ဒအရ ငြိမ်းချမ်း ရေးကို လိုလားလို့ ဒီအခမ်းအနား ကို ကျင်းပကြတာ ဖြစ်ပါတယ်’’ဟုဦးသက်နောင်ထွန်းက ပြောသည်။

အဆိုပါထောက်ခံပွဲပြုလုပ် ခြင်းနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီအဖွဲ့ဝင် လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေး ရယ်သို့ ဖုန်းဆက်မေးမြန်းရာ ဆက်သွယ်မှုမရပေ။

အစိုးရငြိမ်းချမ်းရေးကော်မ ရှင်နှင့် KNPP ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ သည် ဧပြီ ၂၆ နှင့် ၂၇ ရက်တို့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံ၍ NCA  (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးသဘောတူစာချုပ်)တွင် လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးခဲ့ရာ KNPP အနေဖြင့် အမြန်ဆုံးလက် မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း မည်ဟု သဘောတူညီကြောင်း ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

KNPP သည် ၂၀၁၂ နှင့် ၂၀၁၃ ကတည်းက အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးဆောင် ရွက်ထားသည်။

More in News Section