နောင်ရမ်းလှေဆိပ်၌ သခင်ကို စောင့်မျှော်နေသူများ

ပစ်ခတ်မှုဖြစ်ခဲ့သည့် နောင်ရမ်းစက်လှေဂိတ် တဲအိမ်တစ်ခုအနီးတွင် လမ်းမဘက်သို့ ငေးမျှော်နေသော ပိုင်ရှင်မဲ့ခွေးကို တွေ့ရစဉ် (ဓာတ်ပုံ − U Thaung Tun)

ယခင်အပတ်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ များပါ သေဆုံးဒဏ်ရာရရှိခဲ့သော မူဆယ်မြို့နယ် နောင်ရမ်းစက် လှေဆိပ်အနီး ယခုအခါ လူသူ ကင်းမဲ့နေသော်လည်း ခွေးသုံး ကောင် ရှိနေဆဲဖြစ်သည်။ လှေ ဆိပ်အနီးရှိ တဲငယ်တစ်လုံးရှေ့ တွင် လမ်းဘက်သို့ မျှော်ငေးနေ သော ခွေးသုံးကောင်ကို ခပ်လှမ်း လှမ်းက မြင်တွေ့နိုင်သည်။


မေလ ၁၂ ရက်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)က ရဲကင်းစခန်းများနှင့် ပြည်သူ့စစ် များကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူများ အပါအဝင် လူ ၂၀ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော ဖြစ်ရပ်တွင် အဆိုပါခွေးသုံးကောင်သည် လည်း ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့သည်။ အထက်ပါ တိုက်ပွဲများကြောင့် ကိုယ်ဝန်သုံးလ လွယ်ထားသော ခွေးသုံးကောင်၏ သခင် မဝါဝါစန်းသည် ကျည်သင့် ၍ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ကိုဝင်းဇော်အောင်မှာ ခြေထောက်တွင် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိသဖြင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသခဲ့ရသည်။ ထို့ ကြောင့် သခင်နှစ်ဦး၏ကံကြမ္မာ ကို မသိသော ခွေးသုံးကောင်မှာ တဲရှေ့တွင် သခင်နှစ်ဦးပြန်လာ မည့်အချိန်ကို စောင့်မျှော်နေကြ ခြင်းဖြစ်ပါသည်။


နောင်ရမ်းဂိတ်ဝင်းတွင် လူတစ်ဦးမျှ ပြန်လည်နေထိုင်ခြင်း မရှိသေးသော်လည်း ခွေးသုံးကောင်မှာမူ သခင့်အိမ်ကို စွန့်ခွာမသွားပေ။ (ဓာတ်ပုံ − U Thaung Tun)

သခင်များကို မတွေ့ရသော ခွေးသုံးကောင်၏ပုံစံမှာ နေမ ကောင်းသော ခွေးများကဲ့သို့ မှိုင် တွေတွေဖြစ်သည်။ သူတို့ စားနေကျ ခွေးစာခွက်များက နေပူပူအောက်တွင် ဗလာကျင်းဖြစ်နေသည်။ ခွေးသုံးကောင်သည်  သူတို့၏ အစာခွက်များအနီးမှာပင် ထိုင်၍ လမ်းမဘက်သို့ ငေးမျှော်နေခြင်းဖြစ်သည်။ သို့သော် အနီးသို့ လူစိမ်းရောက်လာလျှင်  ကြောက် လန့်နေသည့် ဟန်ပန်ဖြစ်သွား သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နောင်ရမ်းစက်လှေဂိတ်ပတ်ဝန်း ကျင်တွင် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများထဲမှ အင်္ကျီအစိမ်း၊ လုံချည်အစိမ်းဝတ်ဆင်ထားလျက် သွေးအလိမ်းလိမ်း ဖြင့် မြေပြင်ပေါ်လဲကျ သေဆုံးနေ သော အမျိုးသမီး၏ပုံမှာ ခွေးသုံး ကောင်၏ သခင် မဝါဝါစန်းပင်ဖြစ် သည်။

ထိုခွေးသုံးကောင်ကို တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရသူများအား သွားရောက်ခေါ်ဆောင်သည့် လူ မှုရေးအဖွဲ့များက စတင်တွေ့ခဲ့ ခြင်းဖြစ်သည်။

‘‘ဘာတွေ ဖြစ်သွားတာလဲ ဆိုတာလည်း သူတို့သိမှာမဟုတ် ဘူး။ သခင်လည်း မရှိဘူး။ ကျွေး မယ့်သူလည်း မရှိဘူး’’

လတ်တလော လူသူမနေရဲ တော့ဘဲ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နေရာတွင် ပိုင်ရှင်မဲ့ ကျန်ရစ်ခဲ့ သည့် ခွေးသုံးကောင်ကို တွေ့ခဲ့ သော မူဆယ်မြို့ ကရုဏာလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦး သောင်းထွန်းက ခွေးသုံးကောင် အဖြစ်ကို ပြောသည်။ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တွင် တိုက်ပွဲအချို့အတွင်း ထိခိုက် သူအရပ်သားများကို ဒေသတွင်း အခြား ပရဟိတအဖွဲ့များကဲ့သို့ ကူညီကယ်ဆယ်မှုကြောင့် ရှမ်း ပြည်နယ်အစိုးရ၏လူမှုထူးချွန်ဆု ရရှိထားသူ ကရုဏာအသင်း၏ ပဲ့ကိုင်ရှင် ဦးသောင်းထွန်းက ခွေးသုံးကောင်၏ ဓာတ်ပုံရိုက်ယူခဲ့ သည်။

‘‘သုံးကောင်အတူတူနေကြ တာ။ သနားတော့ သနားတယ် ဗျ။ ဒါပေမဲ့ လူတွေမှာလည်း သူတို့ ထက် အရေးကြီးတဲ့ဟာတွေ ရှိ နေတော့လေ။ သူတို့ကို ဘယ်သူ မှ ဂရုမစိုက်နိုင်ကြဘူး’’ဟု ၎င်းကပြောသည်။

ဦးသောင်းထွန်း အပါအဝင် ဒေသခံလူမှုရေးအဖွဲ့များက နှစ် ဖက်ပစ်ခတ်မှုဖြစ်သည့် နေရာအနီးသို့ မေလ ၁၂ နှင့် ၁၃ ရက် နှစ်ရက်ဆက်သွားရောက်ခဲ့ရာ သခင်မရှိတော့သော တဲအိမ်ရှေ့တွင် ခွေးသုံးကောင်ကို နှစ်ရက်စလုံးတွေ့ခဲ့သည်။ အရွယ်ရောက်နေပြီးသော ခွေးသုံးကောင်အနက် တစ်ကောင်သည် သူ၏အနီးသို့ လူလုံးဝအကပ်မခံဘဲ ခပ်ဝေးဝေးတွင်သာနေပြီး ကျန်နှစ်ကောင်သည် အစာခွက်အနီး ငေးငေး ငိုင်ငိုင်ဖြင့် ရှိနေသည်။

‘‘သူတို့မှာလည်း ခံစားချက် တော့ ရှိတာပဲလေ။ တိုက်ပွဲဖြစ်တဲ့ မနက်ကလည်း အဲဒီနားမှာ ငုတ်တုတ်ပဲ။ နောက်ရက်သွားတော့ လည်း အဲဒီနားမှာ ငုတ်တုတ်ပဲ’’ဟု ဦးသောင်းထွန်းကပြောသည်။

လူ ၂၀ သေဆုံးခဲ့သော ဆိုး ရွားသည့် ယင်းဖြစ်ရပ်ကြောင့် ယခင်က လူအများအပြားနေခဲ့ သော နောင်ရမ်းဂိတ်ဝင်းတွင် မေလ ၁၄ ရက်အထိ လူတစ်ဦးမျှ ပြန်လည်နေထိုင်ခြင်း မရှိသေးပေ။ သို့သော် ခွေးသုံးကောင်သာ ၎င်းတို့၏သခင်အိမ်ကို စွန့်ခွာမသွားသေးဘဲ တဲအိမ်ပတ်ဝန်းကျင်တွင်ပင် မေလ ၁၄ ရက်အထိ ရှိ နေဆဲ...။


(ဓာတ်ပုံ − U Thaung Tun)

သခင်သေဆုံးသွားသည်ကို မသိဘဲ သူ့ထံ ပြန်လာလိမ့်နိုးဖြင့် ဘူတာရုံရှေ့တွင် နှစ်ပေါင်းများစွာစောင့်ဆိုင်းရင်း သေဆုံးသွားသောကမ္ဘာကျော်ခွေးလေး ဟာချီကို အကြောင်းကို မြန်မာနိုင်ငံတွင် လည်း ဟောလိဝုဒ်မင်းသား ရစ် ချက်ဂီရိ ပါဝင်သရုပ်ဆောင်ထား သော Hachi ဇာတ်ကားကြောင့် လူသိများသည်။

ခွေးလေး ဟာချီကိုအကြောင်း က ဂျပန်နိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀ က တကယ့်ဖြစ်ရပ်ဖြစ် သည်။ တိုကျိုမြို့၏ချီဘူရာဘူတာ ရုံရှေ့တွင် သခင်ပြန်အလာကို ကိုးနှစ်တိုင်တိုင်စောင့်ရင်း သေဆုံးသွားသောအခါ ၎င်း၏ပုံတူရုပ်တု ကို သစ္စာတရား၏ ပြယုဂ်အဖြစ် ဘူတာရုံလေးရှေ့တွင် စိုက်ထူဂုဏ်ပြုခြင်းခံရသော ကမ္ဘာကျော် ခွေးလေး။

ဟာချီကို၏သခင် တိုကျို တက္ကသိုလ်ပါမောက္ခ ဟီဒဲဆာဘူ ရိုယူအီနိုသည် အလုပ်သို့ ချီဘူရာ ဘူတာမှ ရထားဖြင့် ကျောင်းဖွင့် ရက်တိုင်း သွားစဉ် ခွေးလေး ဟာချီ ကိုက ဘူတာရုံအထိ လိုက်ပို့လေ့ ရှိသည်။ သခင်စီးသော ရထား ထွက်သွားမှ ဟာချီကိုက အိမ်ပြန် လာသည်။ ညနေ သခင်ပြန်လာ ချိန်တွင် ဘူတာရုံ၌ သွားကြိုသည်။ တစ်နေ့သောအခါ ပါမောက္ခယူ အီနိုသည် တက္ကသိုလ်၌ စာသင်ရင်း ဦးနှောက်သွေးကြောပြတ် သေဆုံးသွားရာ ယင်းဖြစ်ရပ်ကို မသိရှာသော ခွေးလေးသည် သခင်အား ထုံးစံအတိုင်း ဘူတာရုံသို့ သွားစောင့်နေခဲ့သည်။ သခင်စီး နေကျ ရထားကြီးသည် ဘူတာတွင် နေ့စဉ် အချိန်မှန် ဆိုက်ကပ်လာ သော်လည်း သခင်မှာပါမလာခဲ့။ ကိုးနှစ်တိုင်တိုင် ပြန်မလာနိုင် တော့သည့် သခင်ကို ဘူတာရုံ လေးရှေ့တွင် ဟာချီကိုက နေ့စဉ်မပျက် စောင့်မျှော်ရင်း ၁၉၃၅ မတ်လ ၈ ရက် အသက်(၁၁)နှစ်အ ရွယ်တွင် သေဆုံးခဲ့သည်။ ဂျပန်တို့က သစ္စာတရား၏ ပြယုဂ်အဖြစ် ဟာချီကိုလေးကို ချစ်ခင်ရင်း ၁၉၃၄ တွင် ဟာချီကို မသေဆုံးမီ မှာပင် ဘူတာ၌ ရုပ်တုပြုလုပ်ဂုဏ် ပြုခဲ့ကြသည်။

Akita အမျိုးအစား ဟာချီ ကိုအကြောင်းကို ရုပ်ရှင်ဇာတ် ကားများ၊ စာအုပ်များကြောင့် ကမ္ဘာတစ်ဝန်း လူသိများသလို ချီဘူရာဘူတာမှ ဟာချီကိုရုပ်တု မှာလည်း ခရီးသွားများ ဆွဲဆောင် ရာ နေရာဖြစ်လာသည်။

မူဆယ်မြို့နယ် နောင်ရမ်း စက်လှေဆိပ်မှ ခွေးသုံးကောင်မှာ သခင်တစ်ဦးနှင့် ပြန်ဆုံရန် အခွင့် အလမ်းရှိသော်လည်း ပြန်ဆုံရန် ခက်သွားလေပြီ။

အကြောင်းမှာ ကိုဝင်းဇော် အောင်သည် မိုင်းစထိမှန်မှု ကြောင့်ရသည့် အရိုးထိခိုက်ဒဏ် ရာကို မူဆယ်ဆေးရုံတွင် ခေတ္တ မျှ ကုသပြီးနောက် သေဆုံးသူ ဇနီး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကား အကူအညီဖြင့် သယ်၍ ၎င်း၏ဇာတိ စဥ့်ကူးမြို့နယ် မင်းရွာသို့ မေလ ၁၂ ရက် ညကတည်းက ပြန်သွားပြီဖြစ်သော ကြောင့်ပင်။ ပစ်ခတ်မှုအတွင်း မင်းရွာမှ လာရောက်အလုပ်လုပ် နေသူနှစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ပြီး ရုပ်အလောင်းနှစ် လောင်းနှင့်အတူ ဒဏ်ရာရသူအားလုံးကို နေရပ်ပြန်လည်ပို့ဆောင် ခဲ့ခြင်းဖြစ်သည်။ ကိုဝင်းဇော် အောင် အပါအဝင် မင်းရွာသား များသည် နောင်ရမ်းစက်လှေဂိတ် တွင် ကုန်ထမ်းသည့်အလုပ်ကို လာရောက်လုပ်ကိုင်နေခြင်း ဖြစ် ၏။

ဇနီးဖြစ်သူနှင့် လူလောကသို့ ပင် ရောက်ခွင့်မရလိုက်သော ရင် သွေးငယ်တို့ကို ၎င်း၏ ရှေ့မှောက်တွင်ပင် ဆုံးရှုံးခဲ့သည်ကို မြင်တွေ့ ခဲ့သော ကိုဝင်းဇော်အောင်သည် များစွာစိတ်ထိခိုက်သွားခဲ့သည်။ ပူဆွေးမှုများကြောင့် ဆေးရုံတွင်ကုသနေစဉ် တစ်ဦးတည်း ဆိတ် ဆိတ်နေကြောင်း မူဆယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း အချို့က ပြောသည်။

‘‘သူ စိတ်နာသွားပုံရတယ်။ သူ့ကို ငွေလှူတော့ သနားတဲ့ပုံစံ နဲ့ ဓာတ်ပုံမရိုက်ဖို့တောင် ပြော သွားတယ်။ ခွေးတွေအကြောင်း တော့ ပြောသံမကြားမိဘူး’’ဟု ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

ဇနီးနှင့် ရင်သွေး၏ အသက် ဆုံးရှုံးခဲ့သော မူဆယ်ဒေသသို့ ကိုဝင်းဇော်အောင် တစ်ယောက် နောက်တစ်ကြိမ် ပြန်လာ၊ မလာ မသေချာတော့ပေ။ သူတို့၏ ခွေး သုံးကောင်သည် လူ့လောက၏ရှုပ်ထွေးမှုများကို နားမလည်ဘဲ စစ် ၏ ဆိုးကျိုးကြောင့် ပိုင်ရှင်မဲ့ဖြစ် ကာ မည်သို့ဇာတ်သိမ်းမည်ကို မသိနိုင်ပေ။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစကတည်းက ယနေ့ အထိ ဖြစ်ပွားနေသည့် တိုင်းရင်း သားညီအစ်ကိုချင်း သတ်ဖြတ်နေသော စစ်ပွဲများက တန်ဖိုးရှိလှ သည့် နိုင်ငံ့သားကောင်းများစွာကို သေကျေစေခဲ့သလို မိသားစု ပေါင်းများစွာ သေကွဲကွဲစေခဲ့ သည်။ စစ်၏ဆိုးကျိုးကို လူများသာမက အထက်ပါ ခွေးသုံး ကောင်ကဲ့သို့ တိရစ္ဆာန်များစွာပင် ခံခဲ့ရ၊ ခံနေရဆဲဖြစ်သည်။

သို့သော် ခွေးသုံးကောင်က တော့ နောင်ရမ်းစက်လှေဆိပ်အ နီးရှိ တဲတစ်ခုရှေ့တွင် သူတို့၏ သခင်ကို စောင့်မျှော်နေဆဲဖြစ် လေသည်။         ။